အသက် ၁၇ နှစ်အရွယ် အိမ်ဖေါ်အမျိုးသမီးငယ်အားအိမ်ရှင်က ရေနွေးပူဖြင့်လောင်းခြင်း၊ တံမြက်
စီးဖြင့်ခေါင်းသို့ရိုက်ခြင်းနှင့် ခါးပါတ်ခေါင်းဖြင့်ရိုုက်နှက်ခြင်းများပြုလုပ်ခဲ့ကြောင်း နှိပ်စက်ခံရသူ
အမျိုးသမီးငယ်က မတ်လ ၂၉ရက်နေ့တွင် မြန်မာတိုင်းမ်သို့ပြောကြားသည်။
မကွေးမြို့အောင်စေတနာ(၁) လမ်းနေအိမ်တစ်အိမ်တွင် အိမ်အကူအဖြစ်လုပ်ကိုင်နေသည့် အဆိုပါ
မိန်းကလေးအား အိမ်ရှင်ဖြစ်သူတို့က နှိပ်စက်မှုများပြုလုပ်ခဲ့၍ ယခုလ ၂၇ ရက်နေ့က ၄င်းအိမ်မှ
ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်က ဆိုသည်။
အိမ်ရှင်ကရေနွေးဖြင့်လောင်းခြင်းကြောင့် သူမ၏ကျောပြင်တွင် ရေနွေးပူလောင်သည့်ဒါဏ်ရာ
ရရှိခဲ့ပြီး၊ ဦးခေါင်းတွင်လည်းဖူးယောင်ဒါဏ်ရာရရှိခဲ့သည်အား ယခုလ ၂၈ ရက်နေ့ကသတင်း
ထောက်များအား ပြသခဲ့သည်။
“သူ့ခလေးကို သေသေချာချာ မကြည့်လို့တဲ့ဆိုပြီးတော့ တဖက်ကသူ့ကလေးကိုချီထားပြီး တစ်ဖက်
က ဓာတ်ဘူးနဲ့သမီးကိုလောင်းတာ သမီးကထွက်ပြေးလိုက်တာ ထွက်ပြေးလိုက်တော့ ဒီနားလေး
ကိုပက်လိုက်တော့ စင်သွားပါတယ်”ဟု သူမ၏ကျောပြင်မှဒါဏ်ရာအားပြသရင်း အိမ်ရှင်အမျိုးသမီး
က ပြုလုပ်ခဲ့ပုံအားပြောကြားသည်။
သူမ၏လက်အားရေနွေးပူတွင် စိမ်၍အပြစ်ပေးခြင်းအားလည်း ခံခဲ့ရသည်ဟုအဆိုပါမိန်းကလေးက
ဆက်ပြောသည်။ ထိုအိမ်ဖေါ်မိန်းကလေးသည် အဆိုပါနေအိမ်တွင် ၂၀၁၆ခုနှစ် ၊ဇန်နဝါရီလ ၂၂
ရက်မှစတင်၍ အိမ်ဖေါ်အဖြစ်နေထိုင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး၊တစ်လလျှင် စားရိတ်ငြိမ်းငါးသောင်း
ကျပ်ရရှိကြောင်းသိရသည်။
ဇာတိဖြစ်သော မကွေးမြို့နယ် စိုင်ကျကျေးရွာမှအဆိုပါမိန်းကလေး၏မိဘများသည် မကွေးမြို့အမှတ်
၂ နယ်မြေရဲတပ်ဖွဲ့စခန်းသို့ ထိုနေ့ (မတ်လ ၂၇)တွင်ရောက်ရှိခဲ့ပြီးနောက် ၎င်းအားတွေ့ဆုံခဲ့ကြောင်း၊ ရဲတပ်ဖွဲ့၏လုပ်ထုံးလုပ်နည်းအရမကွေးတိုင်းဆေးရုံကြီးတွင် ဆေးစစ်မှုများပြုလုပ်ခဲ့ကြောင်းနှင့်
ကာယကံရှင်၏ဆန္ဒမပါရှိ၍ အဆိုပါကိစ္စအပေါ် အရေးယူဆောင်ရွက်မှု တစုံတရာပြုလုပ်ထားခြင်း မရှိကြောင်းအမှတ်(၂)နယ်မြေရဲစခန်းမှ စခန်းမှုးကျော်ထူးက သတင်းထောက်များအား ယခုလ
၂၈ ရက်နေ့တွင် ပြောကြားခဲ့သည်။
ရဲစခန်းမှအပြန်တွင် အဆိုပါမိန်းကလေးအပါအဝင် သူမ၏မိသားစုအား အိမ်ရှင်များက ငွေကျပ်ငါး
သိန်းပေးခဲ့ကြောင်း ထိုမိန်းကလေး၏မိဘများက ဆိုသည်။















