မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာမှ အိမ်အကူကိုနှိပ်စက်သည့်
ဟိန်းအာကာစက်ချုပ်ဆိုင်ရှင်လင်မယားကို အမရပူရမြို့နယ်တရားရုံးက ဧပြီ ၃ ရက်တွင် အာမခံ
ပေးလိုက်သည်။
''တရားရုံးကို စွဲတင်လာတဲ့ပုဒ်မတွေက အာမခံပေးလို့ရတဲ့ပုဒ်မတွေမို့ အာမခံပေးလိုက်တာပါ။
မတ် ၃ဝ ရက်က စတရားစွဲတင်တုန်းက အာမခံယူမှာလားမေးတော့ သူတို့က ရှေ့နေနဲ့ တိုင်ပင်ဦး
မယ်ပြောတယ်။ ဒီနေ့ရုံးချိန်းမှာ အာမခံတင်လို့ အာမခံပေးလိုက်တာပါ'' ဟု အမရပူရမြို့နယ်တရား
ရုံး မြို့နယ်တရားသူကြီး ဦးထွန်းနိုင်ထွေးက ပြောသည်။
ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ နမ့်မွန်ကျေးရွာမှ လာရောက်အလုပ်လုပ်သည့် အသက် ၁၄ နှစ်
အရွယ် အိမ်အကူမိန်းကလေးကို ညှဉ်းပန်းနှိပ်စက်မှုဖြင့် ဟိန်းအာကာစက်ချုပ်ဆိုင်ပိုင်ရှင်
နိုင်အေအာင်(ခ) အားချိုင် (၂၅ နှစ်)နှင့် ဆောင်းနှစ်သစ်ဦး (၂၁ နှစ်)တို့ကို အမရပူရ မြို့မရဲစခန်း
တွင် မတ် ၃ ရက်က (ပ) ၈၁/ ၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅ (မိမိအလိုအလျောက် အပြင်း
အထန်နာကျင်စေမှုအတွက် ပြစ်ဒဏ်)၊ ပုဒ်မ ၃၂၆ လက်နက် သို့တည်းမဟုတ်နည်းဖြင့် မိမိအလို
အလျောက် အပြင်းအထန်နာကျင်စေမှု)တို့ဖြင့် အမှုဖွင့်ခဲ့သည်။
သို့သော် မတ် ၃ဝ ရက်က အမရပူရမြို့နယ် တရားရုံးသို့ တရားစွဲတင်လာသည့်အခါ ပုဒ်မ ၂၉၄
(ညစ်ညမ်းသောပြုလုပ်မှုများနှင့် ညစ်ညမ်းသောသီချင်းများ)၊ ပုဒ်မ ၃၂၃ (မိမိအလိုအလျောက်
နာကျင်စေမှုအတွက် ပြစ်ဒဏ်)၊ ပုဒ်မ ၃၂၄ (ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် သို့တည်း
မဟုတ် နည်းဖြင့် မိမိအလိုအလျောက် နာကျင်စေမှု)၊ ပုဒ်မ ၃၅၄ (မိန်းမ၏ကာယိန္နြေပျက်စီးရန်
အကြံဖြင့် လက်ရောက်မှုကျူးလွန်ခြင်း၊ သို့တည်းမဟုတ် ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှု
ကိုပြုခြင်း) စသည့်ပုဒ်မများသို့ ပြောင်းလဲသွားခဲ့သည်။
''ရဲစခန်းက အာမခံမရတဲ့ ပုဒ်မနဲ့စွဲတယ်။ တရားရုံးရောက်မှ ဒီလိုပြောင်းသွားတော့ ဒီကိစ္စကဒီလို
ဖြစ်သွားမယ်ဆိုတာ အစကတည်းက ခန့်မှန်းပြီးသား။ ဒီကိစ္စကို မကျေနပ်ဘူး။ တိုင်းတရားသူကြီး
ချုပ်ရုံး၊ ဥပဒေချုပ်ရုံးနဲ့ ဝန်ကြီးချုပ်ရုံးကို ဒီကိစ္စတိုင်ပါမယ်''ဟု နှိပ်စက်ခံရသည့် အိမ်အကူ
မိန်းကလေးလွတ်မြောက်အောင် ကူညီဆောင်ရွက်ပေးခဲ့သည့် ကိုနိုင်ရဲဝေက ပြောသည်။















