မြေစာဖို့ခံရသည့် ဘဝများ

မြေစာဖို့ခံရသည့် ဘဝများ

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ကန်နီကျေးရွာအနီးမှာ ၂၀၁၃ ခုနှစ်ကစပြီး ကုမ္ပဏီတစ်ခုက
ကျောက်မီးသွေး တူးဖော်ထုတ်ခဲ့ပါတယ်။

ကန်နီနဲ့ တစ်မိုင်ကျော်လောက်အကွာက ကျောက်နွားသိုးချောင်းထဲကို မြေစာတွေ စွန့်ပစ်ပါတယ်။

ကျောက်မီးသွေးတွင်းက ထွက်လာတဲ့ မြေစာတွေဟာ ချောင်းရေနဲ့ အတူမျောပါပြီး
လယ်ကွင်းပြင်တွေပေါ် ဖုံးလွှမ်းနေပါတယ်။

ကျောက်မီးသွေးတွင်းက မြေစာပုံတွေဖုံးလွှမ်းမှုကြောင့် လွန်ခဲ့တဲ့ သုံးနှစ်ကစပြီး ဒေသခံတောင်သူတွေ
လယ်ယာစိုက်ပျိုးနိုင်ခြင်း မရှိတော့ပါဘူး။

လယ်ယာလုပ်ငန်း လုပ်မရတဲ့အတွက် ဒေသခံတောင်သူ ဦးသန်းမြင့်တစ်ယောက် သူပိုင်တဲ့
နွားတစ်ရှဉ်းကို ရောင်းချပြီး စားဝတ်နေရေး ဖြေရှင်းခဲ့ရပါတယ်။

"စက်ယန္တရားကြီးတွေနဲ့ ကျွန်တော့် လယ်အထက်မှာ တူးကြတာ။ ၂၄ နာရီ မရပ်ကြဘူး။
ကျွန်တော့်လယ်ကအောက်က၊ သူတို့လုပ်ကွက်က အထက်ဆိုတော့ စွန့်ပစ်မြေတွေကို ချောင်းထဲ
သွန်ချတာ။ ကျွန်တော်ကပြောတယ်၊ မင်းတို့က ချောင်းထဲပစ်ရင် ငါ့လယ်က အောက်မှာရှိတယ်၊
ပို့သွားမှာလို့ဆိုတော့ ကျွန်တော်တို့က အထက်ကခိုင်းတဲ့ အတိုင်းပဲတဲ့၊ ဆက်ဖို့တယ်။
၀ါးတစ်ရိုက်ကျော်လောက် ချောင်းအကျယ်အပြည့်ပဲ။ အမြင့်က ထန်း တစ်ပင်စာရှိမယ်" လို့
စွန့်ပစ်မြေစာတွေ ဖုံးလွှမ်းခြင်းခံခဲ့ရတဲ့ လယ်ယာမြေပိုင်ရှင် ဦးသန်းမြင့်က ပြောပါတယ်။

သယံဇာတနဲ့ ဓာတ်သတ္တုရှာဖွေတူးဖော်မှုတွေကြောင့် မကွေးတိုင်းဒေသကြီးအတွင်းက ဒေသခံတွေရဲ့
လူမှုဘဝမှာ ထိခိုက်မှုတွေ ရှိလာနေပြီး သက်ဆိုင်ရာကုမ္ပဏီတွေက တာဝန်ယူမှု အားနည်းနေတယ်လို့
မကွေးအခြေစိုက် EITI စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ညှိနှိုင်းရေးမှူး ကိုအိုလာက ပြောပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနရဲ့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ
၃၁ ရက် စာရင်းတွေအရ မကွေးတိုင်းဒေသကြီးမှာ ဓာတ်သတ္တုအကြီးစားထုတ်လုပ်ဖို့ ခွင့်ပြုထားတဲ့
ကုမ္ပဏီအဖွဲ့အစည်း သုံးခု ရှိနေပြီး အသေးစား ထုတ်လုပ်ရေးအတွက် ကုမ္ပဏီပေါင်း ၄၀ ကို
ခွင့်ပြုထားပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်အနောက်ဘက်ကမ်းမြို့တွေဖြစ်တဲ့ မင်းလှနဲ့ မင်းဘူးမြို့နယ်
တွေမှာ ၁၀ နှစ်စာ အကြီးစား ကျောက်မီးသွေးထုတ်လုပ်မှု လုပ်ငန်းလုပ်ကိုင်ခွင့်အတွက်
ကုမ္ပဏီနှစ်ခုကို ၂၀၁၄ ခုနှစ်မှာ ခွင့်ပြုခဲ့ပါတယ်။

ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းအတွက် ခွင့်ပြုမိန့်ရရှိခဲ့တဲ့ ဧရိယာက မင်းလှမြို့နယ်မှာ ၄၅ ဧကနဲ့
မင်းဘူး မြို့နယ်မှာ ၁၄၈ ဒသမ ၅၀ ဧက ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေနဲ့ ပတ်သက်ပြီး သတ္တုတူးဖော်ရေးကုမ္ပဏီတွေကို
စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကြပ်မတ်မှုတွေ လုပ်ဆောင်ထားတယ်လို့ မကွေးတိုင်းဒေသကြီး
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနရဲ့တာဝန်ခံဦးဝင်းကိုကိုက ပြောပါတယ်။

"စက်မှုလုပ်ငန်းပဲဖြစ်ဖြစ်၊ သတ္တုတွင်းလုပ်ငန်းပဲဖြစ်ဖြစ် လုပ်ငန်းတွေ အားလုံးက အနည်းနဲ့အများတော့
ပတ်ဝန်းကျင်ထိခိုက်မှုကတော့ ရှိနေတာပဲ။ သဘာဝအနေအထားကို ပျက်ပြီဆိုတာနဲ့ ပတ်ဝန်းကျင်
အနေအထား ထိခိုက်တာပဲ။ လူကြီးတွေရဲ့ သဘောကတော့ သယံဇာတထုတ်လုပ်မှုလည်း လုပ်၊
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း တစ်ခါတည်း ပြန်လုပ်လို့ ခိုင်းထားတာရှိတယ်" လို့
သူက ပြောပါတယ်။

မင်းလှမြို့နယ် ကန်တုတ်ကျေးရွာအနီးက ကျောက်မီးသွေးတူးဖော်ရေး လုပ်ငန်းခွင်ဟောင်းမှာတော့
လုပ်ငန်းခွင်မှာ ကျန်ရှိနေတဲ့ မိုင်းတွင်းဟောင်းတွေရှိနေသလို ဒေသခံတချို့ရဲ့ ယာမြေတွေမှာလည်း
မြေအောက်လိုဏ်ခေါင်း တူးဖော်မှုတွေကြောင့် မြေကျွံကျမှုတွေ ရှိနေတယ်လို့ ကန်တုတ်ကျေးရွာက
မအေးနွဲ့က ပြောပါတယ်။

"သူတို့ ကုမ္ပဏီတူးခွင့်ရတာ ဒီနေရာဆိုပြီး ၀င်တူးသွားတယ်။ ကျေးရွာကိုလည်း ဘာမှမပြောဘူး။
တစ်ရွာလုံးကိုလည်း မညှိနှိုင်းဘူး။ နယ်နိမိတ်နီးစပ်တဲ့မြေကွက်ရှင်တောင် မညှိနှိုင်းဘဲတူးသွားတယ်။
ကားကြီးတွေလာတယ်။ ဘာဝန်တွေ(ကုန်ပစ္စည်း)တင်တယ်မသိဘူး။ အုပ်ပြီးတော့သာ
တဖြည်းဖြည်းချင်းပြန် သွားကြတယ်။ အဲဒီလိုပဲခံခဲ့ရတာ ခုချိန်ထိ ဒီအတိုင်းပဲ"လို့ သူက ပြောပါတယ်။

ကန်တုတ်ကျေးရွာအနီးက ကျောက်မီးသွေးတွင်း တူးဖော်မှုတွေကြောင့် ထိခိုက်နစ်နာမှုတွေအပေါ်
ဒေသခံတွေက သက်ဆိုင်ရာ အစိုးရနဲ့ ဌာနဆိုင်ရာတွေကို တိုင်ကြား တောင်းဆိုမှုတွေ
ပြုလုပ်ခဲ့ကြပါတယ်။

နေပြည်တော်နဲ့ တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့်က တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ နှစ်တွေမှာ
နှစ်ကြိမ်တိုင်တိုင် လာရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ ဖြေရှင်းကူညီဆောင်ရွက်မှု တစ်စုံတစ်ရာ
မရရှိခဲ့ဘူးလို့လည်း ဒေသခံတောင်သူ ဦးသန်းမြင့်က ပြောပါတယ်။

ငဖဲမြို့နယ်အတွင်း ခရိုမိုက်ရှာဖွေတူးဖော်ရေး လုပ်ငန်းခွင်က စွန့်ပစ်မြေစာပုံကို လေ့လာကြည့်ရှုနေသူတစ်ဦး။ နေအောင်/မြန်မာတိုင်း(မ်)

"သက်ဆိုင်ရာ ဌာနဆိုင်ရာတွေရဲ့ ပူးပေါင်းကွင်းဆင်းစစ်ဆေးမှု အစီရင်ခံစာတွေ ပွင့်လင်းစွာ
ချမပြတာကလည်း ဒေသခံတွေအတွက် တကယ်ကြံုတွေ့ရတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့
ချဉ်းကပ်ရာမှာ ခက်ခဲမှုတွေ ရှိနေပါတယ်" လို့ ကိုအိုလာက ဝေဖန်ထောက်ပြပါတယ်။

စွန့်ပစ်မြေစာတွေဟာ စပါးစိုက်မြေတွေသာမက ပဲနှမ်းစိုက်ယာမြေတွေမှာပါ ဖုံးလွှမ်းခဲ့တာပါ။

ဒေသခံတချို့ရဲ့ ယာမြေတွေပေါ်မှာ ကျောက်မီးသွေး သယ်ဆောင်လာတဲ့ ကားတွေ
ဖြတ်သန်းမောင်းနှင်ခဲ့တာတွေရှိတယ်လို့ ကန်နီကျေးရွာက တောင်သူတစ်ဦးဖြစ်တဲ့
ဦးဖုန်းက ပြောပြပါတယ်။ သူ့အနေနဲ့တော့ ကုမ္ပဏီကပေးတဲ့ နစ်နာကြေးတချို့ ရခဲ့တယ်လို့လည်း
ဆိုပါတယ်။

"စပြီးတူးတဲ့နှစ်က ပိုက်ဆံ ငါးသောင်းပေးတယ်။ ယာထဲကို ကားတွေလည်း ဖြတ်တယ်။
ကျွန်တော့်ယာထဲမှာ တူးသွားတာကို ဆယ်ပေ ပတ်လည်လောက် အောက်ကို တူးဆင်းသွားတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ဘာမှ မစိုက်ရဘူး၊ ဒီနှစ်လည်း စိုက်မရဘူး" လို့ သူက ပြောပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ ကျောက်မီးသွေးတူးဖော်မှုတွေအပြင် ထုံးကျောက်၊ ခရိုမီယမ်၊
ကြေးနီ၊ သံသတ္တု၊ ခဲနဲ့ တခြားသတ္တုအရောအနှောတွေ ရှာဖွေတူးဖော်မှုကြောင့် ဒေသခံတွေရဲ့
လယ်ယာစိုက်ပျိုးရေးနဲ့ သဘာဝဂေဟဖြစ်စဉ်တွေကို ထိခိုက်ပျက်စီးမှုတွေ ရှိနေပါတယ်။

မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ပိဿလိမ်ကျေးရွာ၊ထုံးတောင်မှာ ၁၉၉၉ ခုနှစ်ကစပြီး
မြန်မာ့ကြွေထည်မြေထည်လုပ်ငန်းက ထုံးကျောက်ထုတ်လုပ်ရေး လုပ်ကိုင်နေခဲ့တာပါ။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ မြန်မာ့ကြွေထည်
မြေထည်လုပ်ငန်းက နှစ်ပေါင်း ၂၀ ကြာ တူးဖော်ထုတ်လုပ်ခွင့်ရထားတာ ဖြစ်ပါတယ်။

မင်းဘူးမြို့နယ်၊ သံပုရာကိုင်းကျေးရွာအနီးမှာလည်း ကျောက်မီးသွေးတူးဖော်မှုတွေရှိနေတယ်လို့
ဒေသခံတွေက ဆိုပါတယ်။

ကျောက်မီးသွေးတူးဖော်ဖို့ မြေအောက်လိုဏ်ခေါင်းတွေ တူးဖော်ရာမှာ မန်းရွှေစက်တော်ရာ
ဘုရားနယ်နိမိတ်အထိ ရောက်ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။

၂၀၁၄ ခုနှစ်က မကွေးတိုင်းဒေသကြီး အနောက်ခြမ်း ငဖဲမြို့နယ်အတွင်းမှာ ကုမ္ပဏီတစ်ခုက
ခရိုမိုက်ရှာဖွေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ခဲ့ပါတယ်။

ငဖဲမြို့နယ်အတွင်းက ငရန့်ချောင်း၊ ကံရွာ၊ လေးအိမ်စု၊ ရေပုတ်၊ ရှစ်စု ကျေးရွာတွေဟာ တောင်ပေါ်က
စိမ့်ထွက်လာတဲ့ စမ်းရေကို သောက်သုံးရေအဖြစ် အသုံးပြုနေရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း
တစ်ဦးဖြစ်တဲ့ ဦးတင်ရှိန်က ဆိုပါတယ်။

တောင်ပေါ်မှာ ခရိုမိုက်ရှာဖွေတူးဖော်ရေးကုမ္ပဏီက ၂၀၁၆ နှစ်ကုန်ပိုင်းအထိ လုပ်ကိုင်ခဲ့တဲ့အတွက်
တောင်ရဲ့နေရာအတော်များများ တူးဆွမှုတွေခံခဲ့ရပါတယ်။

ခရိုမိုက်သတ္တုတူးဖော်ရာက ထွက်ရှိလာတဲ့ စွန့်ပစ်မြေစာပုံဟာ လေးဧကကျယ်ဝန်းပြီး ပေ ၃၀ ကျော်
အမြင့်ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"ယန္တရားစက်နဲ့ အကုန်ဖြိုလိုက်မယ်ဆိုရင် ရွာလည်း ရေငတ်သွားမယ်။ ကျွန်တော်တို့ကလည်း ဒီရွာက
စိမ့်စမ်းပဲ အားကိုးနေရတာ" ဟု ဒေသခံဦးမြင့်လွင်က ပြောပါတယ်။

လက်ရှိ အစိုးရလက်ထက်မှာတော့ သစ်တောကြိုးဝိုင်းဧရိယာတွေမှာ သတ္တုရှာဖွေတူးဖော်မှုတွေကို
တိုင်းအစိုးရက ခွင့်မပြုတော့ဘူးလို့ မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတာဝန်ခံ
ဦးဝင်းကိုကိုက ပြောပါတယ်။

"ကျွန်တော်တို့ မကွေးတိုင်းမှာ သတ္တုတွင်းက ရုံးမစိုက်နိုင်သေးဘူး။ အခုမှမြေနေရာရှာဖို့ လုပ်နေတယ်။
သယံဇာတတူးဖော်တဲ့ကုမ္ပဏီတွေ တော်တော်များများက သတ္တုတွင်းနဲ့ပဲ အဓိကတိုက်ရိုက်
စာချုပ်ချုပ်တယ်။ စာချုပ်ပါ စည်းကမ်းချက်မှာက မိုင်းပိတ်သိမ်းရင် သူတို့လုပ်ခဲ့တဲ့ မိုင်းဧရိယာမှာ
သွားပြီးတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဖို့ ရာခိုင်နှုန်း ဘယ်လောက်ဆိုပြီး
ငွေကြို သွင်းရတာတွေရှိတယ်။ အဲဒါတွေနဲ့ ပြန်လုပ်ရတယ်။ မိုင်းပိတ်သိမ်းဖို့ ကွင်းဆင်းစစ်တဲ့အဖွဲ့
ရှိတယ်။ ပြီးမှသာလျှင် ကုမ္ပဏီရဲ့တာဝန်ပြီးဆုံးတယ်" လို့ သူက ရှင်းပြတယ်။

လက်ရှိအချိန်ထိတော့ မကွေးတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်
ထိခိုက်မှုတွေအတွက် အရေးယူမှု တစ်စုံတစ်ရာ မရှိသေးဘူးလို့လည်း ဦးဝင်းကိုကိုက ပြောပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနရဲ့ စာရင်းတွေအရ
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်၊ မင်းဘူး၊ သရက်၊ ငဖဲ၊ စေတုတ္တရာ၊ ဆော၊ ပေါက်၊ ကံမ၊
ဂန့်ဂေါ၊ ထီးလင်း၊ မင်းတုန်းမြို့နယ်တွေမှာ ဓာတ်သတ္တု ရှာဖွေတူးဖော်မှုတွေ ရှိနေပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး