မန္တလေးခရိုင်အတွင်းရှိ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများကို စနစ်တကျ ပိုမိုထိန်းသိမ်း
နိုင်ရန် ယခုလကုန်မှစတင်ပြီး အဆင့်ခွဲခြားသတ်မှတ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်
စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ဆိုသည်။
''ရှေးဟောင်း အမွေအနှစ်တွေကို ဒီလကုန်လောက်ကနေစပြီး အဆင့်တွေ ခွဲခြားသတ်မှတ်သွား
မယ်။ ခွဲခြားသတ်မှတ်လိုက်ခြင်းအားဖြင့် ထိန်းသိမ်းခြင်းတွေကို စနစ်တကျ ပိုလုပ်လာနိုင်မယ်။
ဒါ့ပြင် နိုင်ငံခြားသားခရီးသွားတွေကိုလည်း ပိုမိုဆွဲဆောင်နိုင်လာမယ်''ဟု ဦးကျော်ဆန်းမြင့်က
ပြောသည်။
မန္တလေးခရိုင်အတွင်းရှိ ရှေးဟောင်းအမွေအနှစ်စာရင်းများကို ခွဲခြားသတ်မှတ်ရာတွင် ယူနက်စကို
အဆင့် ထိန်းသိမ်းသင့်သည့်အမွေအနှစ်များနှင့် တိုင်းဒေသကြီးအဆင့် ထိန်းသိမ်းသင့်သည့်အမွေ
အနှစ်များဟု ခွဲခြားသတ်မှတ်သွားမည်ဖြစ်ကြောင်းနှင့် အဆင့်ခွဲခြားခြင်းကို မန္တလေးတိုင်းဒေသကြီး
အစိုးရအဖွဲ့က အဖွဲ့များဖွဲ့ပြီး ခွဲခြားခြင်းများပြုလုပ်မည်ဟု ၄င်းက ပြောသည်။
''ဒီလိုအဆင့်တွေ ခွဲခြားသတ်မှတ်ပြီးသွားရင် Mandalay Heritage Trust ကို ဒီနှစ်လယ်လောက်
မှာ စတင်ဖွဲ့စည်းဖို့ ဆောင်ရွက်သွားမှာပါ။ စာရင်းကောက်ယူပြီးရင်လည်း နယ်ပယ်စုံက ပညာရှင်
တွေနဲ့ ထိန်းသိမ်းစောင့်ရှောက်ခြင်းတွေလုပ်ဆောင်သွားမှာပါ'' ဟု ဦးကျော်ဆန်းမြင့်ကပြောသည်။
အဆိုပါရှေးဟောင်းအမွေအနှစ်စာရင်းကောက်ယူခြင်းများကို မန္တလေးမြို့ နည်းပညာတက္ကသိုလ်က
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ယခုနှစ် မတ်လအတွင်းက စတင်ကောက်
ယူခဲ့ပြီး အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်၊
အမရပူရမြို့နယ်တို့တွင် ကောက်ယူခဲ့သည်။
''ရှေးဟောင်းအဆောက်အအုံတွေကို အဆင့်ခွဲခြားသတ်မှတ်လိုက်ခြင်းအားဖြင့် ပြည်တွင်း၊ ပြည်ပ
ကလေ့လာသူတွေအနေနဲ့ အချိန်ကုန်လည်းသက်သာမယ်၊ ပြည်ပက ခရီးသွားတွေအတွက်ကျ
တော့ တကယ့်ရှေးဟောင်းအဆောက်အအုံက ဘယ်နားမှာလဲဆိုတာသိလာတဲ့အတွက် သွားရတာ
မြန်လာမယ်။ ပြီးရင် ဒီလိုကောက်ယူလိုက်တဲ့အတွက် လူတွေသိပ်မသိတဲ့ ရှေးဟောင်းအဆောက်
အအုံသစ်တွေပေါ်ထွက်လာမယ်''ဟု မန္တလေးမြို့မှ ဧည့်လမ်းညွှန် ဦးမိုးကျော်က ပြောသည်။















