ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲအပြီး ငါးရက်ကြာ အချက်ရှစ်ချက်ပါ ကြေညာချက်ထုတ်ပြန်

ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲအပြီး ငါးရက်ကြာ အချက်ရှစ်ချက်ပါ ကြေညာချက်ထုတ်ပြန်

ငြိမ်းချမ်းချစ်ကြည်စွာ ထာဝစဉ်ယှဉ်တွဲနေထိုင်ကြသည့် ဘာသာပေါင်းစုံ ညီအစ်ကိုမောင်နှမများ
တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယခုလ ၁၈ ရက်နေ့က မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ပြီး
ငါးရက်အကြာတွင် အချက်ရှစ်ချက်ပါ ငြိမ်းချမ်းရေး သဘောထားကြေညာချက် တစ်စောင်ကို
ထုတ်ပြန်ခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲကို ဗုဒ္ဓဘာသာဆရာတော် သံဃာတော်များ၊ မြန်မာနိုင်ငံဒေသ အသီးသီးရှိ
ဘာသာပေါင်းစုံ ဘုန်းတော်ကြီးများ၊ ဂိုဏ်းအုပ်များ၊ ဘာသာရေးခေါင်းဆောင်များ၊ အစိုးရအဖွဲ့
၀န်ကြီးချုပ်အပါအဝင် လူမှုရေးအသင်းအဖွဲ့တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အဆိုပါကြေညာချက်၏ လေးချက်မြောက်တွင် 'လက်နက်နှင့် အကြမ်းဖက်ဖြေရှင်းသော
လုပ်ရပ်မှန်သမျှနှင့် မည်သူမဆို ချစ်ကြည်ရင်းနှီးမှုအား ပျက်ပြားစေပြီး အကျိုးထက် အပြစ်ကိုသာ
ဖြစ်စေတတ်သော အမုန်းစကားများဖြင့် ပြောဆိုတိုက်ခိုက်မှု မှန်သမျှအား ကန့်ကွက်ရှုံ့ချပြီး
ပေါ်ပေါက်လာမည့် အခက်အခဲပြဿနာများ အားလုံးကို မေတ္တာတရားလက်ကိုင်ထားလျှက်
ငြိမ်းချမ်းသောနည်းဖြင့် ဆွေးနွေးညှိနှိုင်းစေလိုကြောင်း' အပါအဝင် ဘာသာပေါင်းစုံတို့၏
ငြိမ်းချမ်းရေးကို လိုလားရှေးရှုသည့် အချက်အလက်စုစုပေါင်း ရှစ်ချက်ကို ကြေညာချက်တွင်
ရေးသားထားသည်။

"အခုလို အခမ်းအနားမှာ ငြိမ်းချမ်းရေး အပြာရောင်အလံတွေကို မြင်တွေ့ရတာနဲ့ ငြိမ်းချမ်းရေးကို
ခံစားမိပါတယ်။ တက်ရောက်လာကြတဲ့ ဘာသာပေါင်းစုံက ပရိတ်သတ်ကို ကြည့်ပြီး
ကျေနပ်အားရမိတယ်။ ဒါက မန္တလေးမြို့နေလူထု ဘာသာပေါင်းစုံက ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်လိုတဲ့
လူထုကြီးက နည်းတာမဟုတ်ဘူးဆိုတာကို သိလိုက်ရတယ်။ အင်မတန်မှကို ပီတိဖြစ်ရပါတယ်၊
နောင်နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြတဲ့ မြို့ဆိုတာ
မန္တလေးမြို့လို့ ဂုဏ်ယူစွာနဲ့ပြောရမှာပါ" ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်
ဒေါက်တာဇော်မြင့်မောင်က အခမ်းအနားတွင် ပြောကြားခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့်အတကွ
ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆောင်များက ငြိမ်းချမ်းရေးနှင့် ပတ်သက်သော ဩဝါဒစကားများ
မြွတ်ကြားခဲ့ကြသည်။

"ဘာသာပေါင်းစုံဆွေးနွေးပွဲတွေက ဟိုးအရင်တုန်းကလည်း လုပ်ခဲ့ကြတယ်။ အခု တက်လာတဲ့
အစိုးရက ကျွန်တော်တို့အစိုးရဖြစ်တဲ့အတွက် အစိုးရအဖွဲ့ကလည်း ကူညီပေးမယ်။ ဒါကြောင့်
ပါတီကနေ ၀ိုင်းဝန်းကူညီကြတာပါ။ အခုကျင်းပတဲ့ပွဲကို ကော်မတီအနေနဲ့ ကျင်းပကြတာပါ။
ပါတီကနေလုပ်တာ မဟုတ်ပါဘူး" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီးဥက္ကဋ္ဌ
ဦးတင်ထွန်းဦးကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး