သင်္ကြန်မဏ္ဍပ်ချထားမှုမှ အမြင့်စျေးရရှိ၊ ရေပက်ခွင့် လက်မှတ်ခနှုန်းထားများကို သတ်မှတ်ချက်ပေးမထား

သင်္ကြန်မဏ္ဍပ်ချထားမှုမှ အမြင့်စျေးရရှိ၊ ရေပက်ခွင့် လက်မှတ်ခနှုန်းထားများကို သတ်မှတ်ချက်ပေးမထား

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ မန္တလေးကျုံးမျက်နှာစာ သုံးဖက်တွင်
သင်္ကြန်ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့်များကို ချထားပေးခဲ့ရာ စျေးနှုန်းအမြင့်များ ရရှိခဲ့ပြီး၊
ရေကစားမဏ္ဍပ်များမှ ရောင်းချမည့် ရေကစားခွင့် လက်မှတ်နှုန်းထားများကိုမူ သတ်မှတ်ချက်
ပေးမထားကြောင်း စည်ပင်သာယာအခွန်ဌာနမှ ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။

သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ခွင့်ကို ယခုလ ၂၃ ရက်က ရောင်းချခဲ့ရာ၌ ကျုံးအရှေ့ဘက်
၆၆ လမ်းပေါ်အတွက် ရေကစားမဏ္ဍပ် ရှစ်ခုကို နေရာအလိုက် ရောင်းချခဲ့ရာ ခြောက်ခုကို ရောင်းချ
ပြီးစီးခဲ့ပြီး ကျပ်သိန်းပေါင်း ၂, ၃၆ဝ ကျော် ရရှိခဲ့သည်။

အဆိုပါ ဆောက်လုပ်ခွင့်ရရှိသော ရေကစားမဏ္ဍပ်များ လိုက်နာရမည့် စည်းကမ်းများကို
သတ်မှတ်ထားသော်လည်း ရောင်းချမည့်ရေကစားခွင့် လက်မှတ်နှုန်းထားများကို
ကန့်သတ်မထားကြောင်း ဦးကျော်ဇောအောင်က ပြောသည်။

"မဏ္ဍပ်တွေရောင်းရမယ့် လက်မှတ်ခတွေကိုတော့ သတ်မှတ်ပေးမထားပါဘူး။ ကျန်တဲ့ မဏ္ဍပ်
နေရာတွေကိုလည်း အမြန်ဆုံးဆက်ရောင်းသွားပါမယ်" ဟု ဦးကျော်ဇောအောင်က
ယခုလ ၂၄ ရက်တွင် ပြောသည်။

ရေကစားမဏ္ဍပ်များကို ယခင်နှစ်က မဲစနစ်ဖြင့် ချထားခဲ့သော်လည်း ယခုနှစ်တွင်
အိတ်ဖွင့်လေလံစနစ်ဖြင့် ယှဉ်ပြိုင်စေခဲ့သည်။

ယခင်က ကျုံးလေးဖက်လေးတန် နေရာချပေးခဲ့သော်လည်း ယခုနှစ်တွင် ကျုံးတောင်ဘက် ၂၆ လမ်းကို
လမ်းလျှောက်သင်္ကြန်အဖြစ် ပုံဖော်မည်ဖြစ်သည့်အတွက် စီးပွားရေးမဏ္ဍပ်များကို ချထားခြင်းမပြုပဲ
ကျန်ကျုံး သုံးဖက်တွင်သာ ချထားပေးမည်ဖြစ်သည်။

"ကျုံးအရှေ့ဘက်အတွက် ရောင်းချခဲ့တဲ့ ရေကစားမဏ္ဍပ်ခြောက်ခုထဲမှာ နေရာကောင်းရသွားတဲ့
Maritime ရေကစားမဏ္ဍပ်က ကျပ်သိန်း ၅၄ဝ ကျော် အများဆုံးပေးခဲ့ပါတယ်။ အနည်းဆုံးက
ငွေကျပ်သိန်း ၂၅ဝ ကျော်ရခဲ့ပါတယ်။ ကျန်တဲ့ ကျုံးအနောက်ဘက် လမ်း ၈ဝ နဲ့ မြောက်ဘက်
၁၂ လမ်း မဏ္ဍပ်နေရာတွေအတွက် စျေးကိုက်ညီမှု မရှိသေးလို့ ပြန်နေရာချသွားမှာပါ"ဟု အခွန်ဌာန၊
ရာဖြတ်ဌာနခွဲမှူး ဦးသန်းထိုက်ကျော်က ပြောသည်။

Maritime ရေကစားမဏ္ဍပ်မှ တာဝန်ရှိသူတစ်ဦးက ယမန်နှစ်က ကျုံးတောင်ဘက်တွင် မဏ္ဍပ်လုပ်ခဲ့ပြီး
ကျပ်သိန်း ၄ဝဝ ဖြင့်နေရာရခဲ့ကြောင်း၊ သင်္ကြန်ရက်အားလုံး ကစားခွင့်အတွက် တစ်ဦးလျှင်
ကျပ် ၅ဝဝဝဝ သတ်မှတ်ခဲ့ကြောင်း၊ ယခုနှစ်အတွက်မူ စျေးနှုန်းမဆုံးဖြတ်ရသေးကြောင်း
မတ်လ ၂၄ ရက်တွင် ပြောသည်။

စည်ပင်သာယာမှ သင်္ကြန်မဏ္ဍပ်များ လိုက်နာရန် စည်းကမ်းချက် ၂ဝ ကျော်ကို သတ်မှတ်ထားရာတွင်
မဏ္ဍပ်များတွင် အရက်၊ ဘီယာ၊ စီးကရက်ကြော်ငြာများ မချိတ်ဆွဲရန်၊ စီစီတီဗီကင်မရာများ တပ်ဆင်ရန်၊
မဏ္ဍပ်လက်ပြောင်းမရောင်းချရန်၊ အာမခံငွေကျပ် သိန်း ၂ဝ ပေးသွင်းရန်၊ နံနက် ၈ နာရီမှ
၁၂ နာရီအထိနှင့် ညနေ ၃ နာရီမှ ၆ နာရီ အထိသာ ရကစားရန်အချက်များ ပါဝင်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး