အသက်ဝင်တဲ့ Body Art ကိုမိတ်ဆက်ပေးနေတဲ့ မန္တလေးက လူငယ်အဖွဲ့

အသက်ဝင်တဲ့ Body Art ကိုမိတ်ဆက်ပေးနေတဲ့ မန္တလေးက လူငယ်အဖွဲ့

အခုတလော မန္တလေးမှာကျင်းပနေတဲ့ ပွဲလမ်းသဘင်တွေ၊ စျေးဝယ်စင်တာတွေနဲ့ လူစည်ကားရာ
နေရာတွေမှာ လည်ပင်းတစ်ဝိုက်နဲ့ လက်ဖျံ၊ လက်ဖမိုးတွေပေါ်မှာ အသက်ဝင်ပြီး အနုပညာ
လက်ရာမြောက်တဲ့ Body Art ပန်းချီတွေရေးဆွဲထားတဲ့ လူငယ်ကောင်မလေး၊ ယောကျ်ားလေး
တွေကို အတွေ့များလာပါတယ်။

စိတ်တူကိုယ်တူ လူငယ်တွေစုစည်းထားတဲ့ အဖွဲ့လေးတစ်ဖွဲ့က လူစည်ကားရာ ပလက်ဖောင်းတွေ
ပေါ်မှာ Body Art ပန်းချီရေးဆွဲချင်တဲ့လူငယ်တွေကို စိတ်ရှည်လက်ရှည် ရေးဆွဲပေးနေတာက
မြင်ရသူတိုင်းကို စိတ်ဝင်စားအောင် ဆွဲဆောင်နေပါတယ်။

''Body Art ရေးဆွဲချင်တဲ့သူတွေကို ကျွန်တော့်အဖွဲ့က အခမဲ့ရေးဆွဲပေးတာပါ။ ရေးဆွဲတဲ့သူတွေ
ကလည်း သဒ္ဓါသလောက်လှူ ဒါန်းခဲ့တာတွေရှိပါတယ်။ အဲဒီပိုက်ဆံတွေကိုလည်း ကျွန်တော့်အဖွဲ့
ကမသုံးပါဘူး။ လိုအပ်တဲ့နေရာတွေမှာ ပြန်ပြီးလှူ ပေးပါတယ်'' လို့ Body Art ပန်းချီတွေကိုရေးဆွဲ
ပေးနေတဲ့ Mdy Young Artists Group မှ အဖွဲ့ခေါင်းဆောင်ကိုရဲရင့်နိုင်က ပြောပါတယ်။

Mdy Young Artists Group အဖွဲ့ကို ၂ဝ၁၆ ခုနှစ်၊ ဇူလိုင် ၁၉ ရက်မှာ ပန်းချီဝါသနာပါတဲ့ လူငယ်
၁၂ ယောက်နဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ပန်းချီရေးဆွဲတဲ့အခါတိုင်းလည်း ပလက်ဖောင်းတွေပေါ်မှာ
သာ ရေးဆွဲလေ့ရှိပါတယ်။ ကုန်ကျတဲ့ဆေးဖိုးတွေကိုလည်း အားလုံးကမျှပြီး ကုန်ကျခံကြတာပါတဲ့။

''အခုတော့ လူငယ်အဖွဲ့ဝင်၂ဝ ကျော်ရှိပါပြီ။ အားလုံးအသက် ၂ဝ ကျော်ပဲရှိပါသေးတယ်။ အားလုံး
ကလည်း ပန်းချီရေးဆွဲတာ ဝါသနာပါတဲ့အတွက် စုစည်းဖြစ်သွားတာပါ။ ကျွန်တော်တို့ ရေးဆွဲတဲ့
ပန်းချီတွေကိုလူတန်းစားမရွေး ကြည့်နိုင်အောင် ပလက်ဖောင်းပေါ်တွေမှာပဲရေးဆွဲတာများပါတယ်။
အခုတော့ ခန္ဓာကိုယ်ပေါ်မှာ ပန်းချီလေးတွေရေးဆွဲပေးနေပါတယ်''လို့ ကိုရဲရင့်နိုင်က ပြောပါတယ်။

ခန္ဓာကိုယ်ပေါ်မှာရေးဆွဲပေးတဲ့ ပန်းချီပုံစံတွေဖြစ်တဲ့၊ အခုခေတ်ခေတ်စားနေတဲ့၊ ပုဂံခေတ်လက်ရာ
ဖြစ်တဲ့ ကနုတ်ပန်းပုံစံတွေကို ရေးဆွဲလိုတဲ့ ခန္ဓာကိုယ်ပေါ်မှာ သေသပ်လှပပြီး လက်ရာမြောက်
အောင်ရေးဆွဲပေးနေပါတယ်တဲ့။ သူတို့အဖွဲ့ဟာ ရေးဆွဲပေးတဲ့ နေရာအတိအကျမရှိဘဲ လူစည်
ကားရာနေရာတွေမှာ အခမဲ့ရေးဆွဲပေးလေ့ရှိပါတယ်တဲ့။

''လူစည်ကားတဲ့ မင်္ဂလာမန္တလေးလမ်းတစ်လျှောက်စျေးဘက်တွေ၊ ပလက်ဖောင်းပေါ်တွေ၊ ဦးပိန်
တံတားဘက်တွေ၊ ကုသိုလ်တော်ဘုရားဘက်တွေမှာတော့ အများဆုံးရေးဆွဲပေးပါတယ်။ သူတို့
ကြိုက်တဲ့ပုံစံတွေ၊ သူ့တို့ရေးဆွဲချင်တဲ့ ခန္ဓာကိုယ်ပေါ်တွေမှာ ရေးဆွဲပေးပါတယ်။ အများဆုံးကတော့
လည်ပင်းတစ်ဝိုက်နဲ့လက်ဖျံ၊ လက်ဖမိုးပေါ်တွေမှာ ရေးဆွဲကြပါတယ်။ အဲဒီနေရာတွေက လူအများ
မြင်တဲ့နေရာတွေ ဖြစ်ပါတယ်'' လို့ ကိုရဲရင့်နိုင်က ပြောပါတယ်။

ခန္ဓာကိုယ်ပေါ်မှာ ရေးဆွဲထားတဲ့ပန်းချီတွေဟာ ရေစိုခံပြီး အလွယ်တကူ ပြန်လည်ဖျက်လို့ရကာ
တစ်ရက်၊ နှစ်ရက်ခန့် ကြာရှည်ခံပါတယ်တဲ့။ လူငယ်တွေအများဆုံး ရေးဆွဲကြပြီး တစ်ရက်ကို
အနည်းဆုံးအယောက် ၄ဝ က နေ အများဆုံးအယောက် ၁ဝဝ ကျော် ရေးဆွဲပေးရပါတယ်တဲ့။
ရေးဆွဲပေးတဲ့ဆေးတွေရဲ့တန်ဖိုးကလည်း တစ်ဘူးကို ကျပ် ၅ဝ,ဝဝဝ ကနေ ကျပ်တစ်သိန်းအထိ
ရှိပါတယ်။

''ကျွန်တော်တို့အဖွဲ့လေး ရေရှည်တည်တံ့ဖို့ အဖွဲ့ကလူငယ်တွေညီဖို့လိုသလို အားပေးမှုတွေလည်း
လိုပါတယ်။ လူကြီးတွေကလည်း နားလည်ပေးသင့်ပါတယ်။ အဖွဲ့ထဲဝင်ချင်တဲ့ ပန်းချီဝါသနာပါတဲ့
လူငယ်တွေကိုလည်း ဖိတ်ခေါ်ပါတယ်''လို့ ကိုရဲရင့်နိုင်က ပြောပါတယ်။

ပလက်ဖောင်းတွေပေါ်မှာ ပန်းချီရေးဆွဲတာက အနုပညာကို လူတန်းစားမရွေးခံစားနိုင်အောင်
ရေးဆွဲပြသပေးတာပါ။ ချုပ်နှောင်မှုကင်းပြီး လွတ်လွတ်လပ်လပ် ရေးဆွဲနိုင်တဲ့အပြင် ဝါသနာပါတဲ့
လူငယ်တွေလည်း အလွယ်တကူ လေ့လာနိုင်ပါတယ်တဲ့။

''လမ်းပေါ်ရေးဆွဲတော့ ကြည့်တဲ့သူအားလုံးလည်း အလွယ်တကူခံစားနိုင်တယ်။ အထူးသဖြင့်
နိုင်ငံခြားသားတွေလည်း သတိ ထားမှုတွေရှိလာတယ်။ နောက်ပိုင်းမှာ လမ်းပေါ်တွေမှာပဲပန်းချီပွဲ
လေးတွေပြုလုပ်ဖို့ စီစဉ်ထားပါတယ်'' လို့ Body Art ရေးဆွဲပေးနေတဲ့လူငယ်တစ်ယောက်က
ပြောပါတယ်။

'' Body Art ရေးဆွဲချင်နေတာ ကြာပါပြီ။ ဆွဲချင်လို့ လိုက်ပြီးရှာနေတာ အခုမှတွေ့လို့ ဝင်ပြီးဆွဲ
တာပါ။ Body Art က တက်တူးလိုမဟုတ်ပါဘူး။ ရေးဆွဲပြီးတော့ ပြန်ဖျက်လည်း ခဏပဲဖျက်ရ
တော့ဆွဲချင်တာပါ။ ဆွဲပြီးတော့လည်း လှတော့ပျော်တာပေါ့''လို့ လက်ဖမိုးပေါ်မှာ ပန်းချီရေးဆွဲ
ထားတဲ့ မနွယ်နွယ်က ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး