ပြည်သူအတွက် အကျိုးရှိသည့်အဆိုများ တင်သွင်းသွားမည်ဟု အနိုင်ရ မုံရွာပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ပြည်သူအတွက် အကျိုးရှိသည့်အဆိုများ တင်သွင်းသွားမည်ဟု အနိုင်ရ မုံရွာပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား

၂ဝ၁၇ ခုနှစ်၊ ဧပြီ ၁ ရက်က ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် မုံရွာမြို့နယ်ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးညွန့်အောင်
ရွေးကောက်ခံခဲ့ရကာ လွှတ်တော်တွင် ပြည်သူအတွက်အကျိုးရှိသည့်အဆိုများ တင်သွင်းသွား
မည်ဟု အနိုင်ရကိုယ်စားလှယ်က ဆိုသည်။

မုံရွာမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးညွန့်အောင်က ၉၅,၉၅၃ မဲ (၈၁ ဒသမ ၆၉
ရာခိုင်နှုန်း) ဖြင့် မဲအများဆုံးရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာဝင်းမြင့်
အောင်က ၁၆,၅၉၃ မဲ (၁၄ ဒသမ ၁၃ ရာခိုင်နှုန်း)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ
ဦးစိန်မောင်းက ၂,၆၆၆ မဲ (၂ ဒသမ ၂၇ ရာခိုင်နှုန်း)၊ အမျိုးသားတိုးတက်ရေးပါတီမှ ဦးညွန့်လှိုင်
က မဲ ၁,၇၄ဝ (၁ဒသမ၄၈ ရာခိုင်နှုန်း)၊ ပြည်သူ့ဒီမိုကရေစီပါတီမှ ဒေါက်တာသန်းထိုက်ဦးက ၅ဝ၆
မဲ (သုည ဒသမ ၄၃ ရာခိုင် နှုန်း) အသီးသီးရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲ
ကော်မရှင်အဖွဲ့ခွဲက ကြေညာခဲ့သည်။

''ကျွန်တော်လွှတ်တော်ထဲရောက်သွားရင် လွှတ်တော်လုပ်ငန်းစဉ်တွေအတိုင်းပဲ ဆက်လက်
ဆောင်ရွက်သွားပါမယ်။ ကျွန်တော်တို့ မုံရွာမြို့နယ်မှာက ဒေသအလိုက် တစ်ခုနဲ့တစ်ခုလိုအပ်ချက်
တွေမတူပါဘူး။ အဲဒီအတွက်လည်း ကျွန်တော်ဒေသခံတွေရဲ့ လိုအပ်ချက်လေးတွေကို စာရင်းလုပ်
ထားတာရှိပါတယ်။ တစ်ဦးချင်းလိုက် မေးထားတာမျိုးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ အစုအဖွဲ့လိုက်
မေးမြန်းထားတာပါ။ လျှပ်စစ်လိုအပ်တဲ့ ဒေသတွေရှိသလို ကျန်းမာရေး၊ ပညာရေးလိုအပ်တဲ့ဒေသ
တွေအလိုက် စာရင်းလုပ်ထားတယ်။ ပြည်သူအတွက် တကယ်အကျိုးရှိမယ့်မေးခွန်းတွေ၊ အဆို
တွေကို တင်သွင်းသွားပါမယ်။ ကျွန်တော့်ကို မဲပေးတဲ့ ပြည်သူတွေကို ကျေးဇူးတင်ပါတယ်'' ဟု
ဦးညွန့်အောင်က ပြောသည်။

မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၅ဝ,ဝ၄ဝ ဦးရှိသော်လည်း
၁၁၉,၁၈၂ ဦးသာ လာရောက်ဆန္ဒမဲပေးခဲ့ကြောင်း၊ ဆန္ဒမဲများအနက် ၁၁၇,၄၂၈ မဲသာ ခိုင်လုံ
သောဆန္ဒမဲဖြစ်ကြောင်း ကော်မရှင်မှသိရသည်။

''အရင်နှစ်တွေက ရွေးကောက်ပွဲတွေနဲ့ယှဉ်ရင်တော့ မဲရုံတွေမှာ တာဝန်ကျနေတဲ့လူတွေက ပိုပြီး
တော့ကျွမ်းကျင်မှုရှိလာတယ် လို့ ပြောချင်တယ်။ အဲဒီအတွက်လည်း မဲပေးရတာ လွယ်ကူအဆင်
ပြေတယ်။ ရလဒ်ကိုလည်း အားရကျေနပ်ပါတယ်။ လွှတ်တော်ထဲရောက်သွားမယ့် ကိုယ်စားလှယ်
ကိုတော့ မုံရွာအတွက် အဓိက တရားဥပဒေစိုးမိုးရေးကို ပိုမိုလုပ်ပေးစေချင်တယ်။ အားလုံးသိတဲ့
အတိုင်း သတင်းထောက်အသတ်ခံရတဲ့အမှုမှာလည်း အခုထိ ဘာမှမသိရသေးပါဘူး''ဟု မုံရွာမြို့
မြို့သစ်ရပ်ကွက်တွင်နေထိုင်သူ ကိုဇော်သူရိန်ထွန်းက ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မုံရွာမဲဆန္ဒရှင်များ၏စိတ်ဝင်စားမှုနည်းပါးကြောင်း ရွေးကောက်ပွဲ
စောင့်ကြည့်လေ့လာသူများနှင့် ရပ်ကွက်ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များကပြောသည်။

''ကျွန်တော်တို့ စောင့်ကြည့်ခဲ့တဲ့ မဲရုံတွေမှာလူကြပ်နေတာ၊ တိုးနေတာမရှိဘူး။ ပြည်သူတွေရဲ့
စိတ်ဝင်စားမှုနည်းတယ်'' ဟု Election Education and Observation Partners မှ ဦးကျော့လှိုင်
က ပြောသည်။

မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်မဲရုံမှ ပါတီမဲရုံကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ကိုလွှမ်းမိုးက
ကျွန်တော်စောင့်ကြည့်တဲ့ မဲရုံ(၁)မှာ မဲပေးပိုင်ခွင့်ရှိတဲ့ဦးရေ ၁,၆၆၄ ဦးရှိတယ်။ နေ့တစ်ဝက်ကျိုး
တဲ့အထိ ၄ဝဝ လောက်ပဲ ရောက်သေးတယ်။ တော်တော်လေးကိုနည်းတယ်''ဟု ပြောသည်။

၂ဝ၁၅ ခုနှစ်က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်မှဒေါက်တာသန့်စင်မောင်သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံထားရသောကြောင့် အဆိုပါကိုယ်စားလှယ်နေရာ လစ်လပ်သွားခဲ့ခြင်း
ဖြစ်သည်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး