မန္တလေးမြို့ရဲ့ အိမ်ခြံမြေစျေးကွက်ကို မြို့သစ်မြေစျေးကွက်က အချိန်ကြာ ဆက်လက်ဦးဆောင်သွား
ဖွယ်ရှိတယ်လို့ အိမ်ခြံမြေအကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။
လတ်တလောမှာ အိမ်ခြံမြေစျေးကွက်ကို ခြံုငုံပြောရရင် အရောင်းအဝယ်က ထူးထူးခြားခြားသွက်
လက်ခြင်းမရှိသေးပေမဲ့ အလုပ်လုပ်ဖို့စဉ်းစားတဲ့အခါမှာတော့ မြို့သစ်ဧရိယာတွေကိုသာ အများစု
က စိတ်ဝင်စားမှုရှိနေကြတာကို တွေ့ရပါတယ်။ စျေးနှုန်းတန်းနဲ့ အိမ်မြေအကွက်အကွင်း ဖွံ့ဖြိုးမှု၊
ရှေ့အလားအလာ စတာတွေကို ထည့်သွင်းစဉ်းစားတဲ့အခါ မြို့သစ်ဧရိယာတွေဟာ အားသာချက်
တွေများနေတယ်လို့ အိမ်မြေအကျိုးဆောင်တချို့က ပြောပါတယ်။
အိမ်မြေစျေးကွက်ရဲ့ ရင်းနှီးမြှုပ်နှံလိုမှုအပိုင်းမှာတော့ အများစုက ရဲဝံ့မှုမရှိသေးပဲ အခြေအနေကို
စောင့်ကြည့်နေကြတာသာ များပါတယ်။ ဒီအနေအထားမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် စိတ်ဝင်စားရင်
လည်း မြို့သစ်ဧရိယာတွေမှာသာ မေးမြန်းစုံစမ်းမှု အများဆုံးရှိနေပါတယ်။
မြို့တွင်းနဲ့နှိုင်းယှဉ်ရင် မြို့သစ်ဧရိယာတွေမှာ နေရာလွတ်တွေ အများကြီးကျန်နေသေးတာကိုတွေ့ရ
ပေမယ့် လမ်းမတန်းက နေရာကောင်းတွေကတော့ အများစုက ကြိုက်စျေးမရရင် လက်ထဲမှာ
ဆက်လက်ဆုပ်ကိုင်ထားကြတာသာ များပါတယ်။ ဒါဟာ လတ်တလောမှာ အရောင်းအဝယ်ပါး
ပေမဲ့ မြေကို ခိုင်မာတဲ့ပစ္စည်းတစ်ခုအဖြစ် ယူဆကြတာကြောင့်ဖြစ်တယ်လို့ အကျိုးဆောင်တချို့က
ပြောပါတယ်။
အိမ်ခြံမြေစျေးကွက်မှာ စျေးနှုန်းတွေကျဆင်းလာတယ်ဆိုပေမဲ့ နေရာအကွက်အကွင်းကောင်းတဲ့
အိမ်ခြံမြေအများစုရဲ့ စျေးနှုန်းတွေက မာနေဆဲဖြစ်ပြီး အလောတကြီး ငွေလိုတဲ့ရောင်းလက်မျိုးဆီ
ကသာ လိုချင်တဲ့ စျေးနှုန်းတန်းနဲ့နီးစပ်အောင် အတတ်နိုင်ဆုံးညှိယူဖို့ မျှော်လင့်နိုင်ပါလိမ့်မယ်။
အဓိကအားဖြင့် အခွန်၊ ရာဖြတ်တန်ဖိုး သတ်မှတ်ချက်တွေကြောင့် စျေးနှုန်းမြင့်မားတဲ့ မြို့တွင်း
အိမ်ခြံမြေစျေးကွက်ဟာ မဖြစ်မနေအလုပ်လုပ်လိုသူတွေလောက်နဲ့သာ အလုပ်ဖြစ်ဖွယ်ရှိပါတယ်။
အဲဒီအစား စျေးနှုန်းအလယ်တန်းလို့ဆိုရမယ့် မြို့သစ်ဧရိယာထဲက နေရာကောင်းတွေဟာ
စျေးကွက်ပြန်သွက်လာခဲ့ရင် ခပ်သွက်သွက် အလုပ်လုပ်နိုင်မယ့် အနေအထားမှာရှိနေတာကြောင့်
အိမ်မြေစျေးကွက်စိတ်ဝင်စားသူအများစုကို တခြားဧရိယာတွေထက် ပိုဆွဲဆောင်နိုင်လိမ့်ဦးမယ်
လို့ အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။
















