မုံရွာမြို့နယ်၌ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းပြင်ဆင်ခွင့် လျှောက်ထားသူ ၂၄ဝ ကျော်ရှိ

မုံရွာမြို့နယ်၌ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းပြင်ဆင်ခွင့် လျှောက်ထားသူ ၂၄ဝ ကျော်ရှိ

လာမည့် ဧပြီ ၁ ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊
မုံရွာမြို့နယ်၌ မဲစာရင်းပြင်ဆင်ခွင့်လျှောက်ထားသူ ၂၄ဝ ကျော်ရှိခဲ့ကြောင်း မုံရွာမြို့နယ်ရွေးကောက်
ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူက ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းများကို မတ် ၁၇ ရက်မှ ၂၅ ရက်အထိ ကြေညာပေးခဲ့ပြီး
ပုံစံအမျိုးမျိုးဖြင့် မဲစာရင်းပြင်ဆင်ခွင့် လာရောက်လျှောက်ထားမှုများကို ပြင်ဆင်ပေးခဲ့ခြင်းဖြစ်ကာ
နောက်ဆက်တွဲလျှောက်ထားသူများကို နောက်ဆက်တွဲမဲစာရင်းတွင် ထည့်သွင်းပေးခြင်းဖြစ်
ကြောင်း မုံရွာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးကြည်ထက်အောင်က ပြော
သည်။

''ပုံစံအမျိုးမျိုးနဲ့ လာရောက်လျှောက်ထားသူပေါင်း မတ် ၂၅ ရက်အထိ ၂၄၉ ဦးအထိရှိခဲ့တယ်။
စတင်ကြေညာတဲ့အချိန်က အခုအချိန်အထိပါ''ဟု ၄င်းက ပြောသည်။

မဲစာရင်းတွင် သေဆုံးသူများနှင့် မပါဝင်သင့်သည့်သူများပါဝင်နေလျှင် သက်ဆိုင်ရာရွေးကောက်ပွဲ
ကော်မရှင်ရုံးများ၌ ပုံစံ (၄) ဖြင့်လည်းကောင်း၊ အချက်အလက်များမှားယွင်းနေလျှင် ပုံစံ ၄(ဂ) ဖြင့်
လည်းကောင်း၊ အမည်စာရင်းမပါလျှင် ပုံစံ (၃) ဖြင့်လည်းကောင်း၊ မဲဆန္ဒနယ်မြေ၌ရက်ပေါင်း
၁၈ဝ အထက်နေထိုင်သူများက ပုံစံ ၃(က) ဖြင့်လည်းကောင်း လျှောက်ထားရမည်ဖြစ်သည်။

''ကျွန်တော်တို့ အတတ်နိုင်ဆုံး မဲပေးခွင့်မဆုံးရှုံးရအောင် ဆောင်ရွက်ခဲ့ပါတယ်။ နောက်မဲစာရင်း
တွေကိုလည်း ပွင့်လင်းမြင်သာမှုရှိရအောင် ကပ်ထားပေးခဲ့ပါတယ်။ အခုဒီကြားဖြတ်ရွေးကောက်
ပွဲအတွက် မဲစာရင်းကို တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံကောက်ယူခဲ့ပါတယ်။ အဲဒီအတွက်
လည်း အရင် ၂ဝ၁၅ မဲစာရင်းမှာပါဝင်ခဲ့တဲ့ ချို့ယွင်းချက်ကလေးတွေကို ဖြည့်စွက်နိုင်ခဲ့သလို
အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ မုံရွာမှာကတော့
ရွှေ့ပြောင်းအလုပ်သမားနည်းတဲ့အတွက် အခက်အခဲတော့သိပ်မရှိပါဘူး။ ၂၅ ရက်အထိ ပြင်ဆင်
ခွင့်ရှိတာပေါ့။ ဒါပေမဲ့ နောက်ဆက်တွဲ မဲစာရင်းတွေ ရှိလာရင်လည်း လုပ်ဆောင်ပေးပါတယ်''ဟု စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိ ဦးအောင်မျိုးလွင်က ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မုံရွာမြို့နယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာ
ဝင်းမြင့်အောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးညွှန့်အောင်၊ ပြည်သူ့ ဒီမိုကရေစီပါတီမှ
ဒေါက်တာသန်းထိုက်ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးစိန်မောင်း၊ အမျိုးသားတိုး
တက်ရေးပါတီမှဦးညွန့်လှိုင်တို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ မုံရွာမြို့နယ်၌ မဲရုံပေါင်း ၁၅၉ ရုံ
နှင့်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ဝ,ဝဝဝ ကျော်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး