ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း၌ရှိသည့် ရှေးဟောင်းအဆောက်အအုံများနှင့်လိုက်လျော
ညီထွေမှုရှိစေသည့် ကြော်ငြာဆိုင်းဘုတ်များ ဖြစ်ပေါ်လာရန်အတွက် လမ်းညွှန်ချက်များကိုရေးဆွဲ
နေကြောင်း ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ ပုဂံဒေသ
ခရီးသွားဖွံ့ဖြိုး တိုးတက်ရေးစီမံချက်တာဝန်ခံ ဒေါ်ယုယုလင်းက မတ်လက ပြောသည်။
''ပုဂံဒေသက အခြားဒေသတွေနဲ့ မတူတဲ့ရှုခင်းတွေရှိတယ်။ ပြီးရင် မြန်မာနိုင်ငံရဲ့အချက်အချာကျ
တဲ့နေရာတစ်ခုဖြစ်တယ်။ ပြည်တွင်း၊ ပြည်ပက ခရီးသွားတွေ အလာများတဲ့နေရာလည်းဖြစ်တယ်။
အဲဒီလို အဓိကကျတဲ့ပုဂံဒေသမှာ ကြော်ငြာဆိုင်းဘုတ်တွေက များလာတယ်။ များလာတော့ ပုဂံက
ပုဂံနဲ့မတူတော့တဲ့ပုံစံတွေဖြစ်လာတယ်။ ကြော်ငြာဆိုင်းဘုတ်တွေက များလာပြီဖြစ်တယ်။ တချို့
နေရာဆိုရင် ရှေးဟောင်းအဆောက်အအုံနဲ့ နီးကပ်တဲ့ထိရှိလာနေတယ်။ ဒါတွေကိုထိန်းချုပ်ဖို့
အတွက် အခုလမ်းညွှန်ချက်တွေကို ရေးဆွဲနေပါတယ်'' ဟု ဒေါ်ယုယုလင်းက ပြောသည်။
အဆိုပါ ကြော်ငြာဆိုင်းဘုတ်လမ်းညွှန်ချက်များတွင် ကြော်ငြာဆိုင်းဘုတ်အရွယ်အစား၊ ကြော်ငြာ
အမျိုးအစား၊ စိုက်ထူသင့်သည့် တည်နေရာများနှင့် ရှေးဟောင်းအဆောက်အအုံများနှင့်ရှိသင့်သည့်
အကွာအဝေး စသည့်အချက်အလက်များ ပါဝင်မည်ဖြစ်ကြောင်းသိရပြီး အဆိုပါကြော်ငြာလမ်းညွန်
ချက်များရေးဆွဲနိုင်ရန် သုတေသနလုပ်ငန်းများကို ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်ကလေ့လာခဲ့ပြီး ယခု
အခါတွင် ရေးဆွဲနေကြောင်းသိရသည်။
''လမ်းညွှန်ချက်တွေပြီးစီးရင် သက်ဆိုင်ရာဌာနဆိုင်ရာကို တင်မယ်။ ပြီးရင် သက်ဆိုင်ရာက
ဆုံးဖြတ်မှာပေါ့။ လောလောဆယ်မှာတော့ လမ်းညွှန်ချက်အကြမ်းဖျင်းကို ဒီလကုန်လောက်မှာ
ပြီးစီးမယ်။ ဒေသခံတွေကိုလည်း ချပြသွားမှာဖြစ်ပါတယ်။ ဒေသခံတွေဘက်က ဖြည့်စွက်ချင်တာ၊
ပယ်ဖျက်ချင်တာတွေထည့်ပြီး လမ်းညွှန်ချက်ကို အချောသတ်တော့မှာ ဖြစ်ပါတယ်'' ဟု ဒေါ်ယုယု
လင်းက ပြောသည်။
လက်ရှိအချိန်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း၌ စီးပွားရေးကြော်ငြာများ၊ အစိုးရပိုင်းမှ
ကပ်ထားသည့် အမှိုက်စွန့်ပစ်မှုကြော်ငြာများနှင့် စတစ်ကာအသေးစားများရှိနေကြောင်း ညောင်ဦး
မြို့ခံ ဦးသောင်းဌေးထံမှ သိရသည်။
''ကြော်ငြာဆိုင်းဘုတ်တွေက တချို့နေရာတွေမှာဆိုရင် အကြီးကြီးတွေရှိတယ်။ တချို့ဟာဆိုရင်
ဘုရားတွေကို ကွယ်သလိုတောင်ဖြစ်နေတယ်။ ရှင်းရှင်းပြောရရင်တော့ ဘုရားလာဖူးကြတာပဲ။
ကြော်ငြာလာကြည့်တာမှ မဟုတ်ကြတာ။ ကြော်ငြာဆိုင်းဘုတ်တစ်ခုမှ မရှိရင် ပိုတောင်ကောင်း
သေးတယ်''ဟု ဦးသောင်းဌေးက ပြောသည်။















