မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးရွာများ မီးလင်းရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏
စီစဉ်ဆောင်ရွက်မှုနှင့်အတူ ကိုယ်ထူကိုယ်ထကျေးရွာ မီးလင်းရေးအဖွဲ့များ လုပ်ဆောင်နေသော်လည်း
တိုင်းဒေသကြီး တစ်ခုလုံးအတွင်း မီးလင်းရန် ကျန်ရှိနေသေးသည့် ကျေးရွာ ၂၆,၀၃၂ ရွာ
ကျန်ရှိနေသေးကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေး
၀န်ကြီးဌာနမှ တာဝန်ရှိသူကပြောသည်။
"တိုင်းတစ်ခုလုံးမှာ မီးလင်းဖို့ကျန်နေတဲ့ ကျေးရွာ ၂၆,၀၃၂ ရွာကျန်နေသေးတယ်။ ခရိုင်အားဖြင့်
ပြောမယ်ဆိုရင် ပျမ်းမျှမီးလင်းဖို့ကျန်နေသေးတဲ့ရွာက ခရိုင်တစ်ခုကို ကျေးရွာ ၃၇၆ ရွာရှိနေတယ်။
အဲဒီထဲကမှ ပျမ်းမျှမီးလင်းဖို့ကျန်နေသေးတဲ့ ရွာထက် လွန်နေတာက နံပါတ် (၁) မိတ္ထီလာခရိုင်၊
မိတ္ထီလာခရိုင်အတွင်းမှာ ကျန်နေတာ ရ၆၄ ရွာထိ ရှိနေပြီး၊ နံပတ် (၂) ကတော့ မြင်းခြံခရိုင်ပါ၊
မြင်းခြံခရိုင်အတွင်းမှာ ကျေးရွာ ၄၄၃ ရွာထိကျန်နေသေးတယ်။ ခရိုင်အားလုံး တပြေးညီဖြစ်ဖို့
ထည့်သွင်းစဉ်းစားထားပါတယ်" ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့်
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ၀န်ကြီး ဦးဇာနည်အောင် ကပြောသည်။
အစိုးရအဖွဲ့မှ ကျေးရွာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် လွှတ်တော်အတွင်း
ကတိကဝတ်ပြုထားသည့် ကျေးရွာများကို ဦးစားပေးလုပ်ဆောင်ပေးပါကြောင်း၊ အစိုးရအဖွဲ့
၀န်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့ ခရီးစဉ်များအတွင်း ကတိကဝတ်ပြုလာခဲ့သည့်
ကျေးရွာများကိုလည်း ဦးစားပေးလုပ်ဆောင်ပေးနေသော်လည်း ကျန်ရှိခဲ့သည့် ကျေးရွာများကို
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆင်းရဲမှုလျှော့ချရေး၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေရှိသည့်အတွက်
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ၎င်းရန်ပုံငွေထဲမှ လျှပ်စစ်ကဏ္ဍအတွက် (၁ ဒဿမ ရ) ဘီလျံ
သုံးစွဲခွင့်ရခဲ့ပြီး ကျေးရွာ ၅၄ ရွာကို မီးလင်းရေးဆောင်ရွက်နိုင်ခဲ့ကြောင်း ၀န်ကြီးက ဆိုသည်။
ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အတွင်းတွင်လည်း လွှတ်တော်
ကိုယ်စားလှယ်များက မိမိတို့ ဒေသကျေးရွာများအတွင်း လျှပ်စစ်မီးလင်းရေး လုပ်ဆောင်
ပေးစေလိုကြောင်း ကြယ်ပွင့်ပြမေးခွန်းများ အများအပြား မေးမြန်းခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရ
ဘတ်ဂျက်ဖြင့် မီးလင်းရေး လုပ်ဆောင်ပေးရန် ကျန်ရှိသည့်ကျေးရွာများကို ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေး
နှစ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆင်းရဲမှုလျှော့ချရေးနှင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေထဲမှ
ကျခံသုံးစွဲသွားမည်ဖြစ်ကြောင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
"NEP Project (National Electrification Project) မှာ ပြည်ထောင်စုအစိုးရက ကမ္ဘာ့ဘဏ်ချေးငွေ
အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၀၀ ရမယ်။ ချေးငွေပထမအဆင့်အနေနဲ့ တင်ဒါလုပ်ငန်းတွေကို
စတင်ဆောင်ရွက်နေပြီ၊ စီမံကိန်းရဲ့ 11 KVA လိုင်းရဲ့ လိုတဲ့ပစ္စည်းတွေကို တင်ဒါစနစ်နဲ့
လုပ်ဆောင်နေပြီ။ ရတဲ့ဘတ်ဂျက်နဲ့ဆို ကျေးရွာ ၃၉၃ ရွာမီးလင်းမယ်။ ဒါပေမဲ့ တိုင်းအစိုးရရဲ့
ဘတ်ဂျက်၊ ကိုယ်ထူကိုယ်ထနဲ့ ၃၉၃ ရွာထဲကမှ ၁၇၅ ရွာ ကတော့ မီးလင်းသွားပြီဖြစ်တယ်။
မီးလင်းခဲ့တဲ့ ၁၇၅ ရွာအတွက် ၁၁ ုဠဗ မိုင် ၂၁၀ ၊ ထရန်စဖော်မာ အလုံးပေါင်း ၁၇၅ လုံးကို
တိုးတက်ရရှိလာမှာဖြစ်တော့ ဒါတွေကို အစီအစဉ်အသစ်ထဲမှာ ထည့်သွင်းလုပ်ဆောင်သွားပါမယ်" ဟု
၀န်ကြီး ဦးဇာနည်အောင်က ပြောသည်။
NEP Project (National Electrification Project)















