၁၉၉၅ ခုနှစ်မှစပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက နိုင်ငံတကာ
ခရီးသွားဧည့်သည်တွေထံက ပုဂံမြို့ဟောင်း ဇုန်ဝင်ကြေး ကောက်ခံခဲ့ပါတယ်။
ကောက်ခံရရှိတဲ့ ဇုန်ဝင်ကြေးငွေအားလုံးကို အစိုးရ ဘဏ္ဍာထဲသို့ တိုက်ရိုက်ထည့်သွင်းရပြီး
ပုဂံဘုရားများ ပြုပြင်ထိန်းသိမ်းရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဘတ်ဂျက်ထဲက
နှစ်စဉ်အချိုးကျ ပြန်လည်ခွဲဝေ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဖွံဖြိုး တိုးတက်ရေးကိုရည်ရွယ်၍ ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ
ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့ ငါးနှစ်စာ ပုဂံဇုန်ဝင်ကြေးကောက်ခံမှုလုပ်ငန်း သဘောတူစာချုပ်ကို
၂၀၁၆ ခုနှစ်၊ မတ်လမှာ ချုပ်ဆိုခဲ့ပါတယ်။
စာချုပ်အရ ကောက်ခံရရှိတဲ့ ပုဂံနယ်မြေဇုန်ဝင်ကြေးမှ ၉၀ ရာခိုင်နှုန်းကို အစိုးရဆီ လွှဲအပ်ပေးရမှာ
ဖြစ်ပါတယ်။
ကျန်ရှိတဲ့ ၁၀ ရာခိုင်နှုန်းထဲက ၄ ရာခိုင်နှုန်းကို ပုဂံဒေသ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းနဲ့
ပုဂံဒေသယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် အသုံးပြုရမှာဖြစ်ပြီး
၆ ရာခိုင်နှုန်းကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အရောင်းမြှင့်တင်ရေးအတွက် အသုံးပြုသွားမယ်လို့
ဆိုပါတယ်။
"ရည်ရွယ်ချက်က ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားပြပွဲတွေ၊ ခရီးသွားနဲ့
ဆက်စပ်တဲ့ အရောင်းမြှင့်တင်ရေး လုပ်ငန်းတွေမှာ အသုံးပြုသွားမှာဖြစ်တယ်။
လက်ရှိမှာ မြန်မာနိုင်ငံကိုယ်စားပြုသွား ရောက်ပြသတဲ့ နိုင်ငံတကာ ခရီးသွားပြပွဲတွေမှာ
၃ ရာခိုင်နှုန်းကို သုံးလိုက်ပြီးပြီ" လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး
ဦးကြည်သိမ်းကို က ပြောပါတယ်။
ပုဂံဒေသ ပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ရရှိတဲ့ပမာဏဟာ
နည်းလွန်းနေတဲ့အတွက် ၂၀၁၆ ခုနှစ် အစောပိုင်းကတည်းက ပိုမိုတိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့
ယနေ့ အချိန်ထိ တိုးမြှင့်ပေးနိုင်ခြင်း မရှိသေးပါဘူး။
အကြောင်းကတော့ ပုဂံဇုန်ဝင်ကြေးငွေအားလုံးက အစိုးရဘဏ္ဍာထဲ ရောက်ရှိတာကြောင့်ဖြစ်တယ်လို့
၀န်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
၂၀၁၅ - ၁၆ ဘဏ္ဍာနှစ်မှာ ပုဂံဒေသသို့ နိုင်ငံတကာခရီးသွားဧည့်သည် ၂၄၀,၀၀၀ ကျော်
၀င်ရောက်ခဲ့ပြီး ဇုန်ဝင်ကြေးကောက်ခံရရှိငွေ ကျပ် ၆ ဒသမ ၂၅ ဘီလျံကျော် ရရှိခဲ့ပါတယ်။
အဆိုပါနှစ်အတွက် ပုဂံဒေသ ဘုရားများ ပြုပြင်ထိန်းသိမ်းရေးအတွက် အစိုးရ အသုံးပြုတဲ့
ဘတ်ဂျက်ငွေမှာ ကျပ် ၂၇၄ သန်း ရှိတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်းက
ပြောပါတယ်။
အဆိုပါငွေကျပ် ၂၇၄ သန်းကို ဧရာဝတီ မြစ်ကမ်းဘေးရှိ ဘုရားများ ရေတိုက်စားမှု ဒဏ်ကာကွယ်ရေး၊
မိုးရွာသွန်းမှုကြောင့် ပျက်စီးသွားတဲ့ ဘုရားများ ပြုပြင်မွမ်းမံရေး၊ ထီးလိုမင်းလိုဘုရားနဲ့
ပုထိုးသားဘုရားအတွင်းရှိ နံရံဆေးရေးပန်းချီများ ထိန်းသိမ်းရေး စတဲ့ လုပ်ငန်းစဉ်များအတွက်
အသုံးပြုခဲ့တယ်လို့ သူက ပြောပါတယ်။
"ဒီနှစ်အတွက် (၂၀၁၆ - ၁၇ ဘဏ္ဍာနှစ်) ပုဂံဘုရားတွေ ပြုပြင်ထိန်းသိမ်းဖို့ ဘတ်ဂျက်ငွေချထားပေးတာ
မရှိဘူး။ ဒါပေမဲ့ ပြည်တွင်း ပြည်ပကရရှိတဲ့ အလှူငွေတွေနဲ့ ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့
ဘုရားတွေ ပြန်လည် ပြုပြင်ရေးအတွက်သာမက အခုနှစ် စက်တင်ဘာမှာ ကမ္ဘာ့အမွေအနှစ်စာရင်း
တင်သွင်းနိုင်ရေး လုပ်ငန်းများအတွက်ပါ အသုံးပြုသွားမယ်" လို့ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
ပုဂံဘုရားများ ပြုပြင်ထိန်းသိမ်းရေးအတွက် အများပြည်သူလှူဒါန်းငွေ ကျပ်သိန်းပေါင်း ၅၀,၀၀၀ ကျော်နဲ့
အမေရိကန်ဒေါ်လာ တစ်သိန်းကျော်ကို မတ်လကုန်အထိ ကောက်ခံရရှိထားပြီးဖြစ်ပါတယ်။
ဒါ့ပြင် တရုတ်နိုင်ငံ က အမေရိကန်ဒေါ်လာ တစ်သန်း၊ ဂျာမဏီနိုင်ငံက ယူရိုတစ်သိန်းနဲ့
အင်ဒိုနီးရှားနိုင်ငံက ဒေါ်လာငါးသိန်း လှူဒါန်းဖို့ ကမ်းလှမ်းထားတယ်လို့ ရှေးဟောင်းသုတေသနဌာန၊
တာဝန်ရှိသူတွေက ပြောပါတယ်။
"ဒီအလှူငွေတွေနဲ့ ပုဂံဘုရားတွေ ပြုပြင်ထိန်းသိမ်းရေး လုပ်မယ်ဆိုရင် လုံလောက်တဲ့ အနေအထား
ရှိတယ်" လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး
ဦးအောင်အော်ကျော်က ပြောပါတယ်။
၂၀၁၆ ခုနှစ်၊ မတ် ၁ ရက်ကနေ ယခုနှစ် ဖေဖော်ဝါရီလကုန်အထိ ပုဂံဇုန်ဝင်ကြေး ရရှိငွေ
ကျပ်သန်းပေါင်း ရ,၃၈၀ ဒသမ ၅ နဲ့ ကမ္ဘာလှည့်ခရီးသွားဧည့်သည် သုံးသိန်းနီးပါး ၀င်ရောက်ခဲ့ပါတယ်။
ဒီအရေအတွက်မှာ ပြီးခဲ့တဲ့နှစ်ထက် ခရီးသွားဦးရေ ၅၀,၀၀၀ ကျော် တိုးတက်လာခြင်းဖြစ်ပြီး
ငွေအားဖြင့် ၁ ဒသမ ၃ ဘီလျံ တိုးမြှင့် ကောက်ခံရရှိခဲ့ပါတယ်။
ပုဂံဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် (ကျပ်သန်း ၁၄၇ ဒသမ ၆ နဲ့ညီမျှတဲ့) ၂ ရာခိုင်နှုန်းကို
ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးက ထိန်းသိမ်းပေးထားပြီး ပုဂံဒေသ ယဉ်ကျေးမှုအမွေအနှစ်
ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ၂ ရာခိုင်နှုန်းကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်
ဦးစီးဌာနက ထိန်းသိမ်းပေးထားပါတယ်။
ပုဂံဒေသလူမှုရေးအဖွဲ့အစည်းများဖြစ်တဲ့ ပုဂံမြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း
(Bagan Heritage Trust)၊ ပုဂံဒေသဖွံ့ဖြိုးတိုးတက်ရေးအသင်း (Bagan Regional Development
Association) နဲ့ ပုဂံဒေသ ပလတ်စတစ်သုံးစွဲမှု ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု (Bagan Plastic
Campaign) စတဲ့ အသင်းအဖွဲ့များကို ထို ၄ ရာခိုင်နှုန်းထဲက အချိုးကျ သုံးစွဲခွင့်ပြုမှာ ဖြစ်ပါတယ်။
"အရင်တုန်းက ကောက်ခံရရှိတဲ့ ၁၀၀ ရာခိုင်နှုန်းလုံး အစိုးရကို ပြန်ပေးရတာ။ ဒီနှစ်မှ ပထမဆုံး
ဇုန်ဝင်ကြေးထဲက ၂ ရာခိုင်နှုန်း ကို ပုဂံဒေသယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးအတွက်ရဖူးခြင်း
ဖြစ်တယ်။ အခုထိ အဲဒီ ၂ ရာခိုင်နှုန်းကို မသုံးရသေးဘူး" လို့ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
ယဉ်ကျေးမှုဝန်ကြီးနဲ့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့ ချုပ်ဆိုထားတဲ့ သတောတူညီမှုစာချုပ်အရ
ပုဂံမြို့အတွင်း လမ်းမီးများထွန်းလင်းနိုင်ရေးနဲ့ ဒေသခံ ပြည်သူများအတွက် လိုအပ်တဲ့ ကျန်းမာရေး
အထောက်အပံ့များအတွက် ဇုန်ဝင်ကြေး ၄ ရာခိုင်နှုန်းထဲက သုံးစွဲခွင့် မရှိပေ။
"ဒီနေ့ပုဂံဟာ အရင်တုန်းကပုဂံနဲ့ ဘာမှကွဲပြားခြားနားမှု မရှိပါဘူး။ လက်ရှိအနေအထားအရ
ပုဂံဇုန်ဝင်ကြေးက ရရှိတဲ့ ရာခိုင်နှုန်းက အရမ်းနည်းပါတယ်။ ရတဲ့ငွေနဲ့ လုပ်ချင်တာနဲ့ မမျှဘူး။
သို့သော် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်က ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် သုံးစွဲတော့
ကျွန်တော်တို့က ၄ ရာခိုင်နှုန်းထဲက အချိုးကျ အသုံးပြုခွင့်ရတယ်" လို့ ပုဂံဒေသဖွံ့ဖြိုးတိုးတက်ရေး
အသင်း အတွင်းရေးမှူး ဦးဝင်းမောင်က ပြောပါတယ်။
ပုဂံဒေသပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂ ရာခိုင်နှုန်းထဲက ပုဂံဘုရားများပေါ်မှာ
ပေါက်ရောက်နေတဲ့ ညောင်ပင်တွေ၊ မိုးရွာတဲ့အခါ မိုးယိုတဲ့ ဘုရားတွေ၊ ဘုရားပတ်ဝန်းကျင်
အမှိုက်သန့်ရှင်းရေး စတာတွေ ပြုပြင်ဆောင်ရွက်ဖို့ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးကို တင်ပြထားတယ်လို့
ပုဂံမြို့ပြအမွေ အနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးဇော်ဝင်းချိုက
ပြောပြပါတယ်။
"အရင်တုန်းက မရခဲ့ဖူးဘူး။ ပုဂံမှာ လိုအပ်တာတော့ အများကြီးပေါ့။ ဒီလောက်နဲ့တော့
မလုံလောက်သေးဘူး။ မြင်တဲ့အရာတွေကို မြင်တာနဲ့ တန်းပြီးလုပ်ချင်တာ။ လမ်းအခုပျက် အခုပြင်။
ရွှေဆံတော်ဘုရားသွားတဲ့ လမ်းမှာဆို ဖုန်တွေ တထောင်းထောင်းနဲ့ ဒါမျိုးမဖြစ်သင့်ဘူး။
ကျွန်တော်တို့က နိုင်ငံခြားသားတွေဆီက ဇုန်ဝင်ကြေး ကောက်ခံထားတာ။ အဲဒါကြောင့် တာဝန်ရှိတဲ့
အဖွဲ့က လုပ်ပေးစေချင်တယ်"လို့ သူက ပြောပါတယ်။
နိုင်ငံခြားသားတစ်ဦးကို ပုဂံဇုန်ဝင်ကြေး အမေရိကန်ဒေါ်လာ ၂၀ သတ်မှတ်ခဲ့ရာမှ ၂၀၁၅ ခုနှစ်မှာ
မြန်မာကျပ်ငွေ ၂၅,၀၀၀ သို့ ပြောင်းလဲကောက်ခံခဲ့ပါတယ်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ဇုန်ဝင်ကြေးကို ပုဂံညောင်ဦး လေဆိပ်၊ ရေဆိပ်ဝင်ပေါက်များ၊
အဝေးပြေးကားဂိတ်များ၊ စစ်ဆေးရေးဂိတ်များဖြစ်တဲ့ ရွှေဆံတော်၊ ထီးလိုမင်းလို၊ အာနန္ဒာ
စတဲ့နေရာတွေမှာ ကောက်ခံလျက်ရှိပါတယ်။
















