မောင်၊ မယ်သင်္ကြန်ရွေးချယ်ပွဲနှင့်သင်္ကြန်ယိမ်းအကအလှပြိုင်ပွဲကို ဧပြီ ရ ရက်၊ ညနေ ၅ နာရီမှ
စတင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲစီစဉ်သူ မင်္ဂလာမန္တလေးမှ မဇင်မာက ယခုလ ၂၁
ရက်တွင် ပြောသည်။
''၇ ရက်ကနေ ၉ ရက်အထိပြုလုပ်မှာပါ။ စိတ်ဝင်စားတဲ့သူတွေ လာရောက်ယှဉ်ပြိုင်နိုင်ပါတယ်။
လျှောက်လွှာပိတ်ရက်ကတော့ မတ် ၃၁ ရက်ပါ''ဟု ၄င်းက ပြောသည်။
မောင်၊ မယ်သင်္ကြန်အတွက် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး သင်္ကြန်
ယိမ်းအကအလှပြိုင်ပွဲအတွက် အသက် ၁၈ နှစ်အထက်ရှိသူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း
မဇင်မာက ပြောသည်။
''သင်္ကြန်ယိမ်းအကအလှကို အသက်ကြီးတဲ့သူတွေလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ဖိတ်ခေါ်ပါတယ်။
အဖွဲ့အနေနဲ့ လူဦးရေရှစ်ယောက်ကနေ ၁၂ ယောက်အထိရှိရမှာပါ။ ဆုတွေကိုလည်း ထိုက်ထိုက်
တန်တန်ချီးမြှင့်ပေးသွားမှာပါ'' ဟု ၄င်းက ပြောသည်။
မောင်၊ မယ်သင်္ကြန်အတွက် ဆုရရှိသူကို ကျပ်ခုနစ်သိန်းနှင့် သင်္ကြန်ယိမ်းအက အလှဆုရရှိသူကိုု
ကျပ်သိန်း ၂ဝ အထိချီးမြှင့်သွားမည်ဖြစ်ပြီး သင်္ကြန်အငွေ့ အသက်များပါဝင်အောင် ကျင်းပပြုလုပ်
သွားမည်ဖြစ်ကြောင်း မဇင်မာက ပြောသည်။
''တခြားဆုကြေးငွေတွေလည်း ပေးအပ်သွားမှာပါ။ ပွဲကျင်းပတဲ့နေ့မှာ စျေးရောင်းပွဲတော်တွေလည်း
ပါဝင်ပါမယ်။ ညနေ ၄ နာရီကနေ ၆ နာရီအတွင်းမှာ စတုဒီသာ ကျွေးမွေးဧည့်ခံမှာပါ။ မည်သူမဆို
လာရောက်စားသုံးနိုင်ပါတယ်။ သင်္ကြန်ဖွင့်ပွဲနေ့မှာလည်း မြို့မတူရိယာအသင်းကြီးနဲ့ ဧည့်ခံမှာပါ''
ဟု ၄င်းက ပြောသည်။ လျှောက်လွှာများကို မင်္ဂလာမန္တလေးရုံးခန်းတွင် ဝယ်ယူနိုင်သည်။















