ဆားလင်းကြီးမြို့နယ် အထွေအထွေ အုပ်ချုပ်ရေးမှူး လက်မှတ်ဖြင့် မတ်လ ၂၈ရက်တွင်
ကျောက်ထုတ်ခြင်းအား အကန့်အသတ်မရှိ ရပ်နားလိုက်ခြင်းကြောင့် မတ်လ ၂၈ ရက်နေ့တွင်
လက်ပတောင်းတောင်တွင် ဖွင့်လှစ်ထားသည့် သပိတ်စခန်းများ ပိတ်သိမ်းသွားခဲ့သည်။
ကြေးနီစီမံကိန်းအတွက် ဝမ်ပေါင်ကုမ္ပဏီမှ ကျောက်ကျင်းပေါင်း နှစ်သန်းတူးယူကာ ကားစီးရေ
၁,ဝဝဝ ကျော်ဖြင့်ထုတ်ယူခြင်းကြောင့် ဒေသခံတို့ ပိုင်ဆိုင်သော ဆိတ်၊နွားများ ကားတိုက်မှု
ဖြစ်ပေါ်ခဲ့သဖြင့် ကျောက်သယ်ကားများကို ဒေသခံများကတားဆီးရာမှ မတ်လ ၂၄ရက်နေ့တွင်
ဒေသခံနှင့် ရဲတပ်ဖွဲ့တို့ကြားပဋိပက္ခဖြစ်ပေါ်ခဲ့ပြီး နှစ်ဘက်ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကာ
ဒေသခံတို့က သပိတ်စခန်းဖွင့်လှစ်ခဲ့သည်။
''မတ်လ ၂၈ ရက်နေ့ပဲ ထွေအုပ်စာကို ဒေသခံတွေဆီကို သွားပေးခဲ့ပြီးလို့ သပိတ်စခန်းတွေ
ပိတ်ခဲ့ပါပြီ'' ဟု စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကဆိုသည်။
အများပြည်သူ အသက်အိုးအိမ်စည်းစိမ်လုံခြံုမှု၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ
စိုးမိုးရေးအတွက် ဆားလင်းကြီးမြို့နယ်တွင် ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးလိုက်နာရန်
အချက်သုံးချက်ပါသည့် တားမြစ်မိန့် အမှတ်(၁/၂ဝ၁၇)ကို စစ်ကိုင်းတိုင်းဒေသကြီး၊
ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၏ လက်မှတ်ဖြင့်
မတ် ၂၂ ရက်က ထုတ်ပြန်ထားပြီးနောက် နှစ်ရက်အကြာ မတ်လ ၂၄ ရက်နေ့တွင်
ဝမ်ပေါင်ကုမ္ပဏီမှကျောက်သယ်ကားများနှင့် ဒေသခံ ရဝ ဦးခန့် ထိပ်တိုက် ရင်ဆိုင်
တွေ့ဆုံခဲ့ကြောင်း အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
အတည်ပြုပြောသည်။
လက်ပတောင်းမိုးကြိုးပြင်ရွာတွင်ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်ဖြစ်စဉ်နှင့်ပတ်သက်၍
ရဲတပ်ဖွဲ့မှ ဒေသခံ၅ဝဦးကို အမှုဖွင့်ခဲ့သည်။
''ဒေသခံတွေဘက်ကလည်း အမှုဖွင့်မယ်ထင်ပါတယ်။ ဟိုဘက်ကလည်း ခုခံခွင့်ချေပ
ခွင့်သလို တရားစွဲဆိုခွင့်လည်း ရှိပါတယ်'' ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က
ဆိုသည်။ မတ်လ ၂၄ ရက်က မြေသယ်ကားများကို တားဆီးရာတွင် ဒေသခံ ရဝ မှ ၈ဝ
ပါဝင်ပြီး အခင်းဖြစ်ပွားရာအချိန်တွင် ဒေသခံ၃ဝဝ ကျော်ပါဝင်ခဲ့သည်ဟု ဒေသခံတစ်ဦးက
ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့ဘက်မှပစ်ခတ်ခဲ့သောရာဘာကျည်ကြောင့် ဒေသခံ ၁ဝ ဦးခန့်
ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံတို့ကဆိုသည်။
''တကယ်တမ်းဆိုရင် သူတို့လုပ်ရမယ့်ပုံစံက သတိပေး၊ ပြီးရင်တားမြစ်၊ နောက် စည်း
သုံးစည်းတား၊ အဲဒီမှ မရရင် ပစ်ခတ်ခွင့်ရှိတာလေ။ အခုက ချက်ချင်းတန်းပစ်တာ။ အကြမ်းဖက်
နှိမ်နင်းခဲ့တာ'' ဟု အဆိုပါဒေသခံကပြောသည်။
''ဆာလင်းကြီးမြို့နယ်မှာ ရှိတဲ့ ဝမ်ပေါင်၊ ယန်စီ ကြေးနီစီမံကိန်းတွေဟာ နိုင်ငံတော်စီမံကိန်းတွေ
ဖြစ်ကြပါတယ်။ ဒေသခံတွေထဲမှာ စီမံကိန်းကို လိုလားသူလည်းပါသလို၊ မလိုလားသူတွေလည်း
ပါပါတယ်။ အဲဒီကိစ္စတွေက ဟိုးအရင်လတွေလည်းဖြစ်ခဲ့ပါတယ်။ အခင်းဖြစ်တဲ့အချိန်က
ကျောက်သယ်ကားတွေကို ဒေသခံ ရဝ လောက်က တားခဲ့ကြတာပါ။ ဒီဘက်က
မြို့နယ်မှုးတွေ၊ ရဲတွေသွားရောက်ဖြန်ဖြေခဲ့ကြပါတယ်။ ဘာကိုတွေ့လဲဆိုတော့
သူတို့(ဒေသခံတွေ)မှာခေါင်းဆောင်မရှိဘူး။ သူတို့ဘာလိုချင်လဲဆိုတာကို တိတိပပမပြောဘူး။
အဲဒီလိုနဲ့ ညနေငါးနာရီလောက်မှာ သူတို့ဘက် လေးခွနဲ့စပစ်တယ်။ ရဲဘက်က စုစုပေါင်း
ခြောက်ယောက် ဒဏ်ရာရပါတယ်။ ထပ်မံ ဖြန်ဖြေပါတယ်။ သူတို့ ဓားတွေ၊ လက်နက်တွေ
ကိုင်ဆောင်လာတာကို တွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလမ်းက လူအသွားအလာများတဲ့
ပုသိမ်မုံရွာလမ်းမကြီးလည်း ဖြစ်ပါတယ်။ တားမြစ်မိန့်လည်း ထုတ်ထားပြီးသားလည်းဖြစ်ပါတယ်''
ဟု ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးစီးအရာရှိ ဦးသူရိန်စိုးက မြန်မာတိုင်း(မ်)ကို
ပြောသည်။















