သင်္ကြန်ကာလအတွင်း၌ လမ်းလျှောက်သင်္ကြန်ပြုလုပ်မည့် မန္တလေးမြို့ ကျုံးတောင်ဘက်အခြမ်းတွင်
တောင်းရမ်းစားသောက်သူများနှင့် စျေးသည်များကိုတွေ့ရှိပါက စည်ပင်သာယာဥပဒေအရ အရေး
ယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ရဲတပ်ဖွဲ့ ရဲမှူ းငြိမ်းချမ်းအောင်က ယခုလ
၂၇ ရက်က ပြောသည်။
''လမ်းလျှောက် သင်္ကြန်ဘက်ကိုလာရောက်လည်ပတ်တဲ့လူတွေများမှာ။ ပြည်ပကပါ လာရောက်
လည်ပတ်တဲ့ ခရီးသွားတွေပါရှိမှာ။ အဲဒီတော့ သပ်သပ်ရပ်ရပ်လေးဖြစ်သွားအောင် ဆောင်ရွက်ရ
တာပါ။ ဒီလိုအရေးယူမှုတွေ လုပ်မယ့်အကြောင်းကို ကြေညာထားပါတယ်။ ကြေညာထားတာကိုမှ
တွေ့ရှိရင်တော့ ကျွန်တော်တို့အနေနဲ့ စည်ပင်သာယာရေးဥပဒေတွေအရ အရေးယူဆောင်ရွက်ရ
မှာဖြစ်ပါတယ်''ဟု ¤င်းက ပြောသည်။
သင်္ကြန်ကာလအတွင်း၌ လမ်းလျှောက်သင်္ကြန်ပြုလုပ်မည့် ကျုံးတောင်ဘက်အခြမ်းတွင် တောင်း
ရမ်းစားသောက်သူများနှင့် စျေးသည်များမဝင်ရောက်စေရန် မန္တလေးမြို့တော် စည်ပင်သာယာရေး
ရဲတပ်ဖွဲ့က စည်ပင်ရဲ ၅၆ ဦးခန့် တာဝန်ချထားမည်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ဖမ်းဆီးမည့်အစီ
အစဉ်ကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
ဖြစ်ကြောင်း ရဲမှူ းက ပြောကြားသည်။
''တောင်းရမ်း စားသောက်သူတွေနဲ့ စျေးသည်တွေအပြင် မော်တော်ယာဉ်တွေပါ ဝင်ရောက်တာ
မျိုးတွေတွေ့ရင် အရေးယူဆောင်ရွက်မယ်။ ရေကစားတဲ့ အချိန်တစ်လျှောက်လုံးမှာ စည်ပင်ရဲတပ်ဖွဲ့
ဝင်တွေက အချိန်ပြည့်ရှိနေမှာပါ''ဟု ¤င်းက ပြောသည်။
ယခင်နှစ်များက ပျောက်ကွယ်နေခဲ့သည့် လမ်းလျှောက်သင်္ကြန်ကို ယခုနှစ်တွင်ပြန်လည်ဖော်ထုတ်
မည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်ပြုလုပ်မည့် ကျုံးတောင်ဖက်အခြမ်းတွင် ရေကစားမဏ္ဍပ် ၃၅ ခု
ရှိမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
''လမ်းလျှောက်သင်္ကြန်ဆိုတာ အခုခေတ်ကလေးတွေကတော့ မမှီဘူးတော့ မသိကြဘူးဖြစ်မှာပါ။
လမ်းလျှောက်သင်္ကြန်ဆိုတာ မြန်မာ့ရိုးရာ အငွေ့အသက်လေးတွေ ပါဝင်နေတယ်။ ဒီလို အချိန်
ကာလမှာ တောင်းရမ်း စားသောက်သူတွေကို တွေ့ရတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ စျေးသည်
ဆိုတာလည်း သိပ်စည်းကမ်းရှိတာမဟုတ်ဘူး။ သူတို့ရောင်းတဲ့ အစားအစာ အကြွင်းအကျန်တွေ
ဆိုရင် ကျုံးဘေးက လမ်းတွေပေါ်သွန်လိုသွန်၊ လမ်းလယ်ပလက်ဖောင်းတွေပေါ် သွန်လိုသွန်နဲ့
သိပ်စည်းကမ်းရှိတာမဟုတ်တော့ အခုလိုလုပ်တာ သဘောကျတယ်။ ဒါပေမဲ့ သူတို့အတွက်
စျေးရောင်းလို့ရမယ့် နေရာလေးတွေလည်း ရှိသင့်တယ်။ ရှိဖို့လည်း လုပ်ပေးထားမယ်ထင်ပါ
တယ်'' ဟု မန္တလေးမြို့ခံတစ်ဦးဖြစ်သူ ဦးမင်းအောင်က ပြောသည်။















