ပြီးခဲ့သည့် ၂၀၁၆- - ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် မန္တလေး တိုင်းအတွင်း၌ အခွန်ကောက်ခံရာတွင်
ပြည်သူများမှ အခွန် ဆောင်လာသဖြင့် သတ်မှတ်လျာထားချက်ထက် ကျပ်သန်းပေါင်း ၁၉၀၀၀
ကျော်အထိ ပိုမိုရရှိလာခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ လက်ထောက်
ညွန်ကြားရေးမှူး ဦးကျော်အောင်မိုး က ယခုလပထမရက်သတ္တပတ်ကပြောသည်။
"ပြီးသွားတဲ့ဘဏ္ဍာရေးနှစ်အတွက် အခွန်ကောက်ခံတာက အခွန် ဌာနက သတ်မှတ်လျာထားချက်ကို
ကျော်လွန်ပြီး ရရှိလာတယ်။ ဒီလို ပိုမိုရရှိလာတယ်ဆိုတာကလည်း မန္တလေးတိုင်းအတွင်းမှာရှိတဲ့
အခွန်ထမ်းပြည်သူတွေက အခွန်တွေကိုဆောင်လာကြတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ အခွန်တွေ
ပိုမိုရရှိလေ ဖွံ့ဖြိုးရေးတွေကို ပိုမိုလုပ်ကိုင်လာနိုင်မှာပါ"ဟု ဦးကျော်အောင်မိုး ကပြောသည်။
မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှ ပြီးခဲ့သည့်၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက်
မန္တလေးတိုင်းအတွင်း အခွန်ကောက်ခံရရှိမှု လျာထားချက်မှာ ကျပ်သန်းပေါင်း ၁၄၁ç၀၀၀ ကျော်
အဖြစ် သတ်မှတ်ထားသော်လည်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီးချိန်တွင် တိုင်းအတွင်းမှ
အခွန်ကောက်ခံရရှိမှု ကျပ်သန်းပေါင်း ၁၆၀၀၀၀ကျော် အထိ ရရှိလာခဲ့သဖြင့်၊ သတ်မှတ်လျာထား
ချက်ထက် ကျပ်သန်းပေါင်း ၁၉၀၀၀ကျော် ပိုမိုရရှိလာခဲ့ခြင်းဖြစ်သည်။
"အခွန်ကောက်ခံရရှိမှုတိုးလာတာက ကောင်းမွန်တဲ့ လက္ခဏာပါ။ အစိုးရတစ်ရပ်အတွက်က
အခွန်ရရှိဖို့လိုအပ်ပါတယ်။ အခွန်ရရှိ တဲ့အခါမှာ လိုအပ်တဲ့နေရာတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို
ပိုမိုလုပ်ကိုင်လာနိုင်မှာဖြစ်ပါတယ်။ အခွန်ထမ်းပြည်သူတွေဆီ ကနေ ရရှိလာတဲ့ အခွန်တွေကနေ
တိုင်းပြည်အတွက် ပိုမိုလုပ်ကိုင်နိုင်လာမယ်လို့ ထင်ပါတယ်"ဟု မန္တလေးမြို့ခံ အိမ်ခြံမြေပွဲစားဖြစ်သူ
ဦးစိုးဝင်း က ပြောသည်။
မန္တလေးတိုင်း အခွန်ဦးစီးဌာနမှ အခွန်စည်းကြပ်နေသည့် ကဏ္ဍငါးခုရှိပြီး၊ အဆိုပါ ကဏ္ဍငါးခုမှာ
ကုန်သွယ်လုပ်ငန်းခွန်၊ ၀င်ငွေခွန်၊ အထူးကုန်စည်ခွန်၊ တံဆိပ်ခေါင်းခွန်နှင့် အောင်ဘာလေ
သိန်းဆုခွန် တို့ဖြစ်သည်။















