တရုတ်နှင့် အိန္ဒိယမှ ဝယ်လိုအားများနေသဖြင့် ကုလားပဲစျေး အတက်ကြမ်းနေ

တရုတ်နှင့် အိန္ဒိယမှ ဝယ်လိုအားများနေသဖြင့် ကုလားပဲစျေး အတက်ကြမ်းနေ

တရုတ်နှင့်အိန္ဒိယမှ ဝယ်လိုအားများနေသဖြင့် ကုလားပဲများအဝယ်လိုက်ကာ တစ်နေ့ထက်တစ်နေ့
စျေးနှုန်းအတက်ကြမ်းနေကြောင်း ပဲအရောင်းအဝယ်ပုလုပ်သူများက ယခုလ ၁၇ ရက်က ပြော
သည်။

ယခုလသည် ကုလားပဲထွက်သည့်အချိန်ဖြစ်သော်လည်း ဝယ်လိုအားများနေသဖြင့် ကုလားပဲများ
စျေးရလျက်ရှိကြောင်း စိုးဝင်းမြင့်ပွဲရုံမှ ဦးစိုးဝင်းမြင့်က ပြောသည်။

''ပုံမှန်ဆိုရင် ဒီလိုအချိန်တွေက ပဲတွေပေါတဲ့အချိန်ဖြစ်တဲ့အတွက် စျေးကမရပါဘူး။ အခုနှစ်တော့
တရုတ်နဲ့အိန္ဒိယက ဝယ်လိုအားများနေတဲ့အတွက် ကုလားပဲတွေ စျေးရရှိနေတာပါ။ အရောင်း
အဝယ်တွေလည်း ဖြစ်ကြတာများတယ်''ဟု ၄င်းက ပြောသည်။

အခြားကုလားပဲအမျိုးအစားများရှိသော်လည်း ကုလားပဲအဖြူအကြီးဖြစ်သည့် (V7) နှင့် (V2)
ကုလားပဲအဖြူကြီးများကို စျေးပေးပြီးဝယ်ယူနေကြောင်း၊ စျေးနှုန်းများကလည်း တစ်နေ့နှင့်တစ်နေ့
မတူညီဘဲ စျေးနှုန်းအတက်ကြမ်းနေကြောင်း ဦးစိုးဝင်းမြင့်က ပြောသည်။

''စျေးနှုန်းတွေကတော့ တစ်နေ့နဲ့တစ်နေ့ အတက်ပဲဖြစ်နေတယ်။ ဒီနှစ်မှာ ဖြစ်တာပါ။ အရင်နှစ်
တွေကတော့ ပုံမှန်ပါပဲ။ စျေးရတော့ တောင်သူတွေလည်း အဆင်ပြေတာပေါ့။ ပြည်တွင်းစားသုံး
ဖို့အတွက်လည်းရှိပါတယ်'' ဟု ၄င်းက ပြောသည်။

ယခင်နှစ်များက အရောင်းအဝယ် ပုံမှန်ဖြစ်သော်လည်း ယခုနှစ်တွင်အဝယ်လိုက်ပြီး စျေးနှုန်း
အတက်ကြမ်းမှုများ ဖြစ်ပေါ်နေကြောင်း၊ အများအားဖြင့် တရုတ်ကုန်သည်များ မန္တလေးမြို့ရှိ ပွဲစား၊
ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းအထိ နေ့စဉ်လာရောက်ဝယ်ယူလျက်ရှိကြောင်း
မြသဇင်ပွဲရုံနှင့်ဆီစက်မှ ဦးကြည်မောင်က ပြောသည်။

''ဒီနှစ်ကတော့ စျေးအရဆုံးနှစ်လို့ ပြောလို့ရပါတယ်။ နှစ်ဦးယှဉ်ပြိုင်ပြီးဝယ်တော့ စျေးရတာပေါ့။
အရင်က ပြည်တွင်းမှာရှိတဲ့ တရုတ်တွေပဲ အဝယ်များတယ်။ အခုနှစ်တော့ ပြည်ပက တရုတ်တွေ
က ပြည်တွင်းတရုတ်တွေနဲ့ပေါင်းပြီး တိုက်ရိုက်လာဝယ်တာတွေရှိပါတယ်။ တစ်နေ့ကိုလာရောက်
ဝယ်ယူတဲ့ဦးရေ ၁ဝ ဦး နဲ့၁၅ ဦး ကြားမှာရှိပါတယ်'' ဟု ၄င်းက ပြောသည်။

ကုလားပဲအဖြူအကြီး သုံးတင်းဝင်အိတ် (၅၇ ဒသမ ၂၅ ပိဿ     ) တစ်အိတ်ကို ယခုနှစ်ဇန်နဝါရီလ
လယ်က ကျပ် ၁၂ဝ,ဝဝဝ သာရရှိ ပြီး စျေးတက်လာသဖြင့် မတ် ၁၇ ရက်စျေးနှုန်းသည် တစ်အိတ်
ကို ကျပ် ၁၂၈,ဝဝဝ အထိ ရောက်ရှိနေကာ ဆက်လက်လည်း တက်နိုင်သေးကြောင်း ဦးစိုးဝင်း
မြင့် က ပြောသည်။

''အရင်နှစ်တွေက မူဆယ်ဘက်မှာ ကားလမ်းကျပ်တာတို့ တစ်ခုတစ်ခုဖြစ်ရင် စျေးတွေကျသွားတာ
များတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း မူဆယ်နဲ့လောက်ကိုင်ဘက်မှာ တိုင်းရင်းသားလက်နက်ကိုင်
တွေနဲ့ တပ်မတော်တို့တိုက်ပွဲတွေ ဖြစ်နေပေမဲ့ စျေးတွေကတော့ တက်နေပါတယ်။ အိန္ဒိယက
အဝယ်လိုက်တော့ တရုတ်ကလည်း စျေးလိုက်ပြီး ပေးနေတာပါ။ တစ်နေ့နဲ့တစ်နေ့စျေးနှုန်းတွေ
လည်း မတူညီပါဘူး''ဟု ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး