ပုပ္ပားတောင်မကြီး ရေရှည်တည်တံ့စွာ သန့်ရှင်းသာယာ လှပရေးအတွက် ကဏ္ဍ ပေါင်းစုံမှ
ထိန်းသိမ်းသွားရန် လိုအပ်နေကြောင်း ပုပ္ပားတောင် ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်နေသော
အဖွဲ့အစည်းများနှင့် ဒေသခံများက ပြောသည်။
ပုပ္ပားမြို့နှင့် ပတ်ဝန်းကျင်မြို့နယ်များရှိ ဒေသခံများ မှီခိုအားထားနေရသော ပုပ္ပားတောင်မကြီး
သန့်ရှင်းသာယာရေး အတွက် အဆိုပါမြို့နယ်များရှိ ဒေသခံ များအား သဘာဝပတ်ဝန်းကျင်
ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ သစ်ပင် စိုက်ပျိုးခြင်းများ ပိုမိုလုပ်ဆောင်သင့်
ကြောင်း ပုပ္ပားတောင် ချစ်သူများအဖွဲ့မှ ကိုတိုးက ပြောသည်။
"ပုပ္ပားတောင်တစ်လျှောက် အမှိုက်ကောက်တာတွေ၊ သစ်ပင်တွေမပြုန်းတီးအောင် လိုက်ပြီး
ကာကွယ်တာမျိုးတွေကို လုပ်ဆောင်နေပါတယ်။ ဒေသခံတွေအတွက်လည်း ရွာတွေထဲကို
ဆင်းပြီး ပညာပေးတာမျိုး၊ ဟောပြောပွဲတွေ တက်ခိုင်းတာမျိုးတွေ လုပ်ဆောင်သွားဖို့
ရှိပါတယ်"ဟု ၎င်းက ပြောသည်။၊၊၊
ပုပ္ပားတောင်ကလပ် ဂေါပကဥက္ကဋ္ဌဦးကံလှကလည်း "ပုပ္ပားတောင်တစ်လျှောက်လုံးကို လူ
အင်အားများများနဲ့ အမှိုက်ကောက်ဖို့ အစီအစဉ်ရှိပါတယ်။ပြီးတော့ တောင်ကလပ်တစ်လျှောက်
မှာလည်း မျောက်တွေကများတော့ ခရီးသွားတွေ သူတို့ကြောင့် စိတ်အနှောင့်အယှက် မဖြစ်
ရအောင် ၀န်ထမ်းတွေကိုတိုးချဲ့ခန့်ထားပြီးတော့ စောင့်ရှောက်ဖို့အစီအစဉ်တွေလည်း ရှိ
ပါတယ်"ဟု ပြောသည်။
ထို့ပြင် ပုပ္ပားတောင်ပတ်ဝန်းကျင် တောင်ယာခုတ်ထွင် ရှင်းလင်းခြင်းမှာလည်း တောင်မကြီး
ထိခိုက်ပျက်စီးစေနိုင် သော အကြောင်းရင်းဖြစ်သည့်အပြင် အဆိုပါတောင်မကြီးအပေါ် မှီခို
နေရသော ဒေသခံများအတွက် ဘက်ပေါင်းစုံ အခက်အခဲ ဖြစ်သွားစေနိုင်ကြောင်း ၎င်းက
ပြောသည်။
"ပုပ္ပားတောင်ကို ဒီဒေသက မှီခိုအားထားနေရတယ်။ ဒေသခံတွေအနေနဲ့လည်း ငှက်ပျောပင်
စိုက်ဖို့ တောင်ယာ ရှင်းလင်းမှုတွေ လုပ်လာတယ်။ ခုတ်ပါများလာရင်တော့ တောပြုန်းမှာပဲ။
ဒီ တောင်ကြီး ပျက်စီးသွားမယ်ဆိုရင် ဒီတောင်ကို မှီခိုနေရတဲ့သူတွေ အခက်အခဲဖြစ်သွားမယ်။
အခုဆို ရာသီဥတု အခြေအနေတွေလည်း တော်တော်လေးပြောင်းလဲလာပြီ။ ဒီနှစ်ဆို မိုးရေချိန်
၂၃ လက်မပဲရတယ်။ တစ်နှစ်လုံး တောင်သူတွေ သီးနှံမဖြစ်ဘူး။ ဆေးမြစ်၊ ဆေးရွက်တွေလည်း
အရင်ကလောက်မရတော့ဘူး"ဟု ကိုတိုးက ပြောသည်။
ထို့ပြင် ပုပ္ပားတောင်မကြီး ပတ်ဝန်းကျင်တွင်လည်း တောင်မကြီး ပျက်စီးသွားစေနိုင်သော စက်ရုံ
များ တည်ဆောက်ခြင်းအားဖြင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဂေဟစနစ်များ ပျက်စီးသွား
စေနိုင်ခြင်း၊ ငှက်မျိုးစိတ်များ ပျောက်ကွယ်သွားစေနိုင်ခြင်းအပြင် ဒေသခံများ ၏စီးပွားရေး၊
ကျန်းမာရေးနှင့် အထွေ ထွေပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခြင်း တို့နှင့် ကြုံတွေ့နိုင်ကြောင်း
၎င်းက ပြောသည်။
"ဒီတောင်မကြီးနားမှာ ဘိလပ်မြေ အစားထိုး ပိုဇိုလန်စက်ရုံ တည်ပြီးတဲ့ နောက်ပိုင်းမှာ
တော်တော်ပျက်စီးသွား တယ်။ တောဧရိယာအနေနဲ့ ပြောရရင် သစ်ပင်တွေ တော်တော်
လေးနည်းသွား တယ်။ တောင်ပေါ်ရွာဘက်မှာဆိုရင် မြေကြီးတွေ အရမ်းတူးတာကြောင့်
မြေ အောက်ရေတွေ ခန်းခြောက်လာတယ်။
"စက်ရုံမတည်ခင်က ဒီပတ်ဝန်းကျင်တစ်ဝိုက်မှာ ငှက်ကလေးတွေ၊သားကောင်လေးတေ ွ
လာနေကျပေမယ့် နောက်ပိုင်းမှာ မတွေ့ရတော့ဘူး။ မျောက်တွေလည်း တော်တော်
လေးနည်းသွားတယ်။ စက်ရုံကထွက်တဲ့ အမှုန်တွေကြောင့် ဒေသခံတွေအနေနဲ့ ကျန်းမာရေး
ထိခိုက်ပြီးတော့ သစ်ပင်တွေလည်း စိမ်းလန်းမှု မရှိတော့ပါဘူး"ဟု ဆိုသည်။
ငါးရဲ့ကုန်းရွာမှ ဒေသခံ ကိုဝင်းဇော် ကလည်း "စက်ရုံကြောင့် ပုပ္ပားတောင်ရဲ့ သစ်တောတွေ
ထိခိုက်သလို၊ ကျွန်တော် တို့ဒေသခံတွေရဲ့ ကျန်းမာရေးနဲ့ စီးပွားရေးလည်း တော်တော်လေး
ထိခိုက်ပါတယ်။ ကျွန်တော်တို့က ပုပ္ပားတောင်ကြီးကို အများကြီး အားကိုးနေရတာပါ။
နောက်ပိုင်း ဒီလိုဖြစ်လာတော့ အင်မတန် ၀မ်းနည်းဖို့ ကောင်းပါတယ်။ ကျွန်တော်တို့ ဒေသခံ
တွေအနေနဲ့ ဒီတောင်ကြီးကို ကာကွယ်ထိန်းသိမ်းသွားဖို့ လိုအပ်နေပါပြီ"ဟု ပြောသည်။
ပုပ္ပားတောင်မကြီးမှာ အမြင့်ပေ ၄,၉၈၁ ပေနှင့် ပုပ္ပားတောင်ကလပ်မှာ အမြင့်ပေ ၂,၄၁၇ ပေရှိပြီး
နှစ်စဉ် ပြည်တွင်းခရီးသွားများနှင့် ပြည်ပဧည့်သည်ပေါင်း ၂၀,၀၀၀ နီးပါးလာရောက် လည်ပတ်
ကြကြောင်း သိရသည်။
















