ယခုနှစ် မန်ကျည်းသီးဈေးကွက်မှာ နိုင်ငံခြားတင်ပို့မှု ပိုမိုအားကောင်းလာသောကြောင့်
သိုလှောင်မှုများလည်း ပိုမိုပြုလုပ်လာကြကြောင်း ကျောက်ပန်းတောင်းမြို့ရှိ မန်ကျည်းသီး
ရောင်းဝယ်သူများက မြန်မာတိုင်း(မ်)ကို ပြောသည်။
"မနှစ်က စပြီးတော့ မန်ကျည်းသီးကို နိုင်ငံခြားက ၀ယ်ယူမှု ပိုမိုအားကောင်း လာတယ်။
နောက်ပြီး ဈေးလည်းတော် တော်တက်သွားတယ်။ မန်ကျည်းသီးမှည့် တစ်ပိဿာကို ကျပ်
၃,၅၀၀ လောက်ထိဖြစ်သွားတယ်"ဟု နှင်းနှင်းမန်ကျည်းသီးရောင်းဝယ်ရေးမှ ကိုအောင်ဟိန်း
က ပြောသည်။
မန်ကျည်းသီးကို ပါကစ္စတန်နိုင်ငံကအဓိကဝယ်ယူပြီး ဘင်္ဂလားဒေ့ရှ်၊ ထိုင်း နှင့် အင်ဒိုနီးရှား
နိုင်ငံများကလည်း အမြောက်အမြား ၀ယ်ယူကြောင်း၊ အစေ့ ထုတ်ထားသော မန်ကျည်းနှင့်
အစေ့ ထုတ်မထားသော မန်ကျည်းဟူ၍ နှစ်မျိုးရှိကြောင်းသိရသည်။
"ဒီနှစ်နောက်ပိုင်းမှာ အစေ့ထုတ်ပြီး မန်ကျည်းမျိုးကို စင်ကာပူက အဝယ်များ လာတယ်။
ဘင်္ဂလားဒေ့ရှ်ကိုတော့ ရခိုင် ဘက်ကနေထွက်တာများတယ်၊ နောက်ပိုင်းမှာ တရုတ်ကလည်း
မန္တလေးကနေ တစ်ဆင့်ဝယ်တယ်၊ ကျောက်ပန်းတောင်းကနေ တရုတ်ကိုတိုက်ရိုက်ရောင်းတာ
တွေ ရှိလာတဲ့အတွက်သိုလှောင်တာတွေလည်း တော်တော်များလာတယ်၊ မြန်မာနိုင်ငံက
မန်ကျည်းသီးက အချဉ်ဓာတ်ပိုများတော့ ပြည်ပကုန်သည်တွေက ကြိုက်ကြတယ်"ဟု
ကိုအောင်ဟိန်းက ပြောသည်။
ပြည်တွင်း မန်ကျည်းစားသုံးမှု အားမှာပြည်ပဝယ်လိုအားနှင့် နှိုင်းယှဉ်ပါက နည်းပါးနေပြီး
အသုံးပြုသည့် ကဏ္ဍများလည်း နည်းပါးနေသေးကြောင်း ကျောက်ပန်းတောင်း မြို့မှ မန်ကျည်း
သီး ကုန်သည်တစ်ဦးက ပြောသည်။
"မနှစ်က ပြည်တွင်းမှာ မန်ကျည်းတန်ချိန်သိန်း ၃၀၀ ထွက်တယ်၊ ပြည်ပ ၀ယ်လိုအားကတန်
သိန်း ၂၀၀ ရှိတယ်။ ပြည်တွင်း စားသုံးဖို့ကျန်တဲ့ တန်ချိန် သိန်းတစ်ရာတောင် ပြည်တွင်းမှာ
ကုန်အောင် မဖြုန်းနိုင်သေးပါဘူး"ဟု ၎င်းကပြောသည်။
ယခုနှစ်တွင် ပြည်တွင်းဈေးကွက် မန်ကျည်းအသား(အစေ့မပါ) တစ်ပိသာ လျှင်ကျပ် ရ၀၀ မှ
ကျပ် ၈၀၀ ထိသာရှိပြီး၊ ဈေးကွက်အနေအထားအရ မန်ကျည်းသီး လက်ကျန်များနေသေ
ကြောင်း ၎င်းက ပြောသည်။
"အသစ်ကလည်း ပေါ်ခါနီးနေတော့ ဈေးတက်ဖို့ အလားအလာလည်း သိပ်ပြီးမရှိနိုင်ဘူး၊
လာမယ့်နှစ်ရဲ့ သီးအားက တော့ ပုံမှန် လောက်ပဲ ရှိနေမယ်။ ဈေးကွက်အနေအထားအရ
အစပိုင်းမှာ အေးနေသေးပေမယ့် နောက်ပိုင်းမှာ ပြည်ပ ၀ယ်လိုအား ကောင်း နိုင်ပါတယ်"
ဟု ၎င်းက ဆိုသည်။
ကျောက်ပန်းတောင်းမြို့တွင်အစေ့ထုတ်ပြီး မန်ကျည်းကိုသာအများစုသိုလှောင်ကြပြီး၊
ပခုက္ကူမြို့တွင်မူ အစေ့ပါသည့် မန်ကျည်းသီးကိုသာ သိုလှောင်ကြကြောင်း သိရသည်။
"အစေ့ပါတဲ့ မန်ကျည်းကနောက်ပိုင်းမှာ အစေ့ပိုးထိုးတာတွေ ဖြစ်လာနိုင်တယ်၊ လူတော်တော်
များများက ကျောက်ပန်းတောင်းက မန်ကျည်းသီး အထွက်ဆုံးလို့ထင်နေကြတယ်။ အမှန်တော့
ကျောက်ပန်းတောင်းမြို့က ကုန်သည်တွေက တခြားမြို့က မန်ကျည်းသီးတွေကိုဝယ်ပြီး
ကျောက်ပန်းတောင်းမှာ လှောင်တယ် အဲဒီကနေတစ်ဆင့် ပြည်တွင်း၊ ပြည်ပကို ပြန်ပြီးဖြန့်
တယ်"ဟု၎င်းက ဆိုသည်။
မန်ကျည်းသီးကို ဆေးဖော်ရာမှာ လည်းကောင်း၊ ဟင်းချက်ရာမှာလည်း ကောင်း အများဆုံး
အသုံးပြုကြပြီး တချို့က မုန့်လုပ်ရာတွင်လည်းထည့်သွင်း အသုံးပြုကြကာ အစေ့ကိုတိရိ စ္ဆာန်
အစာအဖြစ် အသုံးပြုကြကြောင်း ကိုအောင်ဟိန်းက ပြောပြသည်။
မန်ကျည်းသီးကို မြန်မာပြည်အောက်ပိုင်းတွင် ဒီဇင်ဘာနှင့်ဇန်နဝါရီလများ၌ အစောဆုံးထွက်
ရှိပြီး မတ်လတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မန်ကျည်းသီးထွက်ရှိကြောင်း သိရသည်။
မန်ကျည်းသီး အများဆုံးထွက်သော နိုင်ငံမှာအိန္ဒိယနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံက ဒုတိယအထွက်
အများဆုံး ဖြစ်ကြောင်း၊ မန်ကျည်းသီးအဓိကအသုံးများသောနိုင်ငံမှာ မက္ကစီကိုနိုင်ငံဖြစ်ကြောင်း
သိရသည်။
















