၂ဝ၁၇ ခုနှစ်၊ မန္တလေးမဟာသင်္ကြန်ပွဲတော်တွင် သင်္ကြန်ရေကစားမဏ္ဍပ်များအတွင်း အလုံပိတ်
အခန်းများဆောက်လုပ်ခြင်းကို တင်းကျပ်စွာတားမြစ်ထားပြီး စည်းကမ်းချက် ဖောက်ဖျက်ဆောက်
လုပ်ပါက မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မတီ ဥပဒေအရ ထိရောက်စွာအရေးယူ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မတီတာဝန်ရှိသူများက ဆိုသည်။
''ဒီနှစ် မန်းသင်္ကြန်က ပြီးခဲ့တဲ့နှစ်တွေတုန်းကနဲ့ လုံးဝမတူကွဲပြားပါတယ်။ မန္တလေးသင်္ကြန်ကို
လာရောက်လည်ပတ်သူတွေပဲ ဖြစ်ဖြစ်၊ မန္တလေးမြို့သူမြို့သားတွေပဲဖြစ်ဖြစ် ခံစားရမယ့်ရသနှစ်မျိုး
ရမှာပါ။ ခေတ်သင်္ကြန်ကို ကဲချင်တဲ့သူတွေက ကျုံးရဲ့ အရှေ့ဘက်၊ မြောက်ဘက်နဲ့ အနောက်ဘက်၊
မြန်မာရိုးရာသင်္ကြန်ကို ဆင်နွှဲချင်သူတွေ၊ တိုင်းရင်းသားသင်္ကြန် ဆင်နွှဲချင်တဲ့သူတွေအနေနဲ့က
တောင်ဘက်ကျုံးမှာ ဆင်နွှဲ၊ မြန်မာရိုးရာသင်္ကြန်ရဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ဆောင်တဲ့သင်္ကြန်
ဆိုတော့ ရေကစားခွင့်ရထားတဲ့ သင်္ကြန်မဏ္ဍပ်တွေအနေနဲ့လည်း သရုပ်ပျက်ဝတ်စားဆင်ယင်
တာတွေ၊ သရုပ်ပျက်တေးသီးချင်တွေဖွင့်တာ၊ အထူးသဖြင့်မဏ္ဍပ်အတွင်းမှာ အဝတ်လဲခန်းဆိုပြီး
အလုံပိတ်အခန်းတွေ ဆောက်ထားတာတွေကို လုံးဝခွင့်မပြုပါဘူး။ မဏ္ဍပ်အတွင်းမှာ အိမ်သာက
လွဲပြီး အခြားအလုံပိတ်အခန်းတွေ မထားရပါဘူး။ စည်းကမ်းဖောက်ဖျက်သူတွေကိုတော့ ထိထိ
ရောက်ရောက်အရေးယူသွားပါမယ်'' ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊
ကော်မတီဝင်ဦးကျော်ဆန်းမြင့် (ခ) ဆရာကျော်ရင်မြင့်က မြန်မာတိုင်း(မ်) ကို ပြောသည်။
မန္တလေးကျုံးဘေးတွင် ယခုနှစ်သင်္ကြန်အတွက် မဏ္ဍပ်ဆောက်ခွင့်လေလံရရှိထားသူများအနေဖြင့်
မိမိတို့၏လေလံကို အခြားသူအား ပြန်လည်ရောင်းချခြင်းတွေ့ရှိပါက ၄င်းမဏ္ဍပ်ဆောက်ခွင့်လေ
လံကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အခွန်ဌာနမှူ းဦးဝင်းမောင်က ယခုလ ၁၇ ရက်က
ပြောသည်။
''မဏ္ဍပ်ဆောက်ခွင့်လေလံက အခုခေါ်နေတယ်။ လေလံခေါ်လို့ လေလံရသွားတဲ့သူက ကိုယ်တိုင်
မဆောက်ပဲ အခြားလူကို ပြန်ရောင်းတာမျိုးတွေ့ရင် မဏ္ဍပ်ဆောက်ခွင့်လေလံကို ပြန်လည်သိမ်း
ယူမယ်။ သတ်မှတ်တဲ့စည်းကမ်းကို ဖောက်ဖျက်တဲ့အတွက်လည်း ကြိုတင်ကြေညာထားတဲ့
စည်းကမ်းတွေနဲ့အရေးယူမယ်။ ပြီးရင် သူ့နေရာကို ပြန်လည်ရောင်းချပေးမယ်''ဟု ဦးဝင်းမောင်
က ပြောသည်။
မဏ္ဍပ်ဆောက်ခွင့်လေလံကို ခေါ်ယူနေပြီး လျှောက်ထားလိုသူများသည် လျှောက်လွှာနှင့်အတူ
စပေါ်ငွေ ကျပ်သိန်း ၂ဝ ကိုတစ်ပြိုင်နက်သွင်းရမည်ဖြစ်ကာ လေလံရရှိသူသည် မဏ္ဍပ်ဆောက်ခွင့်
ပြန်ရောင်းချမှုများ၊ သတ်မှတ်နေရာထက် ပိုဆောက်ခြင်းများ၊ သရုပ်ပျက်ဝတ်စားမှုများကို ခွင့်ပြု
ခြင်းများ၊ မဏ္ဍပ်မဆောက်ခြင်းများအပါအဝင် စည်းကမ်းချက် ၂၆ ချက်ထဲမှ တစ်စုံတစ်ခုကို
ဖောက်ဖျက်ပါက စပေါ်ငွေ သိန်း၂ဝ ကို စည်ပင်မှသိမ်းယူခြင်းများပါ လုပ်ဆောင်နိုင်ကြောင်း
ကြေညာထားသည်။
ပြီးခဲ့သည့်နှစ်များတွင် မန္တလေးကျုံးဘေး မဏ္ဍပ်ဆောက်ခြင်းကို မဲနှိုက်သည့်စနစ်ဖြင့် ချပေးသော်
လည်း ဘဏ္ဍာငွေပိုမိုရရှိနိုင်ရန်အတွက် ယခုနှစ်တွင် လေလံစနစ်ဖြင့် မဏ္ဍပ်ဆောက်ခွင့်ချထား
ပေးမည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်များတွင် မဏ္ဍပ်ဆောက်ခွင့်ပေါက်သူများက မိမိတို့ မဏ္ဍပ်
ဆောက်ခွင့် လက်လွှဲရောင်းချရာတွင် နေရာပေါ်မူတည် ပြီး ကျပ်သိန်း ၂ဝဝ ကျော်ထိရှိကြောင်း
ပြီးခဲ့သည့်သင်္ကြန်နှစ်များက မဏ္ဍပ်ဆောက်ခွင့်ရရှိသူများထံမှ သိရသည်။
''အခု လေလံစနစ်ဆိုတော့ ငွေကြေးတတ်နိုင်တဲ့လူကတော့ ဝင်ဆွဲပေါ့။ ပြီးရင် သူကိုယ်တိုင်ပဲ
ဆောက်။ အရင်ကဆို မဲဝင်နှိုက်ပြီးပေါက်ရင် ပြန်ရောင်းချတဲ့လူတွေများတော့ စျေးက ပိုများလာ
တယ်။ ဒီနှစ်တော့ ကျုံးအရှေ့ဘက်အခြမ်းက နေရာတွေဆိုရင် လေလံကြမ်းခင်းစျေးနှုန်းက
ကျပ်သိန်း ၁ဝဝ လောက်ရှိတယ်လို့ ကြားတယ်'' ဟု ယခုနှစ်သင်္ကြန်တွင် မဏ္ဍပ်ဆောက်ရန်စီစဉ်
နေသူကိုဖိုးသားထံမှ သိရသည်။
ယခုနှစ်သင်္ကြန်တွင် စည်းကမ်းလိုက်နာခြင်းမရှိသည့်မဏ္ဍပ်များ၊ ပုဂ္ဂိုလ်များ၊ ကုမ္ပဏီများအား
အမည်ပျက် (Black List) စာရင်းသွင်း၍ လာမည့်နှစ်များတွင် မဏ္ဍပ်ဆောက်လုပ်ခွင့်ပြုမည်
မဟုတ်ကြောင်း အခွန်ဌာနဌာနမှူ းက ဆိုသည်။
ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့်ရရှိထားသူများအနေဖြင့် မီးသတ်ပိုက်ခေါင်းများဖြင့် ရေပက်ခြင်း
မပြုရန် ရေပိုက်ခေါင်း အခု ၁ဝဝ ထက်ပိုပြီး ရေကစားခြင်းမပြုရန်နှင့် ရေကစားချိန်ကို နံနက် ၈
နာရီမှ ၁၂ နာရီ၊ ညနေ ၃ နာရီ မှ ၆ နာရီထိသာ ခွင့်ပြုထားပြီး မဟာသင်္ကြန်နှင့် မသက်ဆိုင်သော အရေးအသားများ၊ နိုင်ငံရေးအသွင်ဆောင်သော အရေးအသားများ လုံးဝခွင့်ပြုမည်မဟုတ်
ကြောင်းလည်း စည်းကမ်းချက်များတွင် ရေးသားဖော်ပြထားသည်။
ရေကစားမဏ္ဍပ်များတည်ဆောက်ရာတွင် မလွတ်ကင်းသည့် သစ်ပင်များကိုခုတ်ထွင်ရှင်းလင်း
ခြင်းမပြုရန်နှင့် တွေ့ရှိပါက တစ်ပင်လျှင် ဒဏ်ကြေး ကျပ် ၅ဝ,ဝဝဝ ပေးသွင်းရမည်ဖြစ်သည်။
မဏ္ဍပ်လုံခြံုရေးအတွက် စီစီတီဗီလုံခြံုရေးကင်မရာများကိုလည်း တပ်ဆင်သွားရမည်ဖြစ်သည်။
















