မန္တလေးမြို့ရှိ တိုင်းဒေသကြီးယာဉ်လိုင်းများကြီးကြပ်မှုကော်မတီရုံးတွင် မတ်လ ၂၈ ရက်နေ့က
မန္တလေး-မတ္တရာ အမှတ်(၉) ယာဉ်လိုင်းမှ ယာဉ်မတော်တဆမှုတွင် သေဆုံးခဲ့သူအတွက်
သူတစ်ပါးထိခိုက်နစ်နာမှု အာမခံကြေးပေးအပ်ခဲ့သည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မတ္တရာမြို့နယ် မန္တလေး-မိုးကုတ်ကားလမ်း၊ ဘိုကုန်းကျေးရွာအနီး
တွင် အမှတ် (၉) ယာဉ်လိုင်းမှ မှန်လုံယာဉ်သည် မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်တစ်စီးအားရှောင်
တိမ်းစဉ် အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်တွင်လိုက်ပါလာသော ခရီးသည် ၂၃ ဦး
ထိခိုက်ဒဏ်ရာရရှိကာ အမျိုးသားတစ်ဦးမှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့သည်။
အဆိုပါသေဆုံးသွားသည့်အမျိုးသားအတွက် သူတစ်ပါးထိခိုက်နစ်နာမှုအာမခံနစ်နာကြေးငွေ ၁ဝ
သိန်းကျပ်ကို အကျိုးခံစားခွင့်ရှိသည့်၄င်း၏ဇနီးအား မြန်မာ့အာမခံလုပ်ငန်းက ပေးအပ်ခဲ့သည်။
''စက်တပ်ယာဉ်ကြောင့် ခင်ပွန်းသေရင် ဇနီး၊ ဇနီးသေးရင် ခင်ပွန်း၊ ဒါမှမဟုတ် သားသမီး၊ မိဘ၊ ညီအစ်ကိုမောင်နှမက တောင်းခံခွင့်ရှိပါတယ်။ တရားဥပဒေအရ အမွေဆက်ခံပိုင်ခွင့်ရှိတဲ့သူကို
မြန်မာ့အာမခံလုပ်ငန်းက ထုတ်ပေးပါတယ်။ သာသနာနဲ့ပတ်သက်ရင်လည်း သာသနာပိုင်အဖွဲ့
အစည်းကထောက်ခံတဲ့သူကို ထုတ်ပေးပါတယ်''ဟု မြန်မာ့အာမခံလုပ်ငန်း(မန္တလေးတိုင်းဒေသကြီး) မန်နေဂျာ ဒေါ်ခင်မာချိုက ပြောသည်။
မြန်မာနိုင်ငံတွင် မြန်မာ့အာမခံလုပ်ငန်းဥပဒေ အပိုဒ် ၁၅ အရ စက်တပ်ယာဉ်အားလုံးသည်
သူတစ်ပါးထိခိုက်မှုအာမခံထားရှိရကြောင်း၊ စက်တပ်ယာဉ်ကြောင့် ထိခိုက်နစ်နာသေဆုံးမှု
ဖြစ်ပါက ၁ဝ သိန်းကျပ်၊ ဒဏ်ရာရရှိပါက ဒဏ်ရာရရှိသည့်အချိုးအစားအလိုက် မြန်မာ့အာမခံက
ပေးလျှော်ကြောင်း ၄င်းက ပြောသည်။
ယာဉ်ပိုင်ရှင်များအနေဖြင့် အာမခံကြေးပေးဆောင်ထားသော်လည်း ယာဉ်မတော်တဆမှုတစ်စုံ
တစ်ရာဖြစ်ပါက နစ်နာကြေးထုတ်ယူသူမရှိကြောင်း မန္တလေးတိုင်းဒေသကြီးယာဉ်လုပ်ငန်းများကြီး
ကြပ်မှုကော်မတီ(အဝေးပြေး)ဥက္ကဌဦးအောင်ကျော်လင်းက ပြောသည်။
''အာမခံဆောင်ရတာကို အလကားဆောင်ရတာလို့ ယာဉ်ပိုင်ရှင်လောကမှ မြင်နေတယ်။ အကျိုး
မရှိဘူးလို့မြင်တာ။ အာမခံဆောင်ထားတဲ့အတွက် အကျိုးရှိတယ်ဆိုတာကိုပေါ်လွင်အောင် ဒီနေ့
အာမခံလျှော်ကြေးပေးအပ်ပွဲလုပ်ပေးတာ။ ဒါဟာ ယာဉ်လောကမှာ ပထမဆုံးရတဲ့ပွဲပဲ''ဟု ၄င်းက
ပြောသည်။















