မကွေးတွင် ကေတီဗီဆိုင် မီးလောင် ၁၅ ဦး သေဆုံး

မကွေးတွင် ကေတီဗီဆိုင် မီးလောင် ၁၅ ဦး သေဆုံး

မကွေးမြို့တွင် ကာရာအိုကေဆိုင် မီးလောင်မှုကြောင့် ၁၅ ဦးသေဆုံးပြီး ဒဏ်ရာပြင်းထန်စွာ
ရရှိခဲ့သူတစ်ဦး မကွေးတိုင်းဒေသကြီး ဆေးရုံကြီး၌ ကုသမှု ခံယူနေကြောင်း မကွေးတိုင်းဒေသကြီး
မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

မကွေးမြို့ မြင်သာ ၂၉ လမ်းနှင့် သစ္စာလမ်းထောင့်ရှိ ရွှေမြတ်မင်းသမီး အအေးခန်း
စားသောက်ဆိုင်တွင် ယခုလ ၂ ရက်၊ ည ၁၀ နာရီက မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း
မြို့နယ်မီးသတ်ဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။

"အဲဒီဆိုင်ရဲ့ အပေါ်ထပ်မှာ အဲကွန်း ငါးလုံးတပ်ထားတယ်။ အသံနဲ့ ပတ်သက်တဲ့ စက်တွေ၊
ဆောင်းဘောက်တွေ သုံးထားတယ်။ အောက်ထပ်မှာ ပန်ကာတွေ၊ ကွိုင် မီးဖိုကြီးတွေ
သုံးထားတယ်လို့ တွေ့ထားတယ်။ သူက အိမ်သုံးမီတာ၊ ပါ၀ါမီတာ မဟုတ်ဘူး။ ခံနိုင်တဲ့ အားထက်
ပိုသုံးတယ်လို့ ယူဆတယ်။ ၀ိုင်ယာရှော့ မဟုတ်ဘူး"ဟု မကွေးမြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးစိုးညွန့် က
ပြောသည်။

အဆိုပါ ကေတီဗီဆိုင်သည် မိသားစု နေအိမ်ကို အသွင်ပြောင်း ဖွင့်လှစ်ထား ခြင်းဖြစ်၍ အရေးပေါ်
ထွက်ပေါက် မရှိခြင်း၊ အသံလုံစနစ်ဖြစ်ရန် နံရံတွင် ရေမြှုပ်များ တပ်ဆင်ထားခြင်းဖြစ်၍ မီးလောင်မှု
ဖြစ်ပွားချိန်တွင် မီးလောင်မှုအား ပိုမိုမြန်ဆန်စေခဲ့ကြောင်း ၎င်းက ပြောသည်။

"ဆီလီကွန်လို ရေမြှုပ်တွေ နံရံမှာ ကပ်ထားတယ်ဆိုတော့ အဲဒီကောင်တွေက မီးလောင်မှုကို
မြန်ဆန်စေတယ်။ အဲဒါကို လောင်တော့ ဂက်(စ်)တွေ ထွက်လာတာပေါ့။ အဆိပ်ငွေ့တွေပါ။
အဲဒီအဆိပ် ငွေ့တွေကိုရှုမိတော့ အာရုံကြောစနစ်တွေ ချို့ယွင်းသွားမယ်၊ မူးမေ့သွားမယ်၊ အဲဒီတော့
သူတို့ မထွက်နိုင်တော့ဘူး"ဟု လူသေဆုံးမှု များပြားခြင်းအပေါ် ဦးစိုးညွန့်က သုံးသပ်ပြောကြားသည်။

အဆိုပါ အအေးခန်းစားသောက်ဆိုင်သည် ကေတီဗီလိုင်စင်နှင့် ယစ်မျိုးလိုင်စင်ပါရှိသည်ဟု
မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောသည်။

"အမျိုးသမီးတွေ ပါရှိနေမှု အပေါ်မှာတော့ စစ်ဆေးရဦးမှာပါ"ဟု ၎င်းက ပြောသည်။

မီးလောင်သည့် အဆောက်အအုံသည် ငှားရမ်း ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ငှားရမ်းသူ ဦးရဲညွန့်မှာ
ထွက်ပြေးတိမ်းရှောင်နေကြောင်းနှင့် အဆိုပါဖြစ်စဉ်ကို မကွေးမြို့မရဲတပ်ဖွဲ့စခန်းက ပုဒ်မ ၂၈၅ အရ
အမှုဖွင့်အရေးယူထားသည်ဟု ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး