ပြင်ဦးလွင်မြို့၏ အမှိုက်သိမ်းလုပ်ငန်း စည်ပင်သာယာ ပြန်လည်လုပ်ကိုင်မည်

ပြင်ဦးလွင်မြို့၏ အမှိုက်သိမ်းလုပ်ငန်း စည်ပင်သာယာ ပြန်လည်လုပ်ကိုင်မည်

ပြင်ဦးလွင်မြို့၏ အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းများကို ယခုနှစ် ဧပြီ ၁ ရက်မှစတင်ကာ ပြင်ဦးလွင်
စည်ပင်သာယာက ပြန်လည်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြင်ဦးလွင်မြို့ စည်ပင်သာယာရေး
အဖွဲ့တာဝန်ရှိသူများက ပြောသည်။

မြို့၏ အမှိုက်သိမ်းလုပ်ငန်းများကို ၂ဝ၁၆ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ ပုဂ္ဂလိကသို့လုပ်ကိုင်ခွင့်
ပြုခဲ့ခြင်းဖြစ်ကာ လာမည့်လတွင် အဆိုပါစနစ်ကို ရုပ်သိမ်းမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး
စည်ပင်သာယာရေးဝန်ကြီးဌာန၏လမ်းညွှန်မှုအရ ယခုကဲ့သို့ စည်ပင်သာယာက ပြန်လည်လုပ်
ကိုင်ရခြင်းဖြစ်ကြောင်း ၄င်းတို့က ဆိုသည်။

''တခြားအကြောင်းအရာတွေကတော့ မရှိပါဘူး။ စည်ပင်သာယာရေးဝန်ကြီးရဲ့လမ်းညွှန်မှုနဲ့
ကျွန်တော်တို့စည်ပင်က ပြန်လည်လုပ်ကိုင်တာပါ။ စည်ပင်က ပြန်လည်လုပ်ကိုင်တော့်မှာဆိုတော့
သန့်ရှင်းရေးအမှိုက်ခွန်ကို ပုဂ္ဂလိကက ကောက်တဲ့နှုန်းထားရဲ့ ထက်ဝက်လောက်လျှော့ကောက်ဖို့
စီစဉ်နေပါတယ်။ အမှိုက်သိမ်းဖို့အတွက် အမှိုက်သိမ်းကား ၁၁ စီးကလည်း အဆင့်သင့်ရှိနေပါပြီ။
လိုအပ်တဲ့ဝန်ထမ်းတွေကိုလည်း ခန့်အပ်ထားပါတယ်။ လိုအပ်ချက်ရှိခဲ့မယ်ဆိုရင်လည်း တစ်လ၊
နှစ်လလောက်ပါပဲ။ ပြည်သူလူထုအနေနဲ့လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုပါ
တယ်'' ဟု ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဒုတိယညွှန်ကြားရေးမှူ း
ဦးသန်းဝင်းက မြန်မာတိုင်း(မ်) ကို ပြောသည်။

ပြင်ဦးလွင်မြို့တွင်းက သိမ်းဆည်းခဲ့သည့်အမှိုက်များကို အမှိုက်စွန့်ပစ်ရန် အသစ်လုပ်ဆောင်ထား
သည့် အမှိုက်ကျင်းသို့ စွန့်ပစ်သွားမည်ဖြစ်ပြီး အဆိုပါအမှိုက်ကျင်းက အမှိုက်များကို ဂျပန်နည်း
ပညာဖြင့် ဖျက်ဆီးသွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

အမှိုက်သိမ်းစနစ်ကို ပုဂ္ဂလိကသို့ တင်ဒါစနစ်၊ လေလံစနစ်ဖြင့် ပြန်လည်လုပ်ကိုင်ခွင့်ပြုရန် ပြင်ဦး
လွင်မြို့နယ်ရပ်ကွက် စည်ပင်ကိုယ်စားလှယ်များက ဆန္ဒပြုကြသော်လည်း စည်ပင်သာယာက ပြန်
လည်လုပ်ကိုင်ရန်ကိုသာ အတည်ပြုခဲ့သည်။

''ပြင်ဦးလွင်စည်ပင်သာယာရဲ့ အမှိုက်သိမ်းစနစ်က ဟိုးအရင်တုန်းကတည်းက မအောင်မြင်ခဲ့ဘူး။
၂ဝ၁၆ ခုနှစ်ထဲမှာ ပုဂ္ဂလိကကို ပေးလိုက်တော့ အမှိုက်အခွန်အခပေးဆောင်ရတာ နည်းနည်းများ
တယ်ဆိုပေမဲ့ မြို့တွင်းမြို့ပြင် သန့်ရှင်းသပ်ရပ်တယ်။ အခု စည်ပင်က ပြန်ပြီး အမှိုက်သိမ်းမယ်လုပ် တယ်။ လေလံစနစ်က ငွေလုံးငွေရင်းနဲ့ အခွန်အခရတယ်။ မြို့သန့်ရှင်း သပ်ရပ်တယ်။ စည်ပင်က
အမှိုက်သိမ်းဖို့ကားတွေ ထပ်ဝယ်ရတယ်။ မြို့အတွက်အသုံးပြုဖို့ ဘတ်ဂျက်ထဲကနေ ထုတ်ယူသုံးစွဲ
ရတော့ အခြားလိုအပ်တဲ့နေရာတွေမှာ သုံးဖို့လျော့နည်းသွားတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အမှိုက်သိမ်းစနစ်ကို စောင့်ကြည့်ရပါမယ်''ဟု ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၃) စည်ပင်ကိုယ်
စားလှယ်ဦးကိုကိုကြီးက မြန်မာတိုင်း(မ်) ကို ပြောသည်။

စည်ပင်သာယာက အမှိုက်သိမ်းဆည်းခြင်းကို အကောင်းဆုံးနှင့် အသန့်ရှင်းဆုံးဖြစ်အောင် လုပ်
ဆောင်သွားမည်ဖြစ်ပြီး ပြည်သူလူထုက စနစ်တကျပူးပေါင်းပါဝင်မည်ဆိုပါက မြို့တွင်းမြို့ပြင်သန့်ရှင်း သာယာလှပလာမည်ဖြစ်ကြောင်း ဦးသန်းဝင်းက ဆိုသည်။

၂ဝ၁၆ ခုနှစ်က အမှိုက်သိမ်းဆည်းခွင့်ရရှိခဲ့သော ပုဂ္ဂလိကကုမ္ပဏီသည် မြို့နယ်စည်ပင်သာယာ
ရေးကော်မတီသို့ တစ်နှစ်အတွက် အမှိုက်ခွန်ငွေကျပ် ၅၇ သိန်းနှင့် အညစ်အကြေးခွန် ငွေကျပ်
၁ဝ သိန်းတိတိတို့ကိုပေးဆောင်ရပြီး ပုဂ္ဂလိကကုမ္ပဏီက အများပြည်သူထံမှ အိမ်သုံးအမှိုက်သိမ်း
ဆည်းခြင်းအတွက် တစ်လကျပ် ၁,ဝဝဝ မှကျပ် ၃,ဝဝဝ၊ စီးပွားဖြစ်အမှိုက်သိမ်းဆည်းခြင်းအတွက်
တစ်လလျှင် ကျပ် ၆,ဝဝဝ မှ ကျပ် ၄ဝ,ဝဝဝ အထိကောက်ခံခဲ့ပြီး အမှိုက်သိမ်းဆည်းခြင်းကုသိုလ်
ဒါနအဖြစ် အစိုးရစာသင်ကျောင်းများ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ ဌာနဆိုင်ရာအဖွဲ့
အစည်းများ၏ အမှိုက်များကို အခမဲ့သိမ်းဆည်းပေးခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး