အစိုးရအဖွဲ့၊ လွှတ်တော် အပြန်အလှန်ထိန်းကျောင်းမှုတွေနဲ့ တစ်နှစ်တာခရီး

အစိုးရအဖွဲ့၊ လွှတ်တော် အပြန်အလှန်ထိန်းကျောင်းမှုတွေနဲ့ တစ်နှစ်တာခရီး

၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့တဲ့ လွှတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲရလဒ်တွေ
အရ ပြည်နယ်အသီးသီး၊ တိုင်းဒေသကြီးအသီးသီးတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ
သစ်တက်လာတာနဲ့အညီ ပြည်သူ့ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့
လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်တွေလည်း
အသီးသီးပေါ်ပေါက်လာခဲ့ကြပါတယ်။

လွှတ်တော်အသီးသီး ဖွဲ့စည်းခဲ့တဲ့ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ကိုယ်စားလှယ်
အများအပြားနဲ့ဖွဲ့စည်းထားတဲ့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာလည်း လွှတ်တော်ကိုယ်စား
လှယ်တွေက ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းတာတွေ၊ ကြယ်ပွင့်မပြမေးမြန်းတာတွေ၊ အဆိုတင်
သွင်းတာတွေနဲ့ ဥပဒေတင်သွင်းတာတွေ၊ ကိုယ်စားလှယ်တွေမေးမြန်းတဲ့ မေးခွန်းတွေကို အစိုးရ
အဖွဲ့ရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ပြန်လည်ဖြေကြားမှုတွေနဲ့ သက်ဝင်လှုပ်ရှားခဲ့တာလည်း
တစ်နှစ်တင်းတင်း ပြည့်မြှောက်ခဲ့ပါပြီ။

တစ်နှစ်အတွင်း ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကျင်းပခဲ့တာ ပ ဉ္စမအကြိမ်ထိ
ရောက်ရှိနေပြီး အထူးအစည်းအဝေးတစ်ကြိမ် (၁/၂ဝ၁၆) နှင့်အရေးပေါ်အစည်းအဝေး (၁/၂ဝ၁၆)
တို့ကို ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ကိုယ့်ရပ်ရွာဒေသ ဖွံ့ဖြိုးတိုး
တက်ရေးအတွက် လွှတ်တော်မှာကြယ်ပွင့်ပြမေးခွန်းအများဆုံး ၁ဝ ခုထိ မေးမြန်းခွင့်ပြုထားရာမှာ
အရပ်သားလွှတ်တော်ကိုယ်စားလှယ်အချို့က မေးခွန်း ၁ဝ ခုထိ မေးမြန်းသော်လည်း လွှတ်တော်
ကိုယ်စားလှယ်အချို့ကတော့ ပ ဉ္စမအကြိမ်အထိ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခြင်းမရှိတဲ့ ကိုယ်စား
လှယ်တွေလည်း ရှိနေပါတယ်။

ကိုယ်စားလှယ်တွေက ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်စေဖို့ ဒေသလိုအပ်ချက်တွေ၊ သဘာဝပတ်ဝန်း
ကျင် ထိခိုက်ပျက်စီးနေခြင်းတွေ၊ အစိုးရနဲ့ကုမ္ပဏီတွေအကြား အကျိုးတူပူးပေါင်းကာ သဘာဝ
သယံဇာတ ထုတ်ယူနေတာတွေကြောင့် ထိခိုက်နစ်နာရတာတွေကို လွှတ်တော်မှာမေးခွန်းမေး
မြန်းကြပေမဲ့ အစိုးရအဖွဲ့ရဲ့ဖြေကြားချက်အချို့ကိုတော့ ကျေနပ်အားရမှု မရှိတာကိုလည်း တွေ့ရပါ
တယ်။

''တစ်နှစ်တာလုံး လုပ်ဆောင်ခဲ့ရတဲ့ကိစ္စတွေက အရင်အစိုးရလက်ထက်တုန်းကရေးဆွဲခဲ့တဲ့
ဘတ်ဂျက်တွေနဲ့ လုပ်ဆောင်ရတာပေ့ါ။ အစိုးရသစ်ဆွဲတဲ့ ဘတ်ဂျက်ကတော့ ၂ဝ၁၇-၂ဝ၁၈ မှ
သုံးစွဲရမှာဖြစ်တယ်။ အစိုးရအဖွဲ့နဲ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆက်ဆံရေးကကောင်းမွန်
ပါတယ်။ ကိုယ်စားလှယ်တွေ တင်ပြလို့ ဒေသဖွံ့ဖြိုးရေးတွေကိုလည်း လုပ်ဆောင်ပေးခဲ့ရလို့
တိုးတက်လာတာတွေလည်းရှိနေပြီး လွှတ်တော်နဲ့အစိုးရအဖွဲ့ဆက်ဆံရေးက ကောင်းမွန်တယ်လို့
ပြောရမယ်ဆိုပေမဲ့ အစိုးရအဖွဲ့ရဲ့ စီမံကိန်းအသစ်ကြီးတွေ လွှတ်တော်ကိုတင်ပြထားတာ မရှိသေး
တဲ့အတွက် မသိရသေးဘူး။ မေးခွန်း မေးခဲ့တာတွေက များတယ်။ မေးခွန်းတိုင်းလိုလိုကိုတော့
ကျေနပ်အားရမှုမရှိဘူး''လို့ မိတ္ထီလာ မဲဆန္ဒနယ်အမှတ် (၂)က လွှတ်တော်ကိုယ်စားလှယ်
ဦအောင်ကျော်မိုးက ပြောပါတယ်။

ကိုယ်စားလှယ်တွေက ဒေသအတွက် အဓိကလိုအပ်ချက်ရှိတာတွေကို မေးမြန်းတာဖြစ်တဲ့အတွက်
အစိုးရသက်တမ်းကာလအတွင်း လုပ်ဆောင်ပေးစေလိုကြပေမဲ့ နောင်ရှစ်နှစ်၊ ကိုးနှစ်၊ ၁ဝ နှစ်
လောက်မှ လုပ်ဆောင်ပေးမယ်ဆိုတဲ့အဖြေတွေကိုလည်း ကိုယ်စားလှယ်အများစုကတော့ ကျေနပ်
အားရမှုမရှိဘူးလို့ ပြောဆိုကြပါတယ်။ မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ ကိုယ်စားလှယ်တွေ
မေးမြန်းကြတဲ့ မေးခွန်းတွေကို အစိုးရအဖွဲ့အနေနဲ့ ဖြေကြားတဲ့အခါ မှာ ကျေနပ်အားရမှု မရှိကြ
ပေမဲ့ ကိုယ်စားလှယ်တွေတင်သွင်းတဲ့အဆိုတွေကိုတော့ ကိုယ်စားလှယ်အချင်းချင်း ထောက်ခံ
ဆွေးနွေးမှုရဲ့ ရလဒ်ကတော့ ကောင်းမွန်တယ်လို့ဆိုနိုင်ပြီး၊ ဥပဒေတွေတင်သွင်းခြင်း၊ ပြင်ဆင်ခြင်း
တို့ကို ထောက်ခံဆွေးနွေးကြရာမှာ အစိုးရအဖွဲ့ နဲ့ လွှတ်တော်ရဲ့ ဆွေးနွေးမှုတွေက တွန်းတွန်း
တိုက်တိုက် အကြိတ်အနယ်အခြေအနေထိရောက်ခဲ့ပါတယ်။

ကိုယ်စားလှယ်တွေ တင်သွင်းခဲ့တဲ့အဆိုတွေထဲက 'သစ်တောဦးစီးဌာနမှ သစ်တောမြေများကို
ကော်ဖီ၊ ပိုးဇာ၊ နှစ်ရှည်ပင်စိုက်ခင်း ဧကကြီးများဆောင်ရွက်ရန် အကြောင်းပြချက်ဖြင့် ပုဂ္ဂလိကသို့
ဧကများစွာချထားပေးခဲ့ပြီး ဥပဒေမဲ့အကွက်ရိုက်ရောင်းချခြင်း၊ လွှဲပြောင်းရောင်းချခြင်းများကို
ထိရောက်စွာ အရေးယူပေးရန် တိုက်တွန်းကြောင်းအဆို'၊ 'အစိုးရအကူးအပြောင်းကာလများ
အတွင်း အများပြည်သူနှင့်သက်ဆိုင်သည့် ဧရိယာကျယ်ဝန်းသော မြေကွက်များ၊ ပလပ်မြေများအား
လူ ပုဂ္ဂိုလ်အမည်ဖြင့် မြေနေရာချထားပေးမှုများအား ပြန်လည်စိစစ်၍ အများပြည်သူအကျိုး
အတွက် စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်နိုင်ရေးတိုက်တွန်းကြောင်း အဆို'တို့ကို လွှတ်တော်
ကိုယ်စားလှယ်အများအပြား ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အရ စိစစ်ရေး
ကော်မတီများဖွဲ့ကာ စိစစ်မှုများကို လုပ်ဆောင်ခဲ့ကြရာမှာ ထူးခြားကောင်းမွန်တဲ့ အနေအထား
တစ်ခုထိကို ရောက်ရှိလာပါတယ်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးက '၂ဝ၁၆-၂ဝ၁၇
ခု ဘဏ္ဍာနှစ် မန္တလေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအတွက်
လျာထားချက်အဆိုကိုတင်သွင်းခြင်း၊ ချမ်းမြသာစည်မြို့နယ် (၁)မှ လွှတ်တော်ကိုယ်စားလှယ်
ဦးတင်အောင်တင်သွင်းခဲ့တဲ့ '၂ဝ၁၄ ခုနှစ်၊ မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေကို ပြင်
ဆင်သည့်ဥပဒေကြမ်း'၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊
ဝန်ကြီးက 'မန္တလေးတိုင်းဒေသကြီး၏ ၂ဝ၁၇- ၂ဝ၁၈ ခု၊ ဘဏ္ဍာနှစ် မူလအရအသုံးခန့်မှန်းခြေ
လျာထားချက်စာရင်း'ကို လွှတ်တော်သို့တင်ပြခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ၁ဝ ဦး က အသုံး
စရိတ်တွေကို ထောက်ပြဆွေးနွေးခဲ့ပြီး လွှတ်တော်မှာ ပြင်ဆင်ခဲ့ပြီး အတည်ပြုနိုင်ခဲ့တာကလည်း
ကျေနပ်အားရလောက် စရာပါပဲ။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ တိုင်းရင်း
သားလူမျိုးများအရေးဆိုင်ရာကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊
ဒေသန္တရစီမံကိန်း၊ အရအသုံးငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ၊ ပြည်သူ့ရေးရာ
ကော်မတီ၊ ပြည်သူ့ငွေစာရင်းသုံးစွဲမှု စိစစ်ရေးကော်မတီ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကော်မတီ၊
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ၊ လုံခြံုရေး၊ စီမံခန့်ခွဲ
ရေးနှင့် စည်ပင်သာယာရေးကော်မတီ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကော်မတီ၊ သာရေး၊
နာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၊ စက်မှုစွမ်းအင်နှင့် လျှပ်စစ်ရေးရာ ကော်မတီ၊
ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီတွေ ဖွဲ့စည်းထားပြီး ပြည်သူလူထု
လိုအပ်ချက်တွေ ထပ်ကာထပ်ကာ ဖြည့်ဆည်းပေးနိုင်ဖို့ ဒုတိယနှစ် ခြေလှမ်းတွေကို အစိုးရအဖွဲ့နဲ့
လွှတ်တော် အပြန်အလှန်ထိန်းကျာင်းမှုတွေနဲ့ ဆက်လက်ချီတက်ရပါဦးမယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး