သတိ... လမ်းပေါ်တွင် လုယက်သူများ ရှိသည်

သတိ... လမ်းပေါ်တွင် လုယက်သူများ ရှိသည်

မန္တလေးမြို့ပေါ်တွင် လုယက်မှုများမှာ မကြာခဏဖြစ်ပေါ်နေသည်။ လုယက်မှုများသည် နေ့ရော
ညပါဖြစ်နေသည်။ လူပြတ်သည့်နေရာများတွင်သာမက လူစည်ကားသည့် နေရာများတွင်လည်း
ဖြစ်နေသည်။ ယုတ်စွအဆုံး မန္တလေးတိုင်းဒေသကြီးအစိုးရရုံးနှင့် လွှတ်တော်အနီးတွင်ပါ ဖြစ်နေ
သည်။

''အရင်တုန်းက အိမ်ပြန်ရင်နောက်ကျတတ်တယ်။ အခု အိမ်ကို အတတ်နိုင်ဆုံးစောပြန်တယ်။
ဘာလို့လဲဆိုတော့ အုပ်စုလိုက်ဝိုင်းရိုက်ပြီး ဆိုင်ကယ်လုတဲ့သူတွေရှိနေလို့''ဟု အောင်မြေသာစံ
မြို့နယ်တွင်နေထိုင်သူ ကိုကျော်သက်ထူးက ပြောသည်။

လုယက်သူများသည် လက်ကိုင်ဖုန်းအစ ရွှေဆွဲကြိုးအလယ် တန်ဖိုးကြီးဆိုင်ကယ်အဆုံး လုယက်
ကြသည်။ ယင်းသို့ လုယက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာများရရှိသည့်အပြင် လူသေဆုံးသည်
အထိဖြစ်ပေါ်ခဲ့သည်။ ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုဖြိုးပြည့်စုံသည် ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာ
လက သူငယ်ချင်းတစ်ဦးနှင့်အတူ ည ၁၂ နာရီ ကျော်ခန့်တွင် အိမ်သို့ပြန်လာစဉ် ၆၉ လမ်းနှင့် ၄၁
လမ်းအရောက်တွင် သူ၏ ကလစ်အမျိုးအစားဆိုင်ကယ်ကို ကားတစ်စီးက နောက်ကဝင်တိုက်ပြီး
လဲကျချိန်တွင် ကားပေါ်က လူနှစ်ဦးဆင်းလာကာ တုတ်များဖြင့် ဝိုင်းရိုက်၍ ဆိုင်ကယ်ကို လုယူသွား
ခဲ့သည်။

''ကျွန်တော်တို့က လူမှားပြီး ဝိုင်းရိုက်တာလို့ထင်နေတာ။ ဆိုင်ကယ်ယူသွားတော့မှ အလုခံလိုက်
ရမှန်းသိတာ။ ကျွန်တော်က လက်တွေအရိုက်ခံရပြီး သူငယ်ချင်းက မျက်ခုံးနဲ့ခေါင်းကွဲသွားတယ်''
ဟု ကိုဖြိုးပြည့်စုံက ပြောသည်။

လုယက်မှုများနှင့်ပတ်သက်၍ ရဲစခန်းသို့တိုင်ကြားသူများရှိသော်လည်း အချို့က ရဲစခန်းသို့တိုင်ကြား
သော်လည်း အကြောင်းမထူးဟုဆိုကာ အမှုမဖွင့်ဘဲနေသူများလည်းရှိသည်။ မတိုင်ကြားသူများ
ထဲတွင် ယခုနှစ်ဇန်နဝါရီလက လက်ကိုင်ဖုန်းအလုခံရသူ ကိုငယ်လေးလည်း အပါအဝင်ဖြစ်သည်။

''ကျွန်တော်က သိပ္ပံလမ်းပေါ်မှာ အလုခံလိုက်ရတာ။ လုတဲ့သူတွေနောက် လိုက်သေးပေမယ့်
သူတို့က လူလေးယောက်ဖြစ်တာရယ်၊ ကျွန်တော့်ဆိုင်ကယ်ကို လှမ်းကန်လိုက်တာရယ်ကြောင့်
ဆက်မလိုက်ဖြစ်တာပါ။ ကိုယ့်အတွက်လည်း အန္တရာယ်ရှိနိုင်လို့ပါ''ဟု ၄င်းက ဆိုသည်။

အလုခံရသည့်နေရာနှင့် အနီးဆုံးအမှတ် (၁၁) နယ်မြေရဲစခန်းသို့ သွားရောက်တိုင်ကြားသော်
လည်း ၄င်းတို့နယ်မြေ မဟုတ်သဖြင့် အခြားရဲစခန်းသို့ သွားရောက်တိုင်ကြားရန် လမ်းညွှန်ပေး
သည်ဟု ၄င်းက ပြောသည်။

''သူတို့က အခြားရဲစခန်းသွားဖို့ လမ်းတော့ညွှန်ပေးပါတယ်။ ဒါပေမဲ့ သွားလည်း ဘာမှထူးမှာ
မဟုတ်ဘူး။ ပြန်ရမယ်လို့ မယုံလို့ သွားမတိုင်တော့တာပါ''ဟု ကိုငယ်လေးက ပြောသည်။

ဆိုင်ကယ်ဖြင့်လိုက်လံလုယက်သူများကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်ဟု
ဆိုသော်လည်း အများပြည်သူ၏ ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် ဖမ်းဆီးရမိသော လုယက်သူအရေ
အတွက်မှာ မနည်းလှပေ။

ပြီးခဲ့သော မတ် ၅ ရက်က ချမ်းမြသာစည်မြို့နယ် အာရ်တီစီမီးပွိုင့်လမ်းဆုံအနီးတွင် ဖြစ်ပွားသော
ပိုက်ဆံအိတ်လုယက်မှုတွင် အများပြည်သူ၏ ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် အသက် ၂ဝ အောက်သာ
ရှိသေးသည့် တရားခံသုံးဦးကို ဖမ်းဆီးနိုင်ခဲ့သည်။

''ကျူးလွန်တဲ့သူတော်တော်များများက ပြစ်ချက်ဟောင်းရှိတဲ့သူတွေ မဟုတ်ဘူး။ အလုပ်အကိုင်
အခွင့်အလမ်းနည်းတဲ့အပေါ် မူတည်ဖြစ်တယ်။ တရားခံအများစုက အသက် ၃ဝ အောက်တွေ။
အလုပ်အကိုင် မည်မည်ရရမရှိတဲ့သူတွေများတယ်။ လုတာက ငွေရလွယ်တော့လုပ်ကြတာပေါ့''ဟု
မန္တလေးခရိုင်ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် လူဦးရေနှစ်သန်းနီးပါးနေထိုင်ပြီး ခရိုင်ရဲတပ်ဖွဲ့အင်အားမှာ ၁,ဝဝဝ ကျော်သာရှိ
သဖြင့် ရဲတစ်ယောက်လျှင် ပြည်သူ ၁,၅ဝဝ ကျော်ကို ကာကွယ်စောင့် ရှောက်နေရသည်။ လူဦးရေ
သိပ်သည်းပြီး ရဲတပ်ဖွဲ့ဝင်အင်အားနည်းပါးမှုသည် မှုခင်းများပိုမိုဖြစ်ပွားရသည့် အကြောင်းရင်း
တစ်ရပ်ဖြစ်သည်ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။ ထို့ကြောင့် လုယက်မှုများ
လျော့နည်းကျဆင်းရေးအတွက် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ၄င်းက
မေတ္တာရပ်ခံသည်။

လုယက်မှု ကျူးလွန်ခံရသူအများစုသည် အမျိုးသမီးများဖြစ်သည့်အတွက် သွားလာလှုပ်ရှားဆောင်
ရွက်ရာတွင် အဖိုးတန်ပစ္စည်းများ ဝတ်ဆင်သွားလာခြင်း၊ ပစ္စည်းများသယ်ယူရာတွင် အဖိုးတန်
ပစ္စည်းများ၊ ပိုက်ဆံအိတ်များကို အလွယ်တကူယူဆောင်ခြင်းမပြုဘဲ သတိပြုသွားလာရန် ၄င်းက
အကြံပြုသည်။

ဓားထောက်လုယက်မှုများ၊ ရိုက်နှက်လုယက်မှုများလည်း ဖြစ်ပွားတတ်သဖြင့် သမီးရည်းစားများ
လူရှင်းသော၊ လူပြတ်သောနေရာများတွင် ညအချိန်မတော် ချိန်းတွေ့ခြင်းများမပြုရန် ၄င်းက
ဆိုသည်။

''လှည့်ကင်း၊ ရပ်ကင်းတွေကို ဖြစ်နိုင်ခြေများတဲ့နေရာတွေမှာ ထားပေမဲ့ တစ်ခါတလေကျတော့
မထင်မှတ်တဲ့နေရာတွေမှာ ဖြစ်သွားတတ်တယ်။ ကြံုသလို လုပ်သွားတတ်တယ်။ ရဲက နေရာတိုင်း
မရှိတဲ့အခါကျတော့ လုပ်သွားတဲ့အချိန်မှာ ရဲက နောက်ကျတာတွေ အများကြီး။ လိုက်ပေမဲ့ ဒီကောင်
တွေက ပြေးသွားကြပြီ''ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

မန္တလေးခရိုင် ရဲတပ်ဖွဲ့၏ စာရင်းများအရ ၂ဝ၁၅ ခုနှစ်အတွင်း လုယက်မှု ရ၁ မှု ဖြစ်ပွားခဲ့ပြီး ၂ဝ၁၆
ခုနှစ်အတွင်း ၈၈ မှုအထိ ဖြစ်ပွားခဲ့ရာ လုယက်မှုအရေအတွက်မှာ တက်လာခဲ့သည်။ ၂ဝ၁၇ ခုနှစ်
အတွင်း၌လည်း လုယက်မှုများ နေ့စဉ်နီးပါး ဖြစ်ပွားနေဆဲဖြစ်သည်။

''ကိုယ့်အသိမိတ်ဆွေ တော်တော်များများက အလုခံလိုက်ရတော့ ကိုယ်လည်း အပြင်ထွက်ရင်
စိတ်က မလုံခြံုတော့ဘူး။ ဒါကြောင့် အပြင်ထွက်ရင် ပိုက်ဆံအိတ်ကို ပေါင်ကြားညှပ်ချင်ညှပ်ထား
တယ်။ ဒါမှမဟုတ် ဆိုင်ကယ်တူးဘောက်ထဲ ထည့်ချင်ထည့်ထားတယ်''ဟု ကုမ္ပဏီဝန်ထမ်းအမျိုး
သမီးတစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး