မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ပြေးဆွဲနေသည့် ခရီးစဉ်များ အားလုံး၏ ရထားအချိန်များကို
ပြောင်းလဲသတ်မှတ်ထားပြီး ယင်းသို့ပြောင်းလဲ သတ်မှတ်ထားသည့် အချိန်များနှင့်
ဆက်စပ်သည့် တချို့ခရီးစဉ် အချိန်များကိုလည်း ပြောင်းလဲသတ်မှတ်ထားကြောင်း
မန္တလေးဘူတာကြီးမှ ရုံပိုင်ကြီး ဦးညိမ်းမောင်ကပြောသည်။
မန္တလေး မြစ်ကြီးနား ပြေးဆွဲနေသည့် ရထားလမ်းပိုင်းတွင် သဘာဝဘေးအန္တရယ်များကြောင့်
ပျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်ထားသောကြောင့် ယင်းနေရာများ
တွင် ထိန်းသိမ်းမောင်းနှင်းရပြီး ရထားဆိုက်ရောက်ချိန် မမှန်ကန်ခြင်းများ ရှိနေသောကြောင့်
ယခုကဲ့သို့ရထားအချိန်ပြောင်းလဲသတ်မှတ်ခြင်း ဖြစ်ကြောင်း ဦးညိမ်းမောင်က ယခုလ ၃
ရက်နေ့တွင်ရှင်းပြသည်။
“ အရင်တုန်းက မိုးတွေ၊ လေတွေကြီးလို တံတားပျက်ဆီးတာတွေ ရထားလမ်းပျက်ဆီးတာ
တွေရှိပါတယ်။ အဲဒါတွေအားလုံးကိုလည်း ပြင်ဆင်ပြီးသွားပါပြီးဒါပေမယ့်အဲလိုပြင်ဆင်ထားတဲ့
နေရာတွေကို ရောက်ရင် ပုံမှန်ပြေးဆွဲနေတဲ့ မိုင်နှုန်းတွေထက် လျော့မောင်းရပါတယ်
အဲဒီတော့ ရထားဆိုက်ရောက်ချိန်တွေက မမှန်ပါဘူး ဒါကြောင့် ရထားအချိန်ဇယားတွေကို
ပြန်ပြင်ဆင်လိုက်တာပါ။ ထွက်ခွာချိန်နဲ့ ဆိုက်ရောက်ချိန်ကို အတိအကျ တွက်ထားပါတယ်
ခရီးသည်တွေအားလုံးအဆင်ပြေအောင်ဆောင်ရွက်ထားပါတယ် ” ဟုဦးညိမ်းမောင်က
ဆက်လက်ပြောသည်။
မန္တလေး မြစ်ကြီးနား ပြေးဆွဲနေသည့် ရထားအချိန်ပြောင်းလဲခြင်းများကို ယခုလ ၁ ရက်နေ့တွင်
စတင်ကြေညာခဲ့ပြီး ယခုလ ၅ ရက်နေ့မှ စတင်ပြီး အချိန်ဇယားအသစ်ဖြင့် ပြောင်းလဲ ပြေးဆွဲ
သွားမည်ဖြစ်ကြောင်း သိရသည်။ “ ကျွန်မတို့ မြစ်ကြီးနားကို အလည်သွားတုန်းက ထွက်ခွာချိန်နဲ့
ဆိုက်ရောက်ချိန်က မှန်ပါတယ် သိပ်မကွာပါဘူး။ ဒါပေမယ့် အမြန်ကျတော့ ရထားချင်းဆုံလို့
ဆိုပြီးတော့ ခဏရပ်စောင့်လိုက်ရပါတယ် အချိန် ၂ နာရီလောက်တော့ကြာသွားတာပေါ့။
လမ်းပိုင်းကတော့ အားလုံးအဆင်ပြေပါတယ်။ ပတ်ဝန်းကျင် အလှအပ ကိုခံစားရင် ခရီးသွားမယ်ဆိုရင်
ရထားနဲ့ ခရီးသွားရတာအဆင်ပြေတယ် ” ဟုအောင်မြေသာစံမြို့နယ် နေ မယမင်းစိုးက ပြောသည်။
မန္တလေးမှ မြစ်ကြီးနားသို့ ထွက်ခွာသည့် ရထားအချိန်များကို ၄၁ အဆန်အတွက် ညနေ ၅
နာရီ ၄၅ မီနစ်(အထွက်) မှ နောက်ရက်ည ၈နာရီ ၂၅ (အဝင်) ၊ ၅၇ အဆန် အတွက်
နံနက် ၉ နာရီ (အထွက်) မှ နောက်ရက်မနက် ၅ နာရီ ၄၅ မီနစ် (အဝင်) ၊ ၃၇ အဆန်အတွက်
နေလယ် ၁၁ နာရီ ၃၀ မီနစ်(အထွက်) နောက်ရက်မနက် ၆ နာရီ ၃၀ မိနစ်(အဝင်) ၊ ၅၅ အဆန်
အတွက် ညနေ ၄ နာရီ (အထွက်) နောက်ရက်နေလယ် ၁၁ နာရီ ၁၅ မိနစ် (အဝင်) ၊ မန္တလေးမှ
နဘားဘူတာအတွက် ၄၇ အဆန် မနက် ၄ နာရီ ၂၀ မိနစ်(အထွက်) ည ၁ နာရီ ၅၅ မိနစ် (အဝင်)
အဖြစ်ပြောင်းလဲ သတ်မှတ်ထားခြင်းဖြစ်ကြောင်းသိရသည်။
ယင်းသို့ အချိန်ပြောင်းလဲသတ်မှတ်ခြင်းအတွက် ဆက်စပ်ခရီးစဉ်များဖြစ်သည့် မန္တလေး
မုံရွာ ၁၂၃ အဆန် ကို ပုံမှန်ပြေးဆွဲနေသည့် အချိန်ထက် နံနက် ၅ နာရီ ၃၅ (အထွက်)
နေ့လယ် ၁၁ နာရီ ၃၅ (အဝင် ) အဖြစ်သို့လည်းကောင်း၊ မန္တလေး၊ ကောလင်း RBE ၅၃
အဆန်အတွက် ညနေ ၃ နာရီ ၃၀ (အထွက်) ည ၉ နာရီ ၄၅ (အဝင်) အဖြစ်ပြောင်းလဲ
သတ်မှတ်ထားသည်။ “ တစ်ရက်ကို မန္တလေး မြစ်ကြီးနား ခရီးစဉ်အတွက် ခရီးသည်
နှစ်ထောင်ငါးရာ သုံးထောင်လောက်စီးပါတယ်။ အခုလို အချိန်တွေ ပြောင်းလဲ
သတ်မှတ်လိုက်တဲ့အတွက် ခရီးသည်တွေလည်း ကိုယ်သွားချင်တဲ့ နေရာကို တွက်ချက်သွား
လာလို့ရပါတယ်။ တချို့ကလည်း မြစ်ကြီးနားက တဆင့် ဆက်လက်ခရီးသွားတော့
တွက်ချက်လို့ရပါတယ် ” ဟုဦးညိမ်းမောင်က ပြောသည်။
မြစ်ကြီးနားမှ မန္တလေးသို့ ပုံမှန် ထွက်ခွာနေသည့် အချိန်များကို ၃၈ အစုန် အတွက် နေ့လယ်
၁၂ နာရီ (အထွက်) နောက်ရက်မနက် ၈ နာရီ (အဝင်) ၊ ၅၆ အစုန်အတွက် မနက် ၈ နာရီ ၃၀
(အထွက်) မနက် ၃ နာရီ ၄၅ (အဝင်) ၊ ၅၈ အစုန်အတွက် ညနေ ၄ နာရီ (အထွက်) နေ့လယ်
၁ နာရီ ၂၀ (အဝင်) ၊ ၄၂ အစုန်အတွက် ၆နာရီ ၄၀ (အထွက်) မနက် ၉ နာရီ ၂၀ (အဝင်) ၊ နဘားမှ
မန္တလေးသို့ ၄၈ အစုန်အတွက် မနက် ၆ နာရီ (အထွက်) မနက် ၁ နာရီ (အဝင်) အဖြစ်သို့
ပြောင်းလဲသတ်မှတ်ထားသည်။















