မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ တရော်ပင်ကျေးရွာရှိ သိမ်းဆည်းခံလယ်ယာမြေများ
ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲဆင်နွှဲခဲ့သောကြောင့် ဖမ်းဆီးခံထားရသည့်တောင်သူ
ဦးတင့်နိုင်နှင့် တိုင်းဒေသကြီးအတွင်း ဖမ်းဆီးခံထားရသည့်တောင်သူများအား ပြန်လည်လွှတ်ပေး
ရန် စဥ့်ကူးမြို့နယ်တွင် တောင်သူများစုပေါင်းပြီး ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြသည်။
ယခုလ ၂၉ ရက်နေ့က စဉ့်ကူးမြို့ပေါ်တွင် မတ္တရာ၊ သပိတ်ကျင်း၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်၊ စဉ့်ကူး
မြို့နယ်များရှိ တောင်သူအင်အား ၃ဝဝ ဝန်းကျင်ခန့်ဖြင့် ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြကြောင်း၊
လက်ရှိတောင်သူများကို စွဲဆိုထားသောပုဒ်မများသည် မတရားသောပုဒ်မများသာဖြစ်သော
ကြောင့် အမြန်ဆုံးရုပ်သိမ်းပေးစေလိုကြောင်း ယင်းပွဲကိုဦးဆောင်သူ မတ္တရာမြို့နယ်မှတောင်သူ
ကိုရဲရင့်အောင်ကပြောသည်။
''ဒါပထမဆုံးအကြိမ် စဥ့်ကူးမြို့နဲ့အနီးအနားမြို့နယ်က တောင်သူတွေစုပေါင်းပြီးဆန္ဒပြတာပါ။ အခု
ကိုတင့်နိုင်အပါအဝင် ဖမ်းဆီးခံထားရတဲ့ တောင်သူတွေကို စွဲဆိုထားတဲ့ပုဒ်မတွေက မတရားတဲ့
ပုဒ်မတွေပါ။ တောင်သူက ကိုယ့်လယ်ယာမြေ ကိုယ်ပြန်လုပ်ကိုင်တာကို တရားစွဲဆိုခံနေရတယ်။ ဒါကြောင့်မို့လို့ တောင်သူတွေကိုပြန်လည်လွှတ်ပေးဖို့ တောင်းဆိုနေတာပါ။ ဒီလောက်နဲ့မှမရရင်
ကျွန်တော်တို့တောင်သူတွေစုပေါင်းပြီး ဒီထက်ကြီးကျယ်တဲ့ဆန္ဒပြပွဲတွေကို တိုင်းဒေသကြီးအစိုးရ
အဖွဲ့ရုံးရှေ့မှာ လုပ်သွားဖို့ရှိပါတယ်'' ဟု တောင်သူကိုရဲရင့်အောင်က ပြောသည်။
တောင်သူဦးတင့်နိုင်သည် ၂ဝ၁၆ခုနှစ်၊ ဇန်နဝါရီလအတွင်းက စဥ့်ကူးမြို့နယ်တွင် သိမ်းဆည်း
လယ်ယာမြေများ ပြန်လည်ရရှိရန်အတွက် ထွန်တုံးတိုက်ပွဲဆင်နွှဲခဲ့ခြင်းဖြစ်ကာ ယခုနှစ်၊ ဇန်နဝါရီ
လအတွင်းက ဖမ်းဆီးခြင်းခံရခြင်းဖြစ်ပြီး ကတက်ချဉ်ကျေးရွာအုပ်စုစိုက်ကွင်းစိုက်ပျိုးရေးဦးစီးမှူ းမှ
စဥ့်ကူးမြို့နယ်တွင် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း ကိုရဲရင့်အောင်ကပြောသည်။
''တောင်သူတွေကိုစွဲဆိုထားတဲ့ ပုဒ်မတွေက လုယက်မှုလို့ဆိုနိုင်တဲ့ပုဒ်မတွေပါနေတယ်။ တောင်သူ
တွေက ဘယ်သူ့ဆီကမှမလုပါဘူး။ ဒါပေမယ့်အခုလို ပုဒ်မတွေတပ် တရားစွဲနေတယ်ဆိုတာ
အထက်ကလူတွေလည်း သိစေချင်တယ် '' ဟုဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ခဲ့သည့်တောင်သူတစ်ဦး
က ပြောသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း ပြင်ဦးလွင်၊ ကျောက်ဆည်၊ မတ္တရာ၊ စဥ့်ကူး စသည့်မြို့နယ်
၁၈ မြို့နယ်မှ လယ်သိမ်းခံတောင်သူအင်အား ၃ဝဝ ကျော်ခန့်က မန္တလေးမြို့စန္ဒာမုနိဘုရား
အနောက်ဖက်တွင် မတရားပုဒ်မများတပ်၍ ဖမ်းဆီးခံထားရသည့်တောင်သူများအား ပြန်လည်
လွှတ်ပေးရန်နှင့် လယ်ယာမြေများပြန်လည်လုပ်ကိုင်ခွင့်ရရန်အတွက် ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့
ကြသေးသည်။















