ပဋိပက္ခဒေသသို့ တရုတ်နိုင်ငံသားများ သွားရောက်ခြင်း မပြုရန် တရုတ်အစိုးရ တိုက်တွန်း

ပဋိပက္ခဒေသသို့ တရုတ်နိုင်ငံသားများ သွားရောက်ခြင်း မပြုရန် တရုတ်အစိုးရ တိုက်တွန်း

မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံသားများအနေဖြင့် တိုက်ပွဲများဖြစ်ပွားနေသည့်
ပဋိပက္ခနယ်မြေသို့ သွားလာခြင်း ရှောင်ကျဉ်ရန် မန္တလေးမြို့၊ တရုတ်ကောင်စစ်ဝန်ရုံးမှတဆင့်
အသိပေး ထုတ်ပြန်ထားကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က
မတ် ၁၃ ရက်တွင် ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်
မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ
ရက်သတ္တပတ်ကျော် ကြာမြင့်လာချိန်တွင် တရုတ်အစိုးရတာဝန်ရှိသူများက ယခုကဲ့သို့
ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

"လက်ရှိစစ်ရေး အခြေအနေအရ တရုတ်နိုင်ငံသားများအနေနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းက
ပဋိပက္ခဧရိယာကို ခရီးသွားရောက်ခြင်း မပြုဖို့၊ အဲဒီမှာရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားများအနေနဲ့၊
အဲဒီကနေ ဘေးကင်းရာကို အမြန်ဆုံး ထွက်ခွာကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မန္တလေးမှာရှိတဲ့
ကောင်စစ်ဝန်ရုံးတို့က တိုက်တွန်းထားပါတယ်" ဟု ပြောခွင့်ရပုဂ္ဂိုလ် Hua Chunying က
ပြောကြားသည်။

ကိုးကန့်အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များက မတ် ၆ ရက်နံနက်အစောပိုင်းတွင်
လောက်ကိုင်မြို့အတွင်းရှိ အရပ်ဘက်အဆောက်အဦးများ အပါအဝင်၊ ယင်းဒေသရှိ ရဲနှင့် တပ်မတော်
စခန်းများကို ၀င်ရောက် တိုက်ခိုက်ခဲ့ရာ ဒေသခံ ၁၀ ဦးကျော် သေဆုံးခဲ့ပြီး၊ အလောင်း၂၀ ခန့်လည်း
တွေ့ရှိခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

လောက်ကိုင်နှင့် ကုန်းကြမ်းမြို့များတွင် ညမထွက်ရအမိန့်၊ ပုဒ်မ ၁၄၄ကို မတ် ၉ ရက်တွင်
ထုတ်ပြန်ခဲ့ပြီး၊ ည ၉ နာရီမှ မနက် ၆ နာရီအထိ အပြင်ထွက်သွားလာခွင့်နှင့် လူငါးဦးနှင့်အထက်
စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်းကိုလည်း တားမြစ်ခဲ့သည်။

"တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း ပဋိပက္ခတွေမှာ ပါ၀င်ပတ်သက် သူတွေအားလုံး
နယ်စပ်ဒေသ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရေးအတွက် တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့
အလေးအနက် တောင်းဆိုပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ တရုတ်နိုင်ငံသားများနဲ့
အဖွဲ့အစည်းများကိုလည်း ထိန်းသိမ်းစောင့်ရှောက်ဖို့ တိုက်တွန်းလိုပါတယ်" ဟု တရုတ်အစိုးရ
ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တရုတ်နိုင်ငံသို့
ရှောင်တိမ်းနေသည့် စစ်ဘေးရှောင် ဒုက္ခသည် နှစ်သောင်းကျော်ရှိကြောင်းနှင့် စစ်ဘေးရှောင်များကို
လူသားချင်း စာနာသည့် အကူအညီများ ပေးအပ်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက
သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော စစ်ရေး၊ နိုင်ငံရေးအကြောင်းအရာများ၊ တိုက်ပွဲအရှိန်
လျှော့ချရေးနှင့် ၂၁ ရာစုပင်လုံ ညီလာခံအရေးများအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊
အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်းကော်ရှင်းနှင့် ယူနန် ပြည်နယ် ကူမင်းမြို့တွင် မတ် ၁၄ ရက်က
တွေ့ဆုံဆွေးနွေးခဲ့သည်ဟု မြောက်ပိုင်း မဟာမိတ်အဖွဲ့က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တွေ့ဆုံပွဲတွင် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်နှင့် နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့သည့်
ပန်ခမ်းထိပ်သီးအစည်းအဝေးနှင့် သက်ဆိုင်သည့်ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း
အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လောက်ကိုင်နှင့် နှစ်နိုင်ငံနယ်စပ် ဆက်သွယ်ရေး လမ်းကြောင်းကို ပိတ်ဆို့ထားသည့်
ကိုးကန့်အဖွဲ့များကို တိုက်ခိုက်ခဲ့ပြီး၊ တပ်စခန်း အချို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော်က
သတင်းထုတ်ပြန်ထားပြီး၊ တိုက်ခိုက်မှုအတွင်း ကိုးကန့်အဖွဲ့ဝင်သုံးဦးနှင့် တပ်မတော်ဘက်က
အရာရှိစစ်သည်အချို့ ကျဆုံးခဲ့သည်ဟု ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး