ချင်းပြည်နယ်တွင်မြေပြိုမှုများကြောင့် ပြောင်းရွှေ့နေထိုင်ရန် ချထားပေးသည့်နေရာကို သစ်တော
မြေဟုဆိုကာ ဖယ်ရှားရှင်းလင်းမှုများ ပြုလုပ်နေသောကြောင့် လူဦးရေ ၂,ဝဝဝ ကျော် နေစရာ
အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း ပြောင်းရွှေ့ နေထိုင်နေရသူများက ပြောသည်။
ယခုလ ၃ ရက်က မန္တလေးမီဒီယာစင်တာတွင် ချင်းပြည်နယ်ဒေသခံများနှင့် ၄င်းတို့ကိုလိုက်ပါ
ကူညီဆောင်ရွက်ပေးနေသူများက နေစရာ မြေနေရာအခက်အခဲများအတွက် သတင်းစာရှင်းလင်း
ပွဲပြုလုပ်ခဲ့သည်။
ချင်းပြည်နယ်တွင် ၂ဝ၁၅ ခုနှစ်အတွင်းက မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဖလမ်း၊ မတူပီ၊
တွန်းဇံနှင့်တီးတိန်မြို့နယ်တို့တွင် မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး ယင်းမြို့နယ်ရှိ ဒေသခံ ၂,ဝဝဝ ကျော်ကို
ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ် ဝေဘူလကျေးရွာ ဘွာလ်ဘီးလ်ကွင်းအကွက်အမှတ် ၁၄၄ ဆီးယင်း
ကြိုးပြင်ကာကွယ်ရေး သစ်တောမြေအတွင်းရှိမြေဧက ၁ဝဝ ဝန်းကျင်ခန့်ကို ၂ဝ၁၆ ခုနှစ်၊ မေလ
အတွင်းက ချင်းပြည်နယ် သစ်တောနှင့်သတ္တုဝန်ကြီး ဦးမန်ဟင်ဒါလ်က ကျေးရွာမြေအဖြစ်
သတ်မှတ်ပေးခဲ့ကြောင်း၊ ၄င်းနေရာသို့ ပြောင်းရွှေ့နေထိုင်စဉ် ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလ
အတွင်းက ချင်းပြည်နယ်အစိုးရအဖွဲ့က သစ်တောမြေတွင် ကျူးကျော်နေသည်ဟုဆိုကာ စက်
ယန္တရားအင်အားသုံး ဖြိုခွင်းခဲ့ကြောင်း တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်မှ မူဝါဒ
ရေးရာ ဗဟိုဥက္ကဋ္ဌ ဦးကြည်လင်းက သတင်းစာရှင်းလင်း ပွဲတွင် ပြောသည်။
''အခုလိုဖြိုခွဲခံလိုက်ရတော့ သူတို့မှာ နေစရာမရှိတဲ့အတွက် အခက်အခဲတွေဖြစ်နေတယ်။
ကျွန်တော်တို့လည်း ဒီကိစ္စတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေကို စာလည်းတင်တယ်။ လူကိုယ်
တိုင်လည်း တွေ့ဆုံပြောကြားပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ မပြေလည်သေးပါဘူး''ဟု ဦးကြည်
လင်းက ဆိုသည်။
ယင်းဘွာလ်ဘီးလ်ကွင်း အကွက်အမှတ် ၁၄၄ တွင် မြေပြိုမှုများကြောင့် ရွှေ့ ပြောင်းနေထိုင်သည့်
အိမ်ထောင်စု ၅၇ဝ ကျော်ရှိပြီး လူဦးရေ ၂,ဝဝဝ ကျော်ရှိကြောင်း၊ လက်ရှိတွင်ဖြိုခွင်းခံထားရခြင်း
ကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေပြီး ဒေသခံ ၁၈ ဦးကိုလည်း ပြည်သူပိုင်ပစ္စည်း
ကာကွယ်ရေးဥပဒေပုဒ်မ ၆(၁) ဖြင့်လည်းကောင်း၊ အကျိုးဖျက်ဆီးမှုနှင့် ပိုင်နက်ကျူးလွန်မှုပုဒ်မ
၄၄၇၊ ၄၂၇ တို့ဖြင့် တရားစွဲဆိုခံထားရကြောင်း ဒေသခံများက ဆိုသည်။
''ကျွန်မတို့ တိုင်းရင်းသားတွေမှာ သဘာဝကြောင့် နေစရာအခက်အခဲ ဖြစ်နေရတဲ့ကြားထဲ အခုလို
ပြောင်းရွှေ့ နေထိုင်ဖို့ပေးထားတဲ့နေရာကိုပါ ကျူးကျော်ဆိုပြီး ဖယ်ရှားခံရတော့ အရမ်းအခက်အခဲ
တွေဖြစ်နေတယ်။ ကလေးတွေလည်း ကျောင်းဆက်မတက်နိုင်ဘူး။ ယာခင်းတွေကိုလည်း
ဒီအတိုင်းပဲ ပစ်ထားခဲ့ရတယ်။ ဘာဆက်လုပ်ရမယ်ဆိုတာကို မသိဘူးဖြစ်နေတယ်''ဟု ဒေသခံ
ချင်းတိုင်းရင်းသူ ဒေါ်လှောန်နိုင်ပါးရ်က ပြောသည်။
မြေပြိုမှုကြောင့် အမှန်တကယ်ဒုက္ခရောက်သူများကို နေရာချပေးထားကြောင်း၊ ဖယ်ရှားခံရသူ
အများစုသည် မြေပြိုမှုကြောင့် ဒုက္ခကြံုနေရသူများမဟုတ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ
ဦးစီးအရာရှိ ဦးရာဇာမြင့်က ပြောကြားသည်ဟု ဧပြီ ၄ ရက်ထုတ် The Voice သတင်းစာတွင်
ဖော်ပြထားသည်။
















