ဒီတစ်ပတ်တော့ လူငယ်လူလတ်ပိုင်းတွေ စိတ်လွတ်လက်လွတ်သွားနိုင်မယ့် အစားအသောက်
ကောင်းတဲ့ကေတီဗီကိုပဲ ရွေးချယ်ဖော်ပြလိုက်ပါတယ်။
မန္တလေးမှာက လူစည်ကားတဲ့နေရာတွေမှာ စိတ်အပန်းဖြေဖို့ ကေတီဗီတွေ များမှများပါပဲ။ ဒါပေမဲ့
လည်း နေရာလည်းသန့်မယ်၊ အဲဒီမှာမှ ရွေးချယ်စရာအစားအသောက်များတဲ့ အစားအသောက်
ကောင်းတဲ့ကေတီဗီတွေကတော့ သူငယ်ချင်းတွေစုသွားဖို့ အသင့်တော်ဆုံးပါပဲ။
ရွှေဖြူပလာဇာက ဆိုပရာနိုကိုပဲ သူငယ်ချင်းအုပ်စုလိုက်သွားဖို့ ရွေးချယ်ခဲ့ပါတယ်။ ညနေခင်း အဲဒီ
ဆိုင်ကိုသွားရင်တော့ ဆိုင်ကယ်အပ်ရတဲ့နှုန်းက ကျပ် ၅ဝဝ ဖြစ်နေပြီး ပုံမှန်နှုန်းထက်များတာကို
တော့သည်းခံရပါလိမ့်မယ်။ ပထမဆုံး ကိုယ့်အုပ်စုနဲ့ အဆင်ပြေမယ့်အခန်းကို ရွေးချယ်ရမှာပါ။
ဒါပေမဲ့လည်း သွားရောက်ကြသူများတဲ့အတွက် သိပ်ရွေးချယ်ခွင့်မရပါဘူး။ ကြို တင်ဘွတ်ကင်
လုပ်မထားမိလို့လည်းဖြစ်နိုင်ပါတယ်။ ကျွန်မတို့ အုပ်စုရလိုက်တဲ့အခန်းက တစ်နာရီ ရ,ဝဝဝ တန် အခန်း ဖြစ်ပါတယ်။ ရောက်ရောက်ချင်း အစားအသောက်ကို မှာယူစားသောက်ဖြစ်ခဲ့ပါတယ်။
အများအားဖြင့် ဟင်းပွဲစျေးတွေကတော့ ၅,ဝဝဝ၊ ၆,ဝဝဝ ဝန်းကျင်ကနေ ပွဲကြီး ၁၂,ဝဝဝ ဝန်းကျင်
အထိရှိတာတွေ့ပါတယ်။ အသုပ်အမည် အမျိုးမျိုးရနိုင်တာ တွေ့ရနိုင်ပါတယ်။ ရှစ်ယောက်အုပ်စု
လိုက်သွားခဲ့တာဖြစ်တာကြောင့် ကိုက်လန်ခရုဆီတစ်ပွဲ၊ ဝက်ချဉ်စပ်ဟင်းတစ်ပွဲ၊ ပြည်ကြီးငါးသုပ်
တစ်ပွဲ၊ စွန်တန်ဟင်းချိုတစ်ပွဲနဲ့ ထမင်းအိုးတစ်အိုး မှာလိုက်ပါတယ်။
မီနူးမှာက အခြားဆိုင်တွေလိုပဲ အစားအသောက်နဲ့အတူ စျေးနှုန်းပါတွဲရက်ပါတာကြောင့် တွက်
ချက်မှာယူလို့ အဆင်ပြေပါတယ်။ အစားအသောက်အတွက် သိပ်အကြာကြီး မစောင့်လိုက်ရပါ
ဘူး။ ဟင်းအရသာတွေကတော့ အချဉ်အစပ်ကဲပါတယ်။ ပြည်ကြီးငါးသုပ်ကတော့ တခြားမန္တလေး
က နာမည်ကြီးစားသောက်ဆိုင်တွေလိုပါပဲ၊ လက်ရာကောင်းပါတယ်။ ကိုက်လန်ခရုဆီကလည်း
အတော်လေး အဆင်ပြေပါတယ်။ စွန်တန်ဟင်းချိုကတော့ အတော်လေးချဉ်ပါတယ်။ ချဉ်ဖြုန်းဖြုန်း
ကြိုက်တဲ့သူတွေအတွက် အသင့်တော်ဆုံးပါပဲ။
ထမင်းစားသောက်ပြီး အချိုတည်းဖို့အတွက် သီးစုံတစ်ပွဲကို ထပ်မံမှာယူ စားသောက်လိုက်ကြပါ
တယ်။ နှစ်နာရီစာ သီချင်းဆိုဖို့ရွေးချယ်အပြီး အစားအသောက်လည်းကောင်းတာကြောင့် အချိန်
ဘယ်လို ကုန်သွားမှန်းတောင် မသိလိုက်ရပါဘူး။ စုစုပေါင်း ကျပ် ၃ဝ,ဝဝဝ နီးပါးကျသင့်ပါတယ်။
အားလုံးတွက်လိုက်ရင် သင့်တော်တယ်လို့ ပြောနိုင်ပါတယ်။ အုပ်စုလိုက်သွားရောက်ဖို့ အဆင်
ပြေတဲ့ ရွှေဖြူပလာဇာက ဆိုပရာနိုကတော့ လူစည်ကားတဲ့ ရ၈ လမ်း အနီးမှာ တည်ရှိတာကြောင့်
လွယ်လင့်တကူ သွားရောက်နိုင်ပါတယ်။
















