ဝင်းခြံလွတ်များတွင် ကျူးကျော်မှုများ တွေ့နေရသဖြင့် သတိထားရန်လိုအပ်လာ

ဝင်းခြံလွတ်များတွင် ကျူးကျော်မှုများ တွေ့နေရသဖြင့် သတိထားရန်လိုအပ်လာ

မန္တလေးမြို့တွင်းရှိ မြို့သစ်ဧရိယာတချို့တွင် မြေကွက်လွတ်များ၌ ကျူးကျော်ဝင်ရောက်နေထိုင်
သူများရှိနေသဖြင့် ပိုင်ရှင်များအနေဖြင့် သတိထားရန်လိုအပ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်
တချို့က ပြောသည်။

လူနေထိုင်မှုနည်းပါးနေသော မြို့သစ်ဧရိယာတချို့တွင် ခြံစည်းရိုးခတ်မထားသော၊ ပိုင်ရှင်မစောင့်
ရှောက်နိုင်သော မြေကွက်လွတ်များကို ကျူးကျော်သူများက တဲထိုးဝင်ရောက်နေထိုင်ခြင်း၊ ထိုမှ
တစ်ဆင့် ၄င်းတို့ပိုင်ဆိုင်သော မြေကွက်များသဖွယ် စျေးနည်းနည်းဖြင့် လက်ညှိုးထိုးရောင်းချခြင်း
များတွေ့နေရကြောင်း ဖိုးလမင်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးဝဏ္ဏစိုးက ပြောသည်။

''ဒီအဖြစ်မျိုးတွေ ကြံုတွေ့ရတဲ့သူတွေတွေ့နေရပါတယ်။ အဓိက အကြံပေးချင်တာက မြေကွက်
ပိုင်ရှင်ကာယကံရှင်တွေက အရေးကြီးပါတယ်။ ကိုယ့်မြေကွက်လွတ်ကို ခြံမခတ်၊ အကွက်မရိုက်
ထားသေးတဲ့ ပိုင်ရှင်တွေအနေနဲ့ ခြံခတ်သင့်ပါတယ်။ ပြီးတော့ ကိုယ့်မြေကွက်ပတ်ဝန်းကျင်မှာ
နေထိုင်တဲ့သူတွေရှိရင်လည်း မိတ်ဆက်အပ်နှံထားသင့်တယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို
လည်း အသိပေးဆက်သွယ်ထားသင့်ပါတယ်'' ဟု ဦးဝဏ္ဏစိုးက ဧပြီ ၄ ရက်တွင် ပြောသည်။

ကျူးကျော်သူများမှာ စောင့်ရှောက်မှုမရှိပဲ ပစ်ထားသောခြံဝင်းအလွတ်များတွင် နေ့ချင်းပြီးဝင်းခြံ
ခတ်ကာ ဝင်ရောက်နေထိုင်ခြင်းများတွေ့ရပြီး၊ ထိုသို့ကျူးကျော်နေထိုင်ပြီး နောက်ရက်သတ္တ
တစ်ပတ်၊ နှစ်ပတ်အတွင်း ပိုင်ရှင်ဖြစ်သူတစ်စုံတစ်ယောက်ထံမှ တစ်စုံတစ်ရာ တုံ့ပြန်မှုရှိမလာ
ပါက ရသမျှစျေးဖြင့် ရောင်းချတတ်ကြောင်း ဦးဝဏ္ဏစိုးက ပြောသည်။

''လျှော့စျေးနဲ့မဟုတ်ပဲ ရသမျှစျေးနဲ့ ရောင်းတတ်ကြပါတယ်။ ဒါကို ဗဟုသုတနည်းတဲ့ဝယ်တဲ့သူ
တွေလည်းရှိတယ်။ ဒီလိုမဟုတ်ပဲ နောက်မှပြဿနာဖြစ်ကာမှဖြစ်ရောဆိုပြီး စျေးချောင်လို့ဝယ်တဲ့
သူမျိုးလည်းရှိတယ်'' ဟု ဦးဝဏ္ဏစိုးက ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှလည်း မြို့ကွက်သစ် ဖော်ထုတ်ရေးအဖွဲ့မှ ချထား
ပေးသောမြေကွက်လွတ်များတွင် မြေငှားဂရန်ရထားပြီးပါက ခြောက်လအတွင်း ဝင်းခြံခတ်ကြရန်၊
အဆောက်အအုံ ဆောက်လုပ်ခွင့်တောင်းခံရန်နှင့် မလိုက်နာပါက မြေငှားဂရန်ကိုပယ်ဖျက်ပြီး
အစိုးရစီမံခန့်ခွဲမြေအဖြစ် လုပ်ဆောင်သွားမည်ဟု ပြီးခဲ့သော ဖေဖော်ဝါရီ ၁၆ ရက်က မန္တလေး
နေ့စဉ်သတင်းစာမှနေ၍ ကြေညာချက်ထုတ်ပြန်ထားသည်။

မြေကွက်လွတ်များတွင် ထိုသို့ဆောင်ရွက်ကြရန်အတွက် ၂ဝ၁၃ ခုနှစ်တွင် နှစ်ကြိမ်၊ ၂ဝ၁၄ ခုနှစ်
တွင် တစ်ကြိမ် အသိပေးကြေညာခဲ့သော်လည်း ဝင်းခြံမကာ၊ အဆောက်အအုံမဆောက်သော
မြေကွက်လွတ်များစွာ ရှိနေဆဲဖြစ်ကြောင်းနှင့် မြို့အင်္ဂါရပ်နှင့်ညီညွတ်ပြီး သာယာလှပစေရန်ခြံဝင်း
ခတ်၊ အဆောက်အအုံဆောက်ရန် စည်းကမ်းသတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်းဖော်ပြထားသည်။

''ကိုယ့်မြေကွက်မဟုတ်ပဲ ဝင်နေထိုင်တဲ့ ကျူးကိစ္စတွေကို ပြီးခဲ့တဲ့ လေး၊ ငါးနှစ်လောက်က ပိုတွေ့
ခဲ့ရပါတယ်။ တချို့က အရပ်စာချုပ်တွေနဲ့ အရောင်းအဝယ်လုပ်ကြတယ်။ ဝယ်တဲ့သူကလည်း
အောက်ကြေးနဲ့ဆိုတော့ရရင် အမြတ်ပဲဆိုတဲ့စိတ်နဲ့ စွန့်စားပြီးဝယ်ကြတယ်။ ပြန်အသိမ်းခံရလို့
ငွေကြေးဆုံးရှုံးတဲ့သူတွေလည်းရှိသလို လက်ပြောင်းလက်လွှဲ ခပ်မြန်မြန်ပြန်ရောင်းပြီး အကျိုး
အမြတ်ရသူတွေလည်းရှိခဲ့တယ်။ မြေယာကိစ္စက အရှုပ်အရှင်းများတတ်လို့ နားလည်တတ်ကျွမ်း
သူတွေနဲ့တိုင်ပင်ပြီး ပိုင်ဆိုင်မှုကိုခိုင်မာအောင် စစ်ဆေးအလုပ်လုပ်ထားတာ အကောင်းဆုံးပါပဲ''
ဟု အိမ်ခြံမြေအကျိုးဆောင် ဦးဝင်းအောင်က ပြောသည်။

မန္တလေးမြို့တွင် ပြီးခဲ့သောငါးနှစ်အတွင်း ထင်ရှားသောကျူးရှင်းလင်းမှုအဖြစ် ပြည်ကြီးတံခွန်မြို့
နယ်နှင့် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အရေအတွက် ထောင်နှင့်ချီသော ကျူးကျော်အိမ်များကို
၂ဝ၁၂ ခုနှစ်ကုန်ပိုင်းတွင် ရှင်းလင်းခဲ့ရပြီး စည်ပင်သာယာမှ ဘူဒိုဇာများ၊ ဝန်ထမ်းအင်အားများ
အသုံးပြုကာ ဖယ်ရှားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး