မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် အသိပညာပေးဟောပြောခြင်းများနှင့်အတူ
မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်လာပါက လျင်မြန်စွာ သိရှိငြှိမ်းသတ်နိုင်ရန် စောင့်ကြည့်ကင်မရာများ
ဖြင့် မန္တလေးမြို့တစ်မြို့လုံးကို ၂၄ နာရီ စောင့်ကြည့်ခြင်းများ လုပ်ဆောင်နေကြောင်း မန္တလေးတိုင်း
ဒေသကြီးအစိုးရအဖွဲ့ဝင်၊ လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောသည်။
''မီးဘေးအန္တရာယ် ဖြစ်လာပြီဆိုတာနဲ့ မီးငြိှမ်းသတ်ရာမှာရေလုံလောက်မှုနဲ့ အချိန်မီငြိှမ်းသတ်နိုင်
စေဖို့ လမ်း ၈ဝ နဲ့ ၂၂ လမ်းထောင့်မှာ မီးသတ်ရေကားသုံးစီး တစ်ပြိုင်နက် ကျုံးရေကနေ ရေဖြည့်
တင်းစုပ်ယူနိုင်ဖို့ သက်ဆိုင်ရာဌာနကနေ စီမံချက်နဲ့လုပ်ဆောင်နေတယ်။ ရေရရှိနိုင်ဖို့မြို့နယ်တွေမှာ
မြစ်၊ ချောင်း၊ အင်းအိုင်၊ အုတ်ရေကန်၊ သဘာဝရေကန်၊ ရေတွင်း၊ ရေပိုက်ခေါင်း၊ အမြင့်ရေစင်
တွေရဲ့တည်နေရာစာရင်းတွေကိုလည်း ပြုစုထားရှိပါတယ်။ ကောက်ယူထားတဲ့ စာရင်းဇယားတွေ
ကိုလည်း မီးသတ်ယာဉ်တွေမှာ မြေပုံအညွှန်းနဲ့ကပ်ပေးထားမှာ ဖြစ်ပါတယ်။ မြို့နယ်အလိုက်
လက်ကိုင်စကားပြောစက် တပ်ဆင်အသုံးပြုတာတွေ၊ တစ်မြို့လုံးကို မြင်နိုင်တဲ့ စျေးချိုတော်
၂၅ ထပ်ကနေ အသင့်စောင့်ကြည့်ကင်မရာတွေနဲ့ ဗဟိုမီးသတ်ဦးစီးကနေ အလှည့်ကျတာဝန်
တွေအနေနဲ့စောင့်ကြည့်ပြီး သတင်းအချက်အလက်ကို အမြန်ဆုံးရယူနေသလို မီးသတ်ကားတွေ
ရဲ့လမ်းကြောင်းတွေကိုသိရှိနိုင်ဖို့နဲ့ အနီးကပ်ကြီးကြပ်ကွပ်ကဲနိုင်ဖို့ ဂျီပီအက်စ်တွေကိုလည်း
တပ်ဆင်ထားပြီးပါပြီ။ ခရိုင်တွေနဲ့တိုင်းဒေသကြီးအတွင်း မီးငြိှမ်းသတ်ရာမှာ အသုံးပြုတဲ့ ဓာတု
ဆေးရည်တွေကလည်း အသင့်အနေအထားရှိနေပါပြီ''ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊
လုံခြံုရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းအောင်က ဆိုသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့ နယ်များတွင် မီးသတ်တပ်ဖွဲ့ဝင်များကို မြို့နယ်အလိုက်ဖွဲ့စည်း
ထားရာ စုစုပေါင်းသန္ဓေမီးသတ်တပ်ဖွဲ့ဝင် ရ၉၈ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၄,၂၁၁ ဦး၊ သီးသန့်
မီးသတ်တပ်ဖွဲ့ဝင် ၂,၃၃၂ ဦးနှင့် မီးသတ်စက်ယာဉ် ၅၂ဝ ဖြင့် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ၄င်းက
ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိမီးလောင်
ကျွမ်းမှု ၂၁၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အိမ်ခြေ၊ စက်ရုံနှင့် ဂိုဒေါင်စုစုပေါင်း ၅၉၁ ခု ပျက်စီးဆုံးရှုံးခဲ့ပြီး
လူရှစ်ဦးသေဆုံးကာ ဒုက္ခသည် ၅၆၇ ဦးနှင့် တိရစ္ဆာန် ၅,ဝဝဝ ကျော်မီးဘေးသင့်ခဲ့ပြီး ဆုံးရှုံးမှု
ခန့်မှန်းခြေတန်ဖိုး ကျပ်သိန်း ၁၂,၅၈၂ သိန်း ရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ တွက်ချက်မှုအရ
သိရသည်။
၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ မတ်လ ၁၆ ရက်အထိ မန္တလေးခရိုင်တစ်ခုတည်းအတွင်း
မီးလောင်ကျွမ်းမှု ၂၅ မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၆၈ လုံး ပျက်စီးဆုံးရှုံးကာ လူသုံးဦးသေဆုံးပြီး
ဒုက္ခသည် ၆၈ ဦးရှိခဲ့သည်။ ခန့်မှန်းဆုံးရှုံမှုတန်ဖိုး ကျပ်သိန်း ရ၅ဝ ကျော် ရှိခဲ့ကြောင်းမီးသတ်ဦးစီး
ဌာနထံမှ သိရသည်။
မီးငြိှမ်းသတ်နိုင်ရေးအတွက် ပြင်ဆင်မှုများနည်းတူ တရားမဝင် အထိုင်စက်သုံးဆီရောင်းဝယ်သည့်
ဆိုင်များနှင့် မော်တော်ကားငယ်များဖြင့် လှည့်လည်ရောင်းချသည့် အရောင်းဆိုင်များကိုလည်းစိစစ်
ပြီး အရေးယူခြင်းများ လုပ်ဆောင်နေကြောင်း ဗိုလ်မှူးကြီး မျိုးမင်းအောင်က ဆိုသည်။
မန္တလေးခရိုင်အတွင်း အထိုင်စက်သုံးဆီအရောင်းဆိုင်နှစ်ဆိုင်၊ လှည့်လည်အရောင်းဆိုင်လေးဆိုင်၊
ကျောက်ဆည်ခရိုင်တွင် အထိုင်ဆိုင်တစ်ဆိုင်၊ လှည့်လည်အရောင်းဆိုင် ၁ဝ ဆိုင်နှင့် ညောင်ဦး
ခရိုင်တွင် အထိုင်ဆိုင်တစ်ဆိုင်နှင့် လှည့်လည်အရောင်းဆိုင် သုံးဆိုင်တို့ကို ဥပဒေနှင့်အညီ
အရေးယူဆောင်ရွက်ခဲ့ကြောင်း ၄င်းက ဆိုသည်။
















