ပုဂံဘုရားများအနီးရှိ လမ်းများ ပြင်ဆင်ရန်အတွက် ရှေးဟောင်းဌာနထံမှ ကျပ်သိန်း ၅ဝဝ တောင်းခံထား

ပုဂံဘုရားများအနီးရှိ လမ်းများ ပြင်ဆင်ရန်အတွက် ရှေးဟောင်းဌာနထံမှ ကျပ်သိန်း ၅ဝဝ တောင်းခံထား

ပုဂံယဉ်ကျေးမှုဇုန် ဝင်ကြေးများထဲမှ ကျပ်သိန်း ၅ဝဝ ကို ပုဂံဘုရားများအနီးရှိ လမ်းများပြုပြင်ရန်
အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံ တင်ပြတောင်းခံ
ထားကြောင်း ပုဂံဒေသ ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးခင်မောင်နုက ယခုလ ၁၆ ရက်က
ပြောသည်။

''ကျပ်သိန်း ၅ဝဝ ကို ဒီလထဲမှာ ရရှိနိုင်မယ်ထင်တယ်။ ဒီလထဲမှာရရင်တော့ နောက်လမှာ စတင်
ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။ အဓိကထားပြီး ပြင်ဆင်မယ့်နေရာကတော့ ပုဂံဘုရားတွေအနီးက
လမ်းတွေကို အဓိကထားပြီး ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။ နောက်ပြီးရင်တော့ ရေမြောင်းတွေ၊
ရေကျော်မြောင်းတွေ လုပ်သွားမှာပါ''ဟု ဦးခင်မောင်နုက ပြောသည်။

ယဉ်ကျေးမှုဇုန်အတွင်း လာရောက်သည့်ခရီးသွားများထံမှရရှိသည့် ဇုန်ဝင်ကြေးများထဲမှ လေးရာ
ခိုင်နှုန်းကို ပုဂံဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုနိုင်သည့်အတွက် ယခုကဲ့သို့ တင်ပြတောင်းခံခြင်း
ဖြစ်ကြောင်းနှင့် ယခုတောင်းဆိုခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ၄င်းက ပြောသည်။

ပုဂံဒေသ ဖွံ့ဖြိုးရေးအသင်းအနေဖြင့် ဇုန်ဝင်ကြေးများထဲမှ လေးရာခိုင်နှုန်းကို ဘုရားများနှင့်ပတ်
သက်ပြီး အသုံးပြုနိုင်သော်လည်း၊ ပုဂံမြို့ပေါ်ရှိ ရပ်ကွက်ဖွံ့ဖြိုးရေးအတွက်ကို လုပ်ဆောင်ခွင့်မရှိ
ကြောင်း ဦးခင်မောင်နုက ပြောသည်။

''လတ်တလောအခြေအနေအရတော့ မြို့ပေါ်က ရပ်ကွက်တွေမှာ သုံးလို့မရသေးဘူး။ ဒါကြောင့်
ဘုရားတွေအနီးက လမ်းတွေပြင်တာမျိုး၊ နေရာလွတ်အကျယ် ရှိတဲ့နေရာမျိုးတွေမှာ ပြည်တွင်း
ပြည်ပက ခရီးသွားတွေနားလို့ရတဲ့ ပန်းခြံအသေးလေးတွေ ဆောက်တာမျိုးတွေ လုပ်ဖို့ရှိပါတယ်''
ဟု ၄င်းက ပြောသည်။

ပုဂံဒေသဖွံ့ဖြိုးရေးအသင်း တောင်းခံထားသည့် ကျပ်သိန်း ၅ဝဝ ကိုရရှိပါက ဘုရားများအနီးရှိ
မြေနီလမ်းများကို အဆင့်မြှင့်တင်ခြင်း၊ လမ်းဘေးသားများကို ကျောက်အကြီးများဖြင့် ကာရံခြင်း
များလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

''တောင်းခံထားတဲ့ငွေကို မကြာခင်ချပေးဖို့ရှိပါတယ်။ ဒီလထဲ ချပေးနိုင်ဖို့ရှိပါတယ်''ဟု ရှေးဟောင်း
သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူ းဦးအောင်အောင်ကျော်က
ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး