ယမန်နှစ်က တစ်တန်လျှင် ကျပ် သိန်း၂၀ အောက်ထိ ရောက်ရှိခဲ့သော ကော်ဖီဈေးမှာ ယခုနှစ်
တွင်လည်း အကျဘက် သို့သာ ဆက်လက်ဦးတည် နိုင်ကြောင်း ကော်ဖီလုပ်ငန်းရှင်များက
ဆိုသည်။
ယခုနှစ်ဆန်းပိုင်းက တစ်တန်လျှင် ဒေါ်လာ ၂,၀၀၀ အထက်ရှိခဲ့သော ကော်ဖီဈေးမှာ ပြီးခဲ့
သည့် နို၀င်ဘာလ က တစ်တန်လျှင် ဒေါ်လာ ၁,၉၀၀ ထိ ကျဆင်းခဲ့သည့်အတွက် ယခုနှစ်
ကော်ဖီ ဈေးမှာလည်း ယမန်နှစ်ထက်ပင် ပိုမိုကျဆင်းနိုင်ကြောင်း မိုးထက် ကော်ဖီခြံမှ
ကော်ဖီပညာရှင် ဦးကျော်ဝင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
"တစ်နှစ်က ကော်ဖီဈေး အရမ်း ကောင်းခဲ့တယ်။ ဒါပေမယ့် ကော်ဖီ အကြောင်းနားမလည်တဲ့
တင်ပို့သူတွေ က အရည်အသွေးမကောင်းတာတွေ နိုင်ငံခြားကို တင်ပို့မိလို့ မနှစ်က ကော်ဖီ
ရာသီကျတော့ ဈေးတွေထိုးကျပြီး ဈေး ကွက်လည်း ပျက်သွားတယ်။ ဈေး ကောင်းခဲ့တဲ့
၂၀၁၀-၁၁ ရာသီတုန်းက မြန်မာမှာတင် တစ်တန်ကို အနည်းဆုံး ၃၂ သိန်းပေးဝယ်တယ်။
နိုင်ငံခြား အရောက်ဆို သိန်း ၄၀ လောက် ဖြစ်သွားတယ်။ ဒါပေမယ့် ပို့တဲ့ကော်ဖီက အရည်
အသွေးမကောင်းတော့ ဟိုဘက်က နောက်နှစ်ကျ မဝယ်ကြတော့ဘူး။
"မနှစ်က ကော်ဖီဈေးကျတဲ့အပြင် အများဆုံးဝယ်တဲ့ တရုတ်နိုင်ငံက ပြောင်းတို့၊ စပါးတို့၊ ကော်ဖီ
တို့ကို ၃၃ ရာခိုင်နှုန်း အခွန် စကောက်တယ်။ အဲဒီတော့ မနှစ်က တရုတ်ပြည်ဘက်ကို လုံးဝ
မပို့ရဘူး။ ဒီနှစ်အတွက် ကော်ဖီဈေးကတော့ မဖွင့်သေးဘူး။ ဒါပေမယ့် ခြံကြီးသမားတွေ
လက်ထဲမှာ မနှစ်ကကော်ဖီအဟောင်းတွေ အများကြီး ကျန်နေသေးတယ်။ အသစ်က လာမယ့်
ဇန်နဝါရီ၊ ဖေဖော်ဝါရီလောက်မှာ ထွက်တော့မယ်။ မနှစ်က ကော်ဖီဈေး ကျပေမယ့် ချယ်ရီ
ဈေးက တစ်ပိဿာကို ကျပ် ၄၀၀ နဲ့ ၅၀၀ ကြားရှိသေးတယ်။ ဒီနှစ်ရှမ်းမြောက်မှာ ချယ်ရီ
ဈေးက တစ်ပိဿာကို အမြင့်ဆုံးမှ ကျပ် ၃၅၀ ပဲ ရတာဆိုတော့ ဒီနှစ်လည်း ဈေးဆက်ကျ
နိုင်တယ်။ တော်သေးတာက ဒီနှစ် မိုးမရလို့ ကော်ဖီအထွက်နည်းတယ်"ဟု ဦးကျော်ဝင်းက
ဖြည့်စွက် ပြောသည်။
၂၀၁၀-၁၁ ကော်ဖီစိုက်ပျိုးရာသီက ဈေးကောင်းရရှိခဲ့သော မြန်မာ့ကော်ဖီ မှာ ယမန်နှစ်
၂၀၁၁-၁၂ ရာသီတွင် တစ်တန်လျှင် ကျပ် သိန်း ၂၀ အောက် ရောက်ရှိခဲ့ကာ ယခုနှစ်တွင်မူ
တစ်တန်လျှင် ကျပ် ၂၃ သိန်း၊ ၂၄ သိန်းသာ ပေါက်ဈေးရှိနိုင် ကြောင်း နားလည်သူများက
ခန့်မှန်းကြသည်။
ယင်းကြောင့် ကော်ဖီဈေးကွက် တည် ငြိမ်စေရန်နှင့် ကော်ဖီစိုက်ပျိုးသူများအား နည်းပညာပိုင်း
ကူညီပံ့ပိုးပေးရန် အဓိကထားပြီး ရှမ်းမြောက် ကော်ဖီစိုက်ပျိုး ထုတ်လုပ်တောင်သူများ
အသင်းကို နိုဝင်ဘာလ ၁၄ ရက်နေ့က စတင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
"ကော်ဖီဈေးကျတော့ တချို့ခြံတွေက အရှုံးခံပြီး ထုတ်ရောင်းကြတယ်။ကြာတော့ ကော်ဖီ
ဈေးကွက်က ပိုပျက်လာတယ်။ အသင်းကတော့ ကော်ဖီကို စိုက်ပျိုးသူနဲ့ ၀ယ်ယူသူ နှစ်ဖက်လုံး
အဆင်ပြေ တဲ့ဈေးနဲ့ ရောင်းနိုင်ဖို့ ဈေးကို ထိန်းညှိပေးသွားဖို့ စီစဉ်ထားပါတယ်။ ဒီနှစ်ရှမ်း ပြည်
နယ်မြောက်ပိုင်းက ကော်ဖီတွေက တချို့လည်း ရောင်းပြီးသွားပြီဆိုတော့ ဈေးကွက်တည်ငြိမ်
ရေးကို လာမယ့် ၂၀၁၃-၁၄ ကော်ဖီ ရာသီမှာမှ သေချာဆောင်ရွက်နိုင်မှာပါ"ဟု ရှမ်းပြည်နယ်
မြောက်ပိုင်း ကော်ဖီစိုက်ပျိုးထုတ်လုပ်တောင်သူများအသင်း၏ ဥက္ကဋ္ဌ ဦးကျော်ဝင်းက
ဆိုသည်။
မြန်မာ့ကော်ဖီကို တရုတ်နိုင်ငံအပြင် ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ်အစရှိသည့်နိုင်ငံများကလည်း
၀ယ်ယူလိုကြပြီး ယင်းနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေးအတွက်မူ အရည်အသွေးစစ်ဆေး
ထောက်ခံပေးသည့် အဖွဲ့တစ်ဖွဲ့ လိုအပ်နေကြောင်းလည်း သိရသည်။
"အရည်အသွေးစစ်ဆေးတဲ့ အဖွဲ့က ၀န်ကြီးဌာနနဲ့အပြင်က ပညာရှင်တွေ ပေါင်းလုပ်ရမှာပါ။
ပြည်ပကို တင်ပို့မယ့်ကော်ဖီတွေကို အဖွဲ့တစ်ဖွဲ့က နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ ညီမညီ အရည်
အသွေးစစ်ဆေးပြီး ထောက်ခံပေးမယ်ဆိုရင် မြန်မာ့ကော်ဖီက ပိုပြီးလမ်းပွင့်လာမှာပါ"ဟု ၎င်းက
ပြောသည်။
ပြင်ဦးလွင် ကော်ဖီစိုက်ပျိုးထုတ်လုပ် တောင်သူအသင်းကိုလည်း ယခုလ အတွင်း ဖွဲ့စည်းသွား
ရန် စီစဉ်လျက်ရှိပြီးနောက်ပိုင်းတွင် ရှမ်းမြောက်အသင်းနှင့်ပူးပေါင်းကာ ဈေးကွက် ရှာဖွေရေး
များကိုလည်း လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။
















