စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လင်းနို့ဂူသစ်တောကြိုးဝိုင်းတွင် သဘာဝပတ်ဝန်းကျင်
အသိပညာပေးစခန်းပြုလုပ်ရန် သစ်တောဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ အသိပညာပေးစခန်းသည် ကန့်ဘလူမြို့နယ်အတွင်းရှိ လက်ကျန်သစ်တောများနှင့်
လက်ကျန်တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းရန် အနာဂတ်မျိုးဆက်များ သဘာဝပတ်ဝန်းကျင်နှင့်
နီးစပ်မှု ရှိစေရန်နှင့် သဘာဝအခြေပြုခရီးသွားလုပ်ငန်း တိုးတက်စေရန် ရည်ရွယ်ကြောင်း
အဆိုပါတာဝန်ရှိသူက ပြောသည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ ဇင်းတောင်ဝန်းကျင်တွင် လင်းနို့များနေထိုင်နေသော ဂူ ၄ဝ ခန့်ရှိပြီး
ယခင်က သားရိုင်းတိရစ္ဆာန်မျိုးစုံ တွေ့ရှိရသော်လည်း ယခုအခါ ဆင်ရိုင်းအုပ်စုများကိုသာ
တွေ့ရသည်ဟု စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိဖြစ်သူ ဦးသန်းဌေးက
ပြောသည်။
''ကန့်ဘလူမြို့နယ်ရဲ့ လက်ကျန်တောတွေကြောင့်ပေါ့။ လက်ကျန်တောနဲ့ တိရစ္ဆာန်တွေကို
ထိန်းဖို့လည်း ပါတာပေါ့ ''ဟု ဦးသန်းဌေးက အသိပညာပေးစခန်းဖွင့်ရသည့်အကြောင်းကို
ပြောသည်။
ယင်းသစ်တောကြိုးဝိုင်းရှိ ယခင်က သစ်ထုတ်လုပ်ရေးအတွက် အသုံးပြုခဲ့သည့် လမ်းကို
ပြန်လည်ပြုပြင်ပြီး အသိပညာပေးစခန်းတစ်ခုအတွက်လိုအပ်မည့် အခြားအခြေခံ
အဆောက်အအုံများကို ဆောက်လုပ်လျက်ရှိသည်ဟု ဆိုသည်။
သဘာဝပတ်ဝန်းကျင်အသိပညာပေးစခန်းကို လာမည့်နှစ် ပွင့်လင်းရာသီတွင်ဖွင့်လှစ်နိုင်ရန်
စီစဉ်ထားပြီး လက်ရှိတွင်ဆောက်လုပ်ရေးလုပ်ငန်းများလုပ်နေဆဲအခြေအနေသာ
ရှိသေးသည်ဟု စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက
ပြောသည်။ လင်းနို့ဂူဒေသတွင် လင်းနို့များ သန်းချီနေထိုင်ပြီး ဘူမိမျက်နှာပြင်အနေအထား
ထူးခြားသောကြောင့် ဘူမိရူပထူးခြားနယ်မြေအဖြစ်သတ်မှတ်နိုင်ရန် ဆောင်ရွက်နေ
သည်ဟုလည်း ၄င်းက ဆိုသည်။
ယင်းသစ်တောကြိုးဝိုင်းရှိ သဘာဝပတ်ဝန်းကျင်အသိပညာပေးစခန်းတွင် ညအိပ်
တည်းခိုနိုင်သည့် အဆောင်များ၊ သင်တန်းဆောင်၊ စာသင်ဆောင်နှင့် နားခိုဆောင်များ
ထည့်သွင်းတည်ဆောက်မည်ဖြစ်ပြီး လာရောက်လည်ပတ်သူများသည် တောင်တက်ခြင်း၊
လင်းနို့ဂူများကို ကြည့်ရှုနိုင်ခြင်း၊ ရှူးပျံအပါအဝင် အခြားတိရစ္ဆာန်များနှင့် သစ်ပင်မျိုးစိတ်များကို
လေ့လာခြင်းစသည့် သဘာဝပတ်ဝန်းကျင်နှင့် နီးစပ်စေသော လှုပ်ရှားမှုများ ဆောင်ရွက်နိုင်
မည်ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ လင်းနို့ဂူ သစ်တောကြိုးဝိုင်းသာမက မဟာမြိုင်သစ်တော၊
ချပ်သင်းဘေးမဲ့တောနှင့် ထမံသီဘေးမဲ့တောများတွင်လည်း သဘာဝပတ်ဝန်းကျင်
အသိပညာပေးစခန်းများဖွင့်လှစ်ရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်လျက်
ရှိသည်ဟု ဆိုသည်။















