ကြွေလွင့်နေတဲ့ နီညိုရောင် ရွက်ဝါတွေ၊သစ်ခြောက်ပင်တွေ၊ ဖုန်မှုန့်တွေနဲ့ အညာနွေရဲ့
နေအပူရှိန်က အနယ်နယ်အရပ်ရပ်ကနေ မန်းရွှေစက်တော်ရာဘုရားဖူးလာသူတွေကို
အနည်းနဲ့အများ အနေခက်စေနိုင်ပါတယ်။ သို့ပေမဲ့ ကြည်လင်အေးမြတဲ့ စမ်းချောင်းရေက
ဘုရားဖူးလာသူတွေကို အေးမြလန်းဆန်းစေမှာပါ။ တောင်ကုန်းမို့မို့တွေကြားမှာ ရစ်ခွေ
စီးဆင်းနေတဲ့ စမ်းချောင်းလေးဟာ အနောက်ရိုးမတောင်တန်းတွေကနေ ချောင်းဖျား
ခံစီးဆင်းလာပြီး ဘုရားဖူးလာသူ ကြီးငယ်မရွေးကို အေးချမ်းစေနိုင်ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးအတွင်းက မန်းရွှေစက်တော်ရာဘုရားပွဲတော်ဟာ
နှစ်စဉ်နှစ်တိုင်း နိုင်ငံအနှံ့က ဘုရားဖူးဧည့်သည်တွေကို ဆွဲဆောင်နေပါတယ်။
နွေရာသီပွဲတော်တစ်ခုဖြစ်တဲ့ မန်းရွှေစက်တော် ဘုရားပွဲတော်အချိန်ဟာ ဆယ်တန်း
စာမေးပွဲအပြီးကာလဖြစ်တဲ့အတွက် ပုံမှန်ထက်စည်ကားလေ့ရှိပါတယ်။မန်းရွှေစက်တော်ရာ
ကိုသွားတဲ့ အတက်အဆင်းများပြီး ကွေ့ကောက်ကောက်လမ်းမပေါ်မှာ ဘုရားဖူးကားတွေနဲ့
ပြည့်နှက်နေတတ်ပါတယ်။
''အခုနှစ်မှာ လာတဲ့ခရီးသွားအများစုက ကင်တာ၊ လိုက်ထရပ်လိုကားတွေနဲ့ လာတာများတယ်'' လို့
မန်းရွှေစက်တော်မှာ ဧည့်ကြိုလုပ်ငန်းကို လုပ်ကိုင်နေတဲ့ ကိုသန်းဝင်းက ပြောပါတယ်။
ကျေးရွာသူကျေးရွာသားတွေ ဟာ စုပေါင်းကားငှားပြီး ရွှေစက်တော်ဘုရား လာဖူးလေ့ရှိပါတယ်။
လိုက်ထရပ်ကားတစ်စီးကို လူတစ်ယောက်ကျပ် ၄,ဝဝဝ နှုန်းနဲ့အယောက် ၂ဝ လောက်စုပေါင်း
ငှားကြတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအကျော်ကတော့ ရွှေစက်တော်ဘုရားဖူးသွားမယ့်သူတွေဟာ
ဂျစ်ကားနဲ့ တီအီးကားလို ကုန်တင်ကားမျိုးတွေကို အသုံးပြုခဲ့ကြရပါတယ်။ ဒီနေ့ခေတ်မှာ
မကွေးမြို့ကနေ တစ်နာရီခွဲလောက်သာကားမောင်းချိန်ရှိတဲ့ ၃၈ မိုင်ရှိတဲ့ ရွှေစက်တော်ရာ
ဘုရားဖူးခရီးကို လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော်ကာလက ညအိပ်ခရီးသွားခဲ့ရတယ်လို့
အသက် ၆ဝ ကျော် လူကြီးတွေက ပြန်ပြောင်းပြောပြကြပါတယ်။
ယုံကြည်ကိုးကွယ်မှု၊ တန်ဖိုးထားမြတ်နိုးမှု၊ နှစ်သက်ပျော်ရွှင်မှုတွေ စတဲ့အကြောင်းအမျိုးမျိုးနဲ့
မန်းရွှေစက်တော်ဘုရားပွဲကိုနှစ်စဉ်လူပေါင်းများစွာ လာရောက်လေ့ရှိပါတယ်။ ယခင်နှစ်တွေက
တည်းခိုခန်းခတွေ စျေးများလေ့ရှိပေမဲ့ အခုနှစ်မှာတော့ သတ်မှတ်စျေးနှုန်းအတိုင်းသာ
ကောက်ခံခဲ့ကြပါတယ်။

ချောင်းရေစပ်မှာ ကွပ်ပစ်ထိုးထားပြီးချောင်းနဲ့ မျက်နှာခြင်းဆိုင်တဲ့တည်းခိုဆောင်အခန်းက
တစ်ခန်းကို ငွေကျပ်သုံးသောင်းကျသင့်မှာဖြစ်ပြီး ကုန်းတွင်းပိုင်းတည်းခိုဆောင်ခတွေကတော့
တစ်ခန်းကိုကျပ် နှစ်သောင်း ကျသင့်ပါတယ်။ ယခုနှစ်မှ ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ ဂေါပကအဖွဲ့သစ်က
ဒီစျေးနှုန်းအတိုင်း ကောက်ခံစေခဲ့တာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ တည်းခိုဆောင်စျေးတွေကို
တည်းခိုဆောင်တွေရဲ့ နေရာတိုင်းမှာရေးကပ် ထားပြီး မကြာသေးခင်ကပဲ ပိုမိုတောင်းခံတဲ့
တည်းခိုဆောင်ပိုင်ရှင်အချို့ကို ဂေါပကအဖွဲ့က အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မန်းစက်တော်ရာဘုရားပွဲကို ပြည်တွင်းဘုရားဖူးတွေသာမက နိုင်ငံခြားသားခရီးသွားတွေပါ
စိတ်ဝင်တစား လာရောက်ကြပါတယ်။ နိုင်ငံခြားသားခရီးသွားတွေကတော့မန်းချောင်းဘေးမှာ
ဝါးနဲ့ဆောက်ထားတဲ့ တဲလေးတွေမှာတော့ ညအိပ်အပန်းဖြေခွင့်ရမှာ မဟုတ်ပါဘူး။
လုံခြံုရေးအကြောင်းပြချက်နဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေဟာ မိုင်ပေါင်း ၃ဝ
ကျော်ဝေးတဲ့ မကွေးမြို့က ဟိုတယ်တွေဆီကို ပြန်အိပ်ကြရမှာပါ။
မန်းရွှေစက်တော်ရာဘုရားကို လာရောက်ဖူးမျှော်လည်ပတ်ကြသူတွေဟာ အထက်
စက်တော်ရာလို့ခေါ်တဲ့ တောင်ပေါ်မှာ တည်ထားတဲ့မြတ်စွာဘုရားရှင်ရဲ့ခြေတော်ရာကို ဖူးမြော်ရဖို့
တောင်တက်လမ်းကို ကားနဲ့သွားနိုင်ပါတယ်။ ရွှေစက်တော်သမိုင်းကြောင်းမှာပါတဲ့သိကြား
ပုန်းတောင်နဲ့ ရဟန္တာခြေတော်ရာကို အရောက်သွားမယ်ဆိုရင်တော့ တောင်တက်ဝါသနာပါသူတွေ
တောတောင်ရဲ့သဘာဝကို မြတ်နိုးတန်ဖိုးထားသူတွေ အနေနဲ့ အနီးအနားက တောတောင်တွေနဲ့
သဘာဝရှုခင်းတွေကို လေ့လာနိုင်မှာပါ။ နွေရာသီတွေဖြစ်တာကြောင့် မန်းရွှေစက်တော်ရာ
ဘုရားပတ်ဝန်းကျင်ဟာ နေ့အပူချိန်က ၃၅ ဒီဂရီစင်တီဂရိတ်ကနေ ၄၃ ဒီဂရီ စင်တီဂရိတ်အကြားမှာ
ရှိတတ်ပါတယ်။
ဘုရားပွဲတော်ကို အလည်လာတဲ့ ခရီးသွားဧည့်သည်တွေအနေနဲ့ ရွှေစက်တော်ဘေးမဲ့ကြိုးဝိုင်းမှာ
ထိန်းသိမ်းမွေးမြူထားတဲ့ ရွှေသမင်နဲ့ကြယ်လိပ်တွေကိုလည်း လေ့လာနိုင်ပါတယ်။ ဘုရားပွဲတော်ကို
မရောက်ခင်တစ်မိုင်ခန့်အလို ကားလမ်းဘေးမှာ သစ်တောဦးစီးဌာနရဲ့ ရွှေသမင်နဲ့ကြယ်လိပ်တွေကို
ပြသထားတဲ့ ခြံဝင်းကျယ်ကြီးကို တွေ့နိုင်ပါတယ်။
ရွှေစက်တော်ဟာ ခရီးသွားတွေကို အဓိကဆွဲဆောင်တာကတော့ အေးမြကြည်လင်တဲ့
ချောင်းရေမှာ လွတ်လပ်ပေါ့ပါးစွာ ရေကစားနိုင်ခြင်းပါပဲ။ ဒူးခေါင်းလောက်သာမြုပ်တဲ့
ချောင်းရေပြင်ရဲ့ အောက်ခြေမှာတော့ အရွယ်အစားစုံ၊အရောင်စုံ ကျောက်တုံးလေးတွေ
စီရီနေပါတယ်။ မကြာသေးမီနှစ်တွေကပဲ ရွှေစက်တော်ရာဘုရားနဲ့ ခုနစ်မိုင်လောက်အကွာမှာ
ဆည်တော်ဆိုတဲ့ အပန်းဖြေနေရာလေးတစ်ခု ထပ်တိုးပေါ်ပေါက်ခဲ့ပါတယ်။
ဆည်တော်ဟာ မင်းဘူးစကုမြို့နယ်၊ အိုင်းမဆည် အနီး၊ အိုင်းမကျေးရွာအုပ်စု၊ အိုးပျဉ်မည်းကျေးရွာ
ထိပ်မှာ တည်ရှိပါတယ်။ ဒူးဆစ်ခန့်သာနက်တဲ့ ချောင်းရေပေါ်မှာ စားသောက်ဆိုင်ခန်းတွေနဲ့
ဘန်ဂလိုပုံစံအဆောက်အအုံလေးတွေ ဆောက်လုပ်ထားပြီး ကြည်လင်တဲ့ချောင်းရေထဲမှာတော့
ချောင်းငါးလို့ခေါ်တဲ့ငါးလေးတွေကူးခတ်နေတာကို တွေ့နိုင်ပါတယ်။

ဆည်တော်ရဲ့ နာမည်အကြီးဆုံးအစားအစာကတော့ ဆီထမင်းနဲ့စာကလေးကြော်၊ တစ်ယောက်
စာပြင်ထားတဲ့ ဆီထမင်းနဲ့ စာကလေးကြော်ဟာဆည်တော်ကို ရောက်ရှိလာကြတဲ့ ခရီး
သွားတိုင်းရဲ့ပြောစမှတ်ပြုရာ စားသောက်ဖွယ်ရာဖြစ်ပြီး စျေးနှုန်းချိုသာခြင်းကြောင့်
စားသုံးကြသူလည်း များပြားလှပါတယ်။
''ဆည်တော်ကို လာရတာက ရွှေစက်တော်နဲ့ မတူဘူး၊ ရွှေစက်တော်မှာက ဘုရားပွဲတော်ဆိုတဲ့
သတ်မှတ်ချက်ရှိနေတယ်။ ဒီမှာကတော့ ချောင်းရေချိုးမယ်၊ အနားယူမယ်၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့
ကဲလို့ကောင်းတဲ့ နေရာတစ်ခုပါ'' လို့ မကွေးမြို့ကနေလာရောက်လည်ပတ်တဲ့ ကိုမင်းမင်းစိုးက
ပြောပါတယ်။
ရွှေဆည်တော်ကို အမှီပြုပြီးစားသောက်ဆိုင်နဲ့ တည်းခိုဆောင် လုပ်ငန်းလုပ်ကိုင်ကြသူတွေဟာ
အိုင်းမကျေးရွာအုပ်စုကလက်ပံတော၊ အိုင်းမ၊ အိုးပျဉ်မည်း ကျေးရွာဒေသခံတွေပါ။ သူတို့အတွက်တော့
ဒီလိုရာသီက ခရီးသွားဧည့်သည်အလာများတဲ့ စီးပွားရေးအဆင်ပြေတယ်ဆိုပေမဲ့ လာရောက်
လည်ပတ် အနားယူသူတွေအပေါ်မှာ အကျိုးအမြတ်များစွာယူခြင်း မရှိဘူးလို့ဆိုပါတယ်။
အညာနွေမှာ ချောင်းရေနဲ့အတူ အပန်းဖြေဖို့စိတ်ဝင်စားသူတွေအတွက် ဒီနှစ်မှာ နောက်ထပ်ရွေးချယ်
စရာနေရာတစ်ခုထပ်တိုးလာပါတယ်။ အဲဒီနေရာကတော့ ပုသိမ် မုံရွာကားလမ်းကနေ
မန်းရွှေစက်တော်ကို အသွားကားလမ်းဘေး ရွှေစက်တော်ဘုရားလမ်းခွဲမရောက်မီမှာ တစ်မိုင်ခန့်
အလိုမှာ မန်းချောင်းကိုဖြတ်သန်းရတဲ့ တံတားတစ်စင်းရှိပါတယ်။
အဲဒီတံတားအောက်က မန်းချောင်းသောင်ပေါ်မှာ ဥယျာဉ်ကျေးရွာဒေသခံတွေဖွင့်ထားတဲ့ အပန်းဖြေ
စခန်းနေရာလေးပါ။ စားသောက်ဆိုင်အချို့နဲ့ ထန်းရွက်မိုးတဲလေးတွေက အနားယူအပန်းဖြေလိုသူတွေ
အတွက်အိုအေစစ်လေးတစ်ခုပါပဲ။ အဲဒီနေရာကတော့ ဒီနှစ်မှ စဖွင့်တာဖြစ်တဲ့အတွက်
ဖြတ်သွားဖြတ်လာမြင်ရသူတို့ ခရီးတစ်ထောက်နားရာ နေရာလေးဖြစ်နေပါတယ်။
မန်းရွှေစက်တော်ရာ၊ ဆည်တော်နဲ့ ဥယျာဉ်ရွာ အပန်းဖြေစခန်းတွေက မန်းချောင်းကို အခြေတည်ပြီး
ဖွင့်လှစ်ထားတဲ့ ဘုရားဖူးအပန်းဖြေစရာ နေရာတွေပါ။ အညာဒေသကနေ ပူတယ်၊ ဖုန်ထူတယ်
ဆိုပေမဲ့ ဒေသတွင်း သဘာဝပတ်ဝန်းကပေးတဲ့ ချစ်စရာအမွေ အနှစ်တချို့ကတော့
ခရီးသွားတွေကို ဆွဲဆောင်မှု ရှိနေဆဲပါ။
















