ငလျင်ဒဏ်ကြောင့် ပျက်စီးမှုကြီးမားခဲ့သည့် ပုဂံဘုရားများကို ဧပြီနောက်ဆုံးပတ်အတွင်း စတင်ပြုပြင်မည်

ငလျင်ဒဏ်ကြောင့် ပျက်စီးမှုကြီးမားခဲ့သည့် ပုဂံဘုရားများကို ဧပြီနောက်ဆုံးပတ်အတွင်း စတင်ပြုပြင်မည်

ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပုဂံယဉ်ကျေးမှုဇုန်အတွင်း
ဘုရား၊ စေတီများ ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့်အထဲမှ ပျက်စီးမှုကြီးမားခဲ့သည့် ဘုရားများကို
ဧပြီလနောက်ဆုံးပတ်အတွင်း၌ စတင်ပြုပြင်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်
အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က
ယခုလ ၂၃ ရက်နေ့ကပြောသည်။

"ပြည်တွင်း၊ ပြည်ပက ပညာရှင်တွေရဲ့ အကြံပြုချက်တွေနဲ့ ပြင်ဆင်သွားပါမယ်။ ယူနက်စကိုက
အကြံပြုချက်တွေလည်းပါတယ်။ ပြင်ဆင်မှု စလုပ်မယ့် အချိန်ကိုတော့ လာမယ့် ဧပြီလ နောက်ဆုံးပါတ်
အတွင်းလို့ သတ်မှတ်ထားပါတယ်။ ပြင်ဆင်ဖို့အတွက်လည်း အဆင်သင့်ဖြစ်နေပါပြီ" ဟု
၎င်းကပြောသည်။

ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်းက မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၏ အနောက်တောင်ဘက်
၂၁ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်
အတွင်းရှိ ဘုရားအဆူပေါင်း ၄၀၀ နီးပါးပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါဘုရားများထဲမှ
အကြီးစားပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ဘုရားအဆူ ၅၀ ခန့် ရှိသည့်အထဲတွင် လူသိများထင်ရှားသည့်
စူဠာမဏိ၊ ပြာသာဒ်ကြီး၊ လောကနန္ဒာ စသည့် ဘုရားများပါ၀င်နေသည်။

အဆိုပါပျက်စီးမှု ကြီးမားသည့် ဘုရားများကို လာမည့် ဧပြီနောက်ဆုံးပတ်အတွင်း၌ ပြင်ဆင်ခြင်း
လုပ်ငန်းများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပညာရှင်များနှင့်
ဆောက်လုပ်ရေးဌာနဘက်မှ ပုဂံဘုရားများပြင်ဆင်ရန်အတွက် သီးသန့်ဖွဲ့ပေးထားသည့်
အင်ဂျင်နီယာများ ပူးပေါင်းကာ ပြင်ဆင်ခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ငလျင်ဒဏ်ကြောင့်
ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဘုရားများကို ပြင်ဆင်ရန်အတွက် ပထမအဆင့်ဦးစားပေး၊ ဒုတိယအဆင့်
ဦးစားပေးနှင့် တတိယအဆင့်ဦးစားပေးဟု ခွဲခြားထားကြောင်းနှင့် အကြီးစားပျက်စီးမှုရှိသည့်
ဘုရားများကို ပထမအဆင့်ဦးစားပေးဟု သတ်မှတ်ထားကြောင်း ဦးအောင်အောင်ကျော် ကပြောသည်။

"အကြီးစားပြင်ဆင်မယ့် ဘုရားတွေထဲကမှ အချို့ဘုရားတွေက တစ်နှစ်လောက်နဲ့ ပြီးစီးနိုင်တယ်။
အချို့ဘုရားတွေကျ သုံးနှစ်လောက်ထိ အချိန်ယူပြီး ပြင်ဆင်ရမှာဖြစ်ပါတယ်"ဟု ဦးအောင်အောင်ကျော်
ကပြောသည်။

ပျက်စီးမှု ကြီးမားသည့်အတွက် အချိန်သုံးနှစ်ခန့် ယူပြီးပြင်ဆင်ရမည့် ဘုရားများတွင် စူဠာမဏိ၊
သဗ္ဗညု စသည့် ဘုရားများ ပါ၀င်နေကြောင်းနှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုနည်းပါးခဲ့သည့်
တတိယအဆင့် ဦးစားပေးဘုရား၂၂၄ ဆူကို ပြီးခဲ့သည့် နှစ်အတွင်းကပင် ပြင်ဆင်မှုများ
လုပ်ဆောင်ခဲ့ရာ၊ လာမည့် ဧပြီလပထမပတ်အတွင်း၌ ၂၂၄ လုံး ပြီးစီးမည်ဖြစ်သည်။

"မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ပျက်စီးနေတဲ့ ပုဂံဘုရားတွေကို မြင်ရတာ စိတ်မကောင်းဘူး။
အချိန်ယူပြီး ပြင်ဆင်တဲ့အခါမှာလည်း သေသေချာချာလေး လုပ်ပေးစေချင်တယ်။ ပုဂံဆိုတာက
မြန်မာနိုင်ငံရဲ့ တကယ့်ယဉ်ကျေးမှုတွေ စုဝေးရာနေရာလို့ ပြောရတယ်။ နောက်တစ်ခါ ပျက်စီးမှု
ဖြစ်တာမျိုးတွေ မမြင်ချင်တော့ဘူး" ဟု ညောင်ဦးမြို့ခံ ဦးစိုးဝင်း ကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး