ရွှေမူဆယ်က အသားလုံးခေါက်ဆွဲ

ရွှေမူဆယ်က အသားလုံးခေါက်ဆွဲ

ကာယအား၊ ဉာဏအားတွေကိုအသုံးပြုပြီး တစ်နေကုန်လှုပ်ရှားအလုပ်လုပ်နေရတဲ့သူတွေအတွက်
ခံနိုင်ရည်ရှိရှိနဲ့ စွမ်းအင်ပြည့်အလုပ်လုပ်နိုင်စေဖို့ မနက်ခင်းစာဟာ အရေးပါနေပါတယ်။

မနက်ခင်းမှာ ကိုယ့်ဝမ်းဗိုက်ကို ဝဝလင်လင်ဖြည့်မထားမိရင် အလုပ်လုပ်ရတာ အဆင်မပြေဖြစ်
တတ်သလို အရသာပြည့်ဝပြီး အာဟာရဖြစ်တဲ့ စားစရာတစ်ခုခုနဲ့ ဖြည့်တင်းထားပြီးပြီဆိုရင်တော့
ကိုယ်ကျင်လည်နေရတဲ့ လောကကြီးနဲ့အလုပ်ပတ်ဝန်းကျင်က သာယာအဆင်ပြေနေတတ်ပါတယ်။

အရသာလည်းတွေ့၊ ဗိုက်ကလေးလည်းပြည့်ဖို့အတွက်ဆိုရင် မန္တလေးမြို့ ၃၃ လမ်းပေါ်မှာရှိတဲ့
ရွှေမူဆယ်ရှမ်းခေါက်ဆွဲဆိုင်ကို ညွှန်းပေးချင်ပါတယ်။ ဒီခေါက်ဆွဲဆိုင်ဟာ ရ၃ လမ်းနဲ့ ရ၄ လမ်း
ကြားမှာရှိပြီး စားသုံးသူတွေနဲ့ အချိန်အများစုပြည့်နေတတ်တဲ့ဆိုင်ပါ။

ရှမ်းခေါက်ဆွဲဆိုရင် သီးသန့်ရောင်းတဲ့ဆိုင်တွေ အတော်များများတွေ့နိုင်သလို လက်ဖက်ရည်ဆိုင်
ဗတွမှာလည်း အလွယ်တကူရနိုင်ပေမဲ့ ကျွန်တော်ကတော့ ရွှေမူဆယ်မှာ ရက်ခြားဆိုသလိုသွားစား
တတ်ပါတယ်။

ရှမ်းခေါက်ဆွဲကို အသုပ်လည်းရနိုင်ပေမဲ့ အရည်ဖျော်ကို ခံတွင်းပိုတွေ့မိလို့ ရှမ်းအရည်ဖျော်ကို
အများဆုံးမှာစားဖြစ်ပါတယ်။ ပူပူနွေးနွေးလာချပေးတဲ့ ရှမ်းအရည်ဖျော်မှာ ဟင်းရည်ရဲ့အရသာဟာ
ကျွန်တော့်အတွက် လျှာပေါ်မှာ စွဲကျန်နေတတ်လို့ ပိုနှစ်သက်မိတာပါ။ စပ်လည်းမစပ်၊ အချိုလည်း
မကဲဘဲ အလောတော်ရှိတဲ့ဟင်းရည်ဟာ အစားစားချင်စိတ်ကို နှိုးဆွပေးနိုင်ပြီး ခေါက်ဆွဲစားလိုက်၊
ဝက်သားလုံးစားလိုက်နဲ့ ရှမ်းအရည်ဖျော်တစ်ပန်းကန်ဟာ ကုန်မှန်းမသိ ကုန်သွားနိုင်ပါတယ်။

ခေါက်ဆွဲကို ဝက်သားလုံး၊ ဒါမှမဟုတ် အမဲသားလုံးနဲ့ရနိုင်ပါတယ်။ တွဲဖက်စားဖို့ မုန်ညင်းချဉ်၊
မျှစ်ချဉ်နဲ့အတူ ရှလကာရည်၊ ကြက်သွန်ဖြူတို့နဲ့လုပ်ထားတဲ့ အချဉ်သုံးမျိုးချပေးတတ်ပြီး ကျွန်တော်
ကတော့ မျှစ်ချဉ်နဲ့ရှလကာရည်ကို ပိုခံတွင်းတွေ့မိပါတယ်။ ရှမ်းခေါက်ဆွဲသုပ် ဒါမှမဟုတ် ရှမ်း
အရည်ဖျော်တစ်ပွဲကို ကျပ် ၁,၅ဝဝ ဖြစ်ပြီး၊ တစ်ပွဲဆိုတစ်ပွဲ ဗိုက်ပြည့်ပြည့်တင်းတင်း ရှိပါတယ်။

ဆိုင်ဖွင့်ချိန်က မနက်အစော ၆ နာရီလောက်ကနေ မွန်းတည့် ၁၂ နာရီ လောက်အထိပါ။ လက်ဖက်
ရည်၊ ကော်ဖီသမားတွေအတွက် ရှမ်းခေါက်ဆွဲစားပြီးတဲ့အခါ ဆိုင်နဲ့မျက်စောင်းထိုးမှာရှိတဲ့ အချစ်
ရွာလက်ဖက်ရည်ဆိုင်ကို ဝင်လိုက်ရင် မနက်ခင်းဟာ ပြီးပြည့်စုံသွားပါလိမ့်မယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး