မန္တလေးနန်းတော်တွင်း၌ သီပေါမင်းအုတ်နန်းပြာသာဒ်တည်ဆောက်ရန် စီစဉ်နေ

မန္တလေးနန်းတော်တွင်း၌ သီပေါမင်းအုတ်နန်းပြာသာဒ်တည်ဆောက်ရန် စီစဉ်နေ

မန္တလေးနန်းတော်အတွင်းရှိ မင်းတုန်းမင်းတရားကြီး အုတ်နန်းပြာသာဒ်အနီးဝန်းကျင်တွင် သီပေါ
မင်း၏ အုတ်နန်းပြာသာဒ်တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သီပေါမင်း၏မြစ်တော်
ဖြစ်သည့်ဦးစိုးဝင်းက မတ်လ ၃ဝ ရက်က ပြောသည်။

''သီပေါမင်းဆိုတာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးဘုရင်လည်း ဖြစ်ပါတယ်။ အဲဒီတော့ကိုယ့်နိုင်ငံရဲ့
နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ သီပေါမင်းရဲ့ရုပ်ကလာပ်က ရတနာဂီရိမှာ ရှိနေတယ်။ အဲဒီကနေကိုယ့်
နိုင်ငံကို သီပေါမင်းရုပ်ကလာပ် ပြန်ရောက်ဖို့ကို လုပ်ဆောင်မှာဖြစ်ပါတယ်။ အဲဒီလိုအစီအစဉ်တွေ
ရှိထားတဲ့အတွက် အုတ်နန်းပြာသာဒ်ကို ကြိုတင်ပြင်ဆင်ပြီးတည်ဆောက်ဖို့ စီစဉ်နေတာပါ'' ဟု
ဦးစိုးဝင်းက ပြောသည်။

လက်ရှိအချိန်တွင် သီပေါမင်း၏ အုတ်နန်းပြာသာဒ်ကို မန္တလေးနန်းတွင်း၌တည်ဆောက်ခွင့်ရရှိရေး
အတွက်ဆောင်ရွက်နေကြောင်းနှင့် သီပေါမင်း၏ ရုပ်ကလပ်တည်ရှိရာ အိန္ဒိယနိုင်ငံရတနာဂီရိမှ
မြန်မာနိုင်ငံဘက်သို့ ပြည်လည်သယ်ဆောင်ခွင့်ရရှိရေးအတွက် နိုင်ငံတော်အဆင့်အစီအစဉ်များကို
လည်း လုပ်ဆောင်မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

''တချို့တလေကတော့ သီပေါမင်းရုပ်ကလာပ်ကို လက်ရှိနေရာမှာပဲ ထားစေချင်တဲ့သဘောရှိကြ
တယ်။ တချို့ကလည်း ပြန်သယ်ယူဖို့ကို သဘောတူတယ်။ တစ်ယောက်နဲ့တစ်ယောက် အမြင်တွေ
ကလည်း မတူကြပါဘူး။ ကျွန်တော်တို့ကတော့ ကိုယ့်နိုင်ငံရဲ့နောက်ဆုံးဘုရင် ဖြစ်နေတဲ့အတွက်
ရုပ်ကလာပ်ကို ဒီမှာပဲရှိစေချင်တဲ့အတွက် ဒီအစီအစဉ် ဖြစ်လာဖို့ကြိုးစားနေတာပါ''ဟု ဦးစိုးဝင်းက
ပြောသည်။

မြန်မာနိုင်ငံ၏နောက်ဆုံးဘုရင်ဖြစ်သည့် သီပေါမင်း၏ရုပ်ကလာပ်ကို မြန်မာနိုင်ငံသို့ ပြန်လည်
သယ်ယူရန်အတွက် ပြီးခဲ့သည့်အစိုးရလက်ထက် အမျိုးသားလွှတ်တော်တွင် အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်တစ်ဦးဖြစ်သူဦးသန်းဆွေမှ တင်ပြခဲ့ဘူးသော်လည်း မှတ်တမ်းတင်အဖြစ်သာ
ထားရှိခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး