ကျောက်မီးသွေး တူးဖော်ရေး ကုမ္ပဏီပိုင်ရှင်နှင့် အလုပ်သမားများအား ဖမ်းဆီးမှုကြောင့် ဒေသခံ ၄၀၀ ကျော် ဆန္ဒဖေါ်ထုတ်

ကျောက်မီးသွေး တူးဖော်ရေး ကုမ္ပဏီပိုင်ရှင်နှင့် အလုပ်သမားများအား ဖမ်းဆီးမှုကြောင့် ဒေသခံ ၄၀၀ ကျော် ဆန္ဒဖေါ်ထုတ်

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ ကျောက်မီးသွေးတူးဖော်ရေး ကုမ္ပဏီပိုင်ရှင်နှင့်
အလုပ်သမားများအား ရဲတပ်ဖွဲ့မှ ဖမ်းဆီး၍ တရားစွဲဆိုခြင်းအပေါ် ဒေသခံ ၄၀၀ ကျော်က
ယခုလ ၂၁ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

စိန်ခြည်လင်းကုမ္ပဏီပိုင်ရှင် ဦးစိန်လင်းနှင့် အလုပ်သမားများ ရှစ်ဦးအား ၂၀၁၆ခုနှစ် ဇွန်လပိုင်းက
မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှုးရုံးမှ ရဲအုပ်သက်နိုင်ဦးက မြန်မာ့သတ္ထုတွင်းဥပဒေကို ပြင်ဆင်သည့်
ဥပဒေ ပုဒ်မ ၃၀ (က)(၅) အရတရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်သူများသည် မင်းဘူးမြို့အဝိုင်းပါတ်လမ်းဆုံမှ မင်းဘူးမြို့မှ တရားရုံးအထိ စီတန်း၍
ကြွေးကျော်သံ ၅ ခုအား ကြွေးကျော်၍ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

“ဒီကဒေသခံတော်တော်များများက ကျောက်မီးသွေးလုပ်ငန်းကို မှီခိုကြရတာ၊ အခု ဦးစိန်လင်းနဲ့
အလုပ်သမားတွေကို ဖမ်းထားတာ ရှစ်လထဲရောက်သွားပါပြီ၊ ကုမ္ပဏီပိုင်ရှင်နဲ့ ရွာသားတွေကို
ဖမ်းထားတော့ သူတို့တွေမှာ လုပ်ကိုင်စားသောက်ဖို့ အစဉ်မပြေတဲ့အတွက် သူတို့က ၀ိုင်းဝန်းပြီး
ဆန္ဒပြကြတာပါ”ဟု စိန်ခြည်လင်းကုမ္ပဏီပိုင်ရှင် ဦးစိန်လင်း၏ ဇနီးဖြစ်သူ ဒေါ်သန်းသန်းဌေးမှ
ပြောသည်။

ဆန္ဒဖော်ထုတ်သူများသည် “မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တရားရုံးအားဖိအားပေးမှုများ
ချက်ခြင်းရပ်၊ တရားရေးမဏ္ဍိုင်မှန်ကန်စွာ တည့်မတ်ရေး၊ ဥပဒေနှင့်အညီလွတ်လပ်စွာ တရားစီရင်ရေး၊
တရားဥပဒေစိုးမိုးရေး၊ မတရားဖမ်းဆီးခံထားသူများ ချက်ခြင်းလွှတ်”ဟူသည့် ကြွေးကျော်သံများအား
ကြွေးကျော်ခဲ့ကြသည်။

“မကွေးတိုင်းဒေသကြီး မင်းဘူးစကုမြို့နယ်၊ ငဖဲမြို့နယ်၊ မင်းလှမြို့နယ်တွေမှာ ကျောက်မီးသွေး
လုပ်ကွက် မြောက်များစွာထဲကနေပြီးတော့ စိန်ခြည်လင်းကုမ္ပဏီတစ်ခုထဲသာ အခုလိုချုပ်နှောင်ခံရတဲ့
အတွက် ကျွန်တော်တို့ ဆန္ဒပြရတာပါ”ဟုဆန္ဒဖော်ထုတ်သူတစ်ဦးဖြစ် သူကျောက်မီးသွေးတူးလုပ်သား
ဦးသန်းဝင်း ကပြောသည်။

ကျောက်မီးသွေးလုပ်ကွက်များအကြား ခွင့်ပြုချက်မရှိဘဲ တူးဖော်နေသည့် ကိုဆန်းထွန်းလင်း
အပါအဝင်ဒေသခံ ၄ ဦးအား ရဲတပ်ဖွဲ့မှ တွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့မှစစ်ဆေးချက်အား တရားရုံးသို့
တရားစွဲဆိုတင်ပို့ခဲ့ခြင်းဖြစ်ပြီး၊ စိန်ခြည်လင်းကုမ္ပဏီပိုင်ရှင် ဦးစိန်လင်းအပါအဝင် ကိုးဦးအား
မြန်မာ့သတ္ထုတွင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၃၀(က)(၅)အရ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း
မင်းဘူးမြို့နယ်တရားရုံးမှ တရားသူကြီး ဦးဇော်မင်းမှ သတင်းထောက်များအား ယခုလ ၂၁ ရက်နေ့က
ပြောကြားသည်။

“ဒီနေ့ဆိုရင် ဒီအမှုကို အပြီးသတ် အမိန့်ချသွားဖို့အတွက် နှစ်ဘက်လျှောက်လဲချက်ကြားနာတဲ့အဆင့်
ရောက်နေပါပြီ၊ ဒီအမှုနဲ့ စပ်လျဉ်းလို့ ဒီနေ့အချိန်အထိ ကျွန်တော်မင်းဘူးမြို့နယ် တရားရုံးမှာ
ဖိအားပေးတာမျိုး မရှိပါဘူး၊ ကျွန်တော်ကိုယ်တိုင်လည်းပဲ လွတ်လပ်စွာပဲနှစ်ဘက် သက်သေပြချက်တွေ
ယူတယ် အမှုတွဲပေါ်ပေါက်ချက်တွေနဲ့ သက်သေခံချက်တွေအပေါ် မူတည်ပြီးတော့ပဲ ကျွန်တော်
လွတ်လပ်စွာပဲ စီရင်ဆုံးဖြတ်သွားမှာပါ”ဟု တရားသူကြီး ဦးဇော်မင်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး