သတ္တုနှင့်အကျိုးပြုပစ္စည်းပေါင်းများစွာပါဝင်နေသော ဝါးဖြင့်ထုတ်လုပ်သည့်မီးသွေးများကို ပြည်ပ
တင်ပို့ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းဥက္ကဋ္ဌ
ဦးကျော်ဝင်းက ယခုလ ၂၈ ရက်က ပြောသည်။
''ဝါးကနေ ထုတ်လုပ်တဲ့မီးသွေးတွေကို မကြာခင်ပြည်ပတင်ပို့ရောင်းချနိုင်ဖို့ လုပ်ဆောင်နေပါ
တယ်။ ဝါးကနေလုပ်တဲ့မီးသွေးကို ပြည်ပကိုရောင်းချမှာဖြစ်တဲ့အတွက် သေချာစိစစ်တာမျိုးတွေ
လုပ်ရမှာဖြစ်တယ်။ တွေ့ရာဝါးနဲ့ဖုတ်ပြီး မီးသွေးလုပ်လို့မရတဲ့အတွက် ဒေသခံတွေကို အသိပညာ
ပေးမှုတွေ လုပ်ဆောင်ရဦးမှာဖြစ်တဲ့အတွက် တင်ပို့မယ့်အချိန်ကိုတော့ လတ်တလောမှာ အတိ
အကျ ပြောလို့မရသေးပါဘူး'' ဟု ဦးကျော်ဝင်းက ပြောသည်။
ဝါးဖြင့်ထုတ်လုပ်သည့်မီးသွေးများကို အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံများသို့ တင်ပို့ရောင်းချ
နိုင်ရန်အတွက် ဝါးမီးသွေးနမူနာများကို သက်ဆိုင်ရာနိုင်ငံများရှိ ကုမ္ပဏီများထံပေးပို့ခဲ့ရာ ယခုလ
ပထမပတ်အတွင်းက အဆိုပါကုမ္ပဏီများမှ တာဝန်ရှိသူများက လာရောက်ပြီး ဝါးမီးသွေးဝယ်ယူ
ရန်နှင့်ပတ်သက်ပြီး ဆွေးနွေးမှုများလုပ်ဆောင်လာခဲ့ကြောင်း ၄င်းက ပြောသည်။
''သူတို့ဘက်က ဝါးမီးသွေးတွေကို ဝယ်ယူဖို့အတွက် လာရောက်ကမ်းလှမ်းလာပါပြီ။ ဒါပေမဲ့
ကျွန်တော်တို့က ကိုယ်နိုင်ငံဘက်က ဒေသခံတွေကို ဝါးမီးသွေးလုပ်ဖို့နဲ့ပတ်သက်ပြီး သင်တန်း
ပေးတာမျိုးတွေလုပ်ဆောင်ရဦးမှာဖြစ်လို့ ရောင်းချဖို့ အကြောင်းမပြန်လိုက်ရသေးပါဘူး''ဟု
ဦးကျော်ဝင်းက ပြောသည်။
ထို့ပြင် အိန္ဒိယနိုင်ငံမှ ကုမ္ပဏီတစ်ခုမှလည်း ဝါးမီးသွေးများကို ၄င်းတို့အားရောင်းချပေးရန်
ကမ်းလှမ်းမှုများရှိနေကြောင်းနှင့် ဝါးမီးသွေးများကို ပြည်ပသို့တင်ပို့ရောင်းချပါက တစ်ပိဿာ လျှင်
ကျပ် ၁ဝ,ဝဝဝ နှုန်းဖြင့်ရောင်းချနိုင်ရန် အကြမ်းဖျင်းသတ်မှတ်ထားကြောင်း ၄င်းက ပြောသည်။
ဝါးဖြင့်ထုတ်လုပ်သည့် မီးသွေးများမှ ရေသန့်စင်ခြင်း၊ ဓာတုဗေဒစွန့်ပစ်ပစ္စည်းများကို စုပ်ယူနိုင်
ခြင်းနှင့် သတ္တုနှင့်အကျိုးပြုပစ္စည်းပေါင်း ၄ဝဝ ကျော် ပါဝင်နေသည့်အတွက် အလှကုန်ပစ္စည်းများ၊
ဆေးဝါးနှင့်စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ထည့်သွင်းအသုံးပြုနိုင်သည်။ လက်ရှိ
အချိန်တွင် မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းမှ ဝါးမီးသွေးဖြင့် ထုတ်လုပ်သည့်ဆပ်ပြာကို အစမ်း
ထုတ်လုပ်နေပြီး မကြာမီပြည်တွင်းစျေးကွက်တို့ ရောင်းချနိုင်ရန် ဆောင်ရွက်နေကြောင်း
ဦးကျော်ဝင်းက ပြောသည်။
''နိုင်ငံတကာကို တင်ပို့ရောင်းချတာမျိုးတွေ လုပ်လာနိုင်မယ်ဆိုရင် ဒေသခံဝါးစိုက်တောင်သူတွေ
အတွက် စီးပွားရေးတွေ အဆင်ပြေစေနိုင်တာပေါ့။ အခုထိတော့ ဝါးမီးသွေးနဲ့ပတ်သက်ပြီး
အတိအကျတော့ သိတာမရှိသေးပါဘူး။ သင်တန်းပေးတာမျိုးတွေလုပ်ရင်တော့ ပိုမိုသိလာနိုင်ပါ
တယ်''ဟု မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်မှ ဝါးစိုက်တောင်သူတစ်ဦးက ပြောသည်။
နိုင်ငံတကာစျေးကွက်သို့ ထိုးဖောက်နိုင်ရန်အတွက် ဝါးမီးသွေးထုတ်လုပ်ပုံအဆင့်အဆင့်ဖြစ်သည့်
ဝါးစိုက်ပျိုးခြင်း၊ ဝါးများခုတ်ယူရာတွင်လည်း သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေးစသည်တို့ကို
ဒေသခံဝါးစိုက်တောင်သူများကို သင်တန်းပေးရန် စီမံချက်များရေးဆွဲနေကြောင်းနှင့် ဝါးမီးသွေး
ထုတ်လုပ်နိုင်သည့် ဝါးစေ့များကို ဒေသခံများ အလွယ်တကူဝယ်ယူနိုင်ရန်အတွက် ရောင်းချပေး
နိုင်ရန်ဆောင်ရွက်နေကြောင်း ဦးကျော်ဝင်းက ပြောသည်။















