မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နှစ်စဉ်ရေရှားပါးပြတ်လပ်လေ့ရှိသည့် မြို့နယ်များအနက် မြို့နယ်
ရှစ်မြို့နယ်ရှိ ကျေးရွာပေါင်း ၃၇ ရွာကို ယခုလတွင် ရေစတင်ပေးဝေထားရကြောင်း တိုင်းဒေသကြီး
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူ းဦးမင်းဟန်က ပြောသည်။
ရေရှားပါးမှုစတင်ကြံုတွေ့နေရသော ညောင်ဦး၊ ကျောက်ပန်းတောင်း၊ မလှိုင်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊
နွားထိုးကြီး၊ ပျော်ဘွယ်၊ သာစည်မြို့နယ်များရှိ ကျေးရွာများသို့ စတင်ရေပေးဝေခြင်းလုပ်ငန်းများ
ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နှစ်စဉ်ရေပြတ်လပ်တတ်သည့် ကျေးရွာများတွင် နွေရာသီရေရှား
ပါးမှုမကြံုရအောင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြောင်း ဦးမင်းဟန်က မြန်မာတိုင်း(မ်)
ကို ယခုလ ၂၈ ရက်တွင် ပြောသည်။
''အဓိကတော့ ရေပြတ်မှသွားပို့တာထက် နှစ်စဉ်ရေပြတ်တတ်တဲ့ ကျေးရွာတွေကို နွေရာသီရေ
မရှားပါးရအောင် ကြိုတင်ပြင်ဆင်ပါတယ်။ ကျေးရွာတွေမှာ နဂိုရှိပြီးဖြစ်တဲ့ အုတ်ကန်တွေ၊ ရေကန်
တွေကိုပြင်ဆင်ပြီးတော့ ရေဖြည့်ပေးထားပါတယ်။ ရေကန်တွေမှာ ကြိုတင်ရေဖြည့်ပေးထားတဲ့
အတွက် အချိန်မရွေးလိုအပ်ရင် လာခပ်သုံးစွဲလို့ရပါတယ်။ ရေရှားပါးလာရင်လည်း ကျွန်တော်တို့
ဌာနကို အမြန်ဆုံးသတင်းပေးပို့ အကူအညီတောင်းခံဖို့ လိုအပ်ပါတယ်။ ဒီတစ်လအတွင်းမှာတင်
ကျေးရွာပေါင်း ၃၇ ရွာကို ရေပေးဝေထားရပါတယ်။ လာမယ့် ဧပြီလနဲ့မေလဆိုရင် ပိုပူနိုင်တဲ့
အတွက် အဲဒီအတွက်လည်း ပြင်ဆင်ထားပါတယ်''ဟု ဦးမင်းဟန်က ပြောသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မတ်လတွင် အိမ်ခြေပေါင်း ၄,၄၉၆ အိမ်၊ လူဦးရေ
၂၃,၆၆၂ ဦးအတွက် ရေဂါလန်ပေါင်း ၉ဝ,ဝဝဝ ကျော်ကို ဖြန့်ဝေပေးထားပြီးဖြစ်ကာ ယင်းအတွက်
ရေသယ်ယာဉ်ငှားရမ်းခနှင့် စက်သုံးဆီကုန်ကျစရိတ်အတွက် ကျပ်လေးသန်းကျော် သုံးစွဲထား
ကြောင်း ယင်းဌာနစာရင်းများအရသိရသည်။
''သက်ဆိုင်ရာမြို့နယ်တွေမှာတော့ မီးသတ်ကားတွေရှိပါတယ်။ ဒီတွေကို အကူအညီတောင်းလုပ်
ရတာပေါ့။ ဒါပေမဲ့ မီးသတ်ကားဆိုတာကလည်း မီးလောင်တာဖြစ်လာရင် သူမရှိလို့မဖြစ်တဲ့
အတွက် သိပ်တော့လုပ်ကိုင်ရတာအဆင်မပြေဘူးပေါ့။ တခြားအဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီကကား
တွေကိုပဲ ငှားရမ်းပြီးတော့ လုပ်ကိုင်ပါတယ်။ အဓိကတော့ ရေပြတ်မသွားဖို့က အဓိကပါ။ ဒေသခံ
တွေရဲ့ပူးပေါင်းပါဝင်မူကလည်း ကောင်းပါတယ်။ သူတို့က ရေကန်တွေ သန့်ရှင်းရေးလုပ်ထားတာ၊
စက်ရေတွင်းတွေ ပြင်ဆင်ထားတာတွေ လုပ်ထားမယ်ဆိုရင် ပိုအဆင်ပြေတယ်။ မိုးမကျမချင်း
ရေဖြည့်ပေးနေမှာပါ'' ဟု ဦးမင်းဟန်က ပြောသည်။
ပြီးခဲ့သည့်နှစ် မတ်လမှမေလအထိ တိုင်းဒေသကြီးအတွင်း၌ ရေရှားပါးပြီး သောက်သုံးရေပြတ်
လပ်ခဲ့သောကျေးရွာပေါင်း ၁၅ဝ ကျော်ကို ရေထောက်ပံ့ကူညီပေးနိုင်ခဲ့ပြီး ယင်းအတွက်ကုန်ကျ
စရိတ်ကျပ်သန်းပေါင်း ၁၅ဝ ကျော်အသုံးပြုခဲ့ရသည်။
''မြို့ပေါ်မှာ ရေအတွက်မပူရဘူးဆိုပေမဲ့ မြို့နဲ့ အလှမ်းဝေးကွာတဲ့ ကျေးရွာတွေမှာကျတော့ သောက်
သုံးရေရဖို့ကို အတော်ပူပန်နေရပါတယ်။ စိုးရိမ်စရာကလည်း အတော်ကောင်းနေပါပြီ။ သင်္ကြန်ပြီး
နောက်ပိုင်း ရေပြဿ နာက ပိုဆိုးလာနိုင်ပါတယ်။ အခုကို ရေတွင်းရေကန်တွေက ရေခန်းလာ
တယ်။ ရေရရှိနိုင်တဲ့ အရင်းအမြစ်တွေကို အမြန်ဆုံးဖော်ဆောင်ပေးဖို့ လိုအပ်လာတယ်။ ကျေးရွာ
တွေမှာက ဗဟုသုတပိုင်းအားနည်းတော့ ကြိုတင်ပြင်ဆင်မူပိုင်းလည်း ဘာမှလုပ်ဆောင်ထားတာ မရှိဘူး''ဟု နှစ်စဉ်ရေရှားပါးမှု ဖြစ်ပေါ်နေသည့် တောင်သာမြို့နယ်မှ ဦးမင်းအောင်က ပြောသည်။
















