တောရှင်းခြင်း၊ မြေပြင်ခြင်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွင်း စက်ယန္တရားဖြင့်လုပ်ဆောင်နေခြင်းများကို ကြပ်မတ် စိစစ်သွားမည်

တောရှင်းခြင်း၊ မြေပြင်ခြင်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွင်း စက်ယန္တရားဖြင့်လုပ်ဆောင်နေခြင်းများကို ကြပ်မတ် စိစစ်သွားမည်

မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ သစ်တောနယ်မြေများအတွင်း နိုင်ငံတော်က
အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများ၊ တစ်သီးပုဂ္ဂလ၊ ပုဂ္ဂလိက၊ ကုမ္ပဏီ၊
အဖွဲ့အစည်းများက လျှောက်ထားလာသောလုပ်ငန်းများ ခွင့်ပြုဆောင်ရွက်ရာတွင် ဌာနအနေဖြင့်
စက်ယန္တရားကြီးများ အသုံးပြုရန်ခွင့်ပြုထားခြင်းမရှိကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့
ဝင် လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး (ဒုတိယနေ့) တွင်
ပြင်ဦးလွင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက
''ပြင်ဦးလွင်မြို့နယ် ကျေးလက်ဒေသရှိ လယ်ယာသစ်တောမြေများအားလုံးတွင် တောရှင်းခြင်း၊
မြေပြင်ခြင်း၊ ကွက်စိပ်ရိုက်ရောင်းခြင်း၊ သယံဇာတပစ္စည်းများ ထုတ်ယူသုံးစွဲခြင်း စသည့်လုပ်ငန်း
များကို စက်ယန္တရားဖြင့်လုပ်ငန်းဆောင်ရွက်ရာတွင် စည်းကမ်းထိန်းသိမ်းမှုမရှိ လုပ်ကိုင်ဆောင်
ရွက်နေခြင်းများကို သက်ဆိုင်ရာဝန်ကြီးဌာနက စည်းကမ်းစနစ်တကျ ညွှန်ကြားလုပ်ကိုင်သွားရန်
ရှိမရှိ သိရှိလိုသည့်'' အတွက် လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ရာ သယံဇာတနှင့်သဘာဝပတ်
ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးကိုယ်စား လျှပ်စစ်ဝန်ကြီးက ဖြေကြားလိုက်ခြင်းဖြစ်
သည်။

''စက်ယန္တရားတွေကိုလျှောက်ထားလာရင် သစ်တောဝန်ထမ်းတွေက ကွင်းဆင်းစစ်ဆေးစိစစ်ခြင်း၊
သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိရေး၊ သစ်တောပြုန်းတီးမှု မရှိစေရေး၊ ရေဝေရေလဲဒေသ
တွေ မပျက်စီးစေဖို့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေတွေအတိုင်း လိုက်နာဆောင်ရွက်မှုရှိစေဖို့
စည်းကမ်းချက်တွေ၊ ညွှန်ကြားချက်တွေ ချမှတ်ထားတယ်။ လုပ်ငန်းလုပ်ဆောင်ကြတဲ့နေရာမှာ
လည်း ပတ်ဝန်းကျင်ကိုထိခိုက်မှု အနည်းဆုံးဖြစ်စေတဲ့ နည်းလမ်းတွေနဲ့သာ ဆောင်ရွက်ဖို့ အဲဒီလို
အချက်တွေ ပြည့်စုံမှသာ ခွင့်ပြုဆောင်ရွက်ခွင့်ပြုပြီး ခွင့်ပြုချက်ရရှိထားတဲ့ လုပ်ငန်းတွေအနေနဲ့
လည်း ချမှတ်ထားတဲ့စည်းကမ်းတွေကို လိုက်နာဆောင်ရွက်ခြင်းမရှိတာတွေကို သစ်တောဝန်ထမ်း
တွေက ကွင်းဆင်းစစ်ဆေးလို့တွေ့ရင် ခွင့်ပြုမိန့်ပယ်ဖျက်ပြီး သစ်တောဥပဒေအရ ထိရောက်စွာ
အရေးယူဆောင်ရွက်နေတယ်'' ဟု ဦးဇာနည်အောင်က ပြောသည်။

လုပ်ငန်းခွင့်ပြုချက်ရရှိထားသည့် ဧရိယာများအတွင်း သစ်တောသစ်ပင်များ ပြန်လည်းအစားထိုး
စိုက်ပျိုးမည့်စီမံချက်များရေးဆွဲ၍ ပြန်လည်စိုက်ပျိုးစေခြင်းတို့ကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး
သစ်တောမြေများ အတွင်း တရားမဝင် ကျုးကျော်ဝင်ရောက်နေထိုင် ဆောင်ရွက်နေသူများကိုလည်း
နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒနှင့်အညီ သစ်တောစိုက်ခင်း ထူထောင်ခြင်း၊ မြေပြန်လည်
သိမ်းဆည်းခြင်းစသည့် သစ်တောဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ၄င်းက
ဆိုသည်။

''၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်၊ ဖေဖော်ဝါရီလကုန်အထိ ပြင်ဦးလွင်မြို့မှာ သစ်တောမြေအတွင်း တရား
မဝင်ကျူးကျော်ဆောင်ရွက်နေလို့ တရားစွဲဆို အရေးယူထားရတဲ့အမှု ၃၈ မှုအထိရှိနေတယ်။
ဒါ့ပြင် မြေတူး၊ မြေကော်စက် စက်ယန္တရားတွေ နိုင်ငံတော်အတွင်းမှာ တရားဝင်တင်သွင်းရောက်
ရှိလာတာ ဟုတ်မဟုတ်၊ အသုံးပြုခွင့်ကိုလည်း စည်းကမ်းချက်တွေ သတ်မှတ်ခွင့်ပြုတာ ရှိမရှိကို
သက်ဆိုင်ရာဝန်ကြီးဌာနက ကြီးကြပ်ဆောင်ရွက်သွားမယ်ဆိုရင် စက်ယန္တရားတွေ စည်းကမ်းမဲ့
အသုံးပြုနေတာကိုလည်း ထိန်းချုပ်ဆောင်ရွက်သွားနိုင်မှာ ဖြစ်တယ်'' ဟု ဝန်ကြီး ဦးဇာနည်အောင်
က ပြောသည်။

ပြင်ဦးလွင်မြို့နယ်၏ ဧရိယာသည် ၄၈၃,၈၂၃ ဧကခန့် ကျယ်ဝန်းပြီး သစ်တောမြေနှင့်သဘာဝ
ထိန်းသိမ်းရေးနယ်မြေ ၂၄၁,၁၈၂ ဧကရှိပြီး ကျန်မြေများမှာ မြေလွတ်၊ မြေရိုင်း ၁၁၅,၈၉၈ ဧက
နှင့် အခြားအသုံးချမြေများ ဖြစ်ကြောင်း၊ သစ်တောမြေနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများကို
ကာကွယ်စောင့်ရှောက်ရန် ပြင်ဦးလွင်မြို့နယ် သစ်တောဝန်ထမ်း၊ မြို့နယ်တာဝန်ခံ ဦးစီးအရာရှိ
အပါအဝင် ၃၄ ဦး ရှိသည့်အတွက် ဝန်ထမ်းတစ်ဦးလျှင် ရ,ဝ၉၄ ဧက ကာကွယ်ထိန်းသိမ်းစောင့်
ရှောက်နေရကြောင်း သစ်တောဦးစီးဌာန စာရင်းများအရ သိရသည်။

''အစိုးရဆီက တောင်းတာကတော့ စိုက်ပျိုးဖို့အတွက်ဆိုပြီး တောင်းတယ်။ စီမံကိန်းကိုတော့
အကောင်အထည်မဖော်ဘဲ သစ်တောမြေတွေကိုကွက်စိပ်ရိုက်ပြီးရောင်းတယ်။ ဒီလိုလုပ်ဖို့အတွက်
စက်ယန္တရားကြီးတွေကို အသုံးပြုတယ်။ ပုံမှန် သမားရိုးကျစိုက်ပျိုးဖို့အတွက်ဆိုရင် ဒီလိုစက်
ယန္တရားကြီးတွေ မလိုအပ်ပါဘူး။ ဒီလိုတွေလုပ်နေလို့ မေမြို့စိုက်ပျိုးမြေတွေက တော်တော်လေးကို
ပျက်စီးနေပြီး ရှေ့လျှောက်အခုလိုမဖြစ်ဖို့၊ တားဆီးဖို့ မေးခွန်းမေးမြန်းရခြင်းဖြစ်ပါတယ်'' ဟု တိုင်း
ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး