ရွှေမီးလင်းအပိုင်းအား ကုန်သွယ်လုပ်ငန်းခွန်း ငါးရာခိုင်နှုန်း ကောက်ခံမည့်အစီအစဉ် ဆိုင်းငံ့ပေးရန် သဘောထား လက်မှတ်များအား သင်္ကြန်အပြီး ပေးပို့မည်

ရွှေမီးလင်းအပိုင်းအား ကုန်သွယ်လုပ်ငန်းခွန်း ငါးရာခိုင်နှုန်း ကောက်ခံမည့်အစီအစဉ် ဆိုင်းငံ့ပေးရန် သဘောထား လက်မှတ်များအား သင်္ကြန်အပြီး ပေးပို့မည်

ရွှေလုပ်ငန်းရှင်များမှ သင်္ကြန်အပြီး တစ်ပတ်အတွင်း ရွှေဆိုင်၊ ရွှေပန်းထိမ်၊ ရွှေဆိုင်း စသည့်
လုပ်ငန်းရှင်များ ပါ၀င်မည့် အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကျင်းပပြီး ရွှေမီးလင်းအပိုင်းအား
ကုန်သွယ်လုပ်ငန်းခွန်း ငါးရာခိုင်နှုန်း အစီအစဉ်အား ၂၀၁၇ ခုနှစ်တွင် ဆိုင်းငံ့ပေးရန် သဘောထား
လက်မှတ်များအား ကောက်ခံပေးပို့မည်ဟု မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ
ဦးတင်ထွန်းက ဧပြီလ ၁၀ ရက်နေ့က ပြောကြားခဲ့သည်။

"သင်္ကြန်အတွင်း ခရီးထွက်ကြ၊ ပြုကြနဲ့မို့ သင်္ကြန်အပြီးလောက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။
ရွှေမီးလင်းအပိုင်းကို ငါးရာခိုင်နှုန်း ကောက်ခံတာ ဆိုင်းငံ့ပေးဖို့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ
ဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာန၊ စီးပွားကူးသန်းဝန်ကြီးဌာနနှင့်
သတ္တုတွင်းဝန်ကြီးဌာနများကို အချက် ငါးချက်ဖြင့် တင်ပြဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု
၎င်းက ပြောကြားခဲ့သည်။

မတ်လ ၁၅ ရက်နေ့နေပြည်တော်တွင် ရွှေလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံကာ ရွှေအထည်အား
၁ ရာခိုင်နှုန်း၊ ရွှေမီးလင်းအပိုင်းအား ငါးရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း ခေါ်ယူ
အသိပေးခဲ့ခြင်းအပေါ် ခေတ္တဆိုင်းငံ့ပေးရန် သဘောထားမှတ်ချက် ပေးပို့မည်ဖြစ်သည်။

ထိုသို့ကောက်ခံပါက ရွှေအရောင်းအဝယ်လုပ်သူများသည်လည်း အခွန်မဆောင်နိုင်သဖြင့် လုပ်ငန်းများ
ရပ်ဆိုင်းသွားနိုင်ကြောင်း၊ လုပ်ငန်းလုပ်ကိုင်လျှင်လည်း မှောင်ခို အရောင်းအဝယ်အဖြစ်
ကူးပြောင်းသွားနိုင်ကြောင်း၊ မှောင်ခိုအဖြစ် ကူးပြောင်းခဲ့လျှင်လည်း ထိုက်သင့်သော ကုန်သွယ်ခွန်
မရနိုင်ကြောင်း ထောက်ပြခဲ့သည်။

"ရွှေတူးတဲ့ သူတွေက အခွန်ဆောင်ပြီး ဖြစ်ပါတယ်။ ရွှေထွက်ထွက် မထွက်ထွက်တစ်လကို
နှစ်ကျပ်သားပေးရတယ်။ သူတို့ကို အခွန်ကောက်ပုံစံ တောင်းထားတယ်။ တကယ်တမ်း
အခွန်ဆောင်ပြီးသားဖြစ်လို့ ကသရ ၃၁ နဲ့ ၃၂ ရှိတယ်ဆိုရင် ကျနော်တို့ ဆောင်စရာကို မလိုဘူး။
ရွှေတူးတဲ့အခါမှာ အခွန်ကောက်ပြီးဖြစ်တဲ့အတွက် ပြည်တွင်းရွှေများ ဖြစ်တဲ့အတွက်
အခွန်ကောက်စရာမလိုဘူးလို့ ယူဆရပါမယ်။ ကျနော်တို့ လွှတ်တော်ပြန်စတဲ့အချိန် တင်ပြသွားမှာ
ဖြစ်ပါတယ်" ဟု ဆိုခဲ့သည်။

"အစက မီးလင်းရွှေက အထူးကုန်စည်ကနေ ကင်းလွတ်ခွင့်ရပြီးသား။ နောက်ကျတော့ လွှတ်တော်
မပြီးခင်မှာ ဘယ်လိုလုပ်ကြလဲ မသိဘူး။ ပုလဲအမတ် ဒေါ်ခင်စန်းလှိုင်က ရွှေသည် ပိုက်ဆံရှိလို့
၀ယ်တာဖြစ်တဲ့အတွက် အတုံးအခဲ မှန်သမျှကို ငါးရာခိုင်နှုန်း ကောက်ခံသင့်တယ်လို့
အဆိုပြုလိုက်တဲ့အတွက် အတည်ဖြစ်တယ်လို့ သိရပါတယ်။ ရွှေဆိုင်ကြီးတွေက
လက်ဝတ်ရတနာတွေကို ကုန်သွယ်ခွန် ၁ ရာခိုင်နှုန်း ကောက်ခံပြီး လက်ဝတ်ရတနာ
ထပ်လုပ်ဖို့အတွက် ရွှေမီးလင်းအပိုင်း ၀ယ်တဲ့အခါ ငါးရာခိုင်နှုန်း ပေးဆောင်ပြီး ၀ယ်ယူရမှာပါ။
ဒါဆိုရင် ၄ ရာခိုင်နှုန်းက အလိုလို ရှုံးပြီး ဖြစ်ပါတယ်။ ရွှေဆိုင်တွေက မီးလင်းအပိုင်း ပြန်ဝယ်တဲ့အခါ
ရွှေတစ်ကျပ်သား ကိုးသိန်း ၀န်းကျင် တွက်ကြည့်တဲ့အခါ ရွှေလက်ဝတ်ရတနာ တစ်ပိသာ ရောင်းရလို့
ရွှေမီးလင်း တစ်ပိသာ ပြန်ဝယ်ရရင် သိန်းလေးဆယ် အရှုံးပေါ်မှာ ဖြစ်ပါတယ်။ ပိသာချီ ရောင်းရရင်
တစ်လမှာ သိန်းပေါင်း ၁၂၀၀ ခန့် အရှုံးနဲ့ ရင်ဆိုင်ရမှာပါ။ အဲဒီလိုဆိုရင် ရွှေဆိုင်လုပ်ငနး်တွေ
ရပ်ဆိုင်းရမယ့်အနေအထား ဖြစ်ပါတယ်။ အဲဒါကြောင့် လာမယ့်ဧပြီလမှာ အရင်နှစ်က
ဆောင်ရွက်သလိုမျိုးပဲ စုပေါင်းသဘောထား ကောက်ခံပြီး ခေတ္တဆိုင်းငံ့ဖို့တောင်းဆိုသွားမှာ
ဖြစ်ပါတယ်" ဟု ၎င်းက ဆိုခဲ့သည်။

ရွှေထည်အပေါ်တွင် ကုန်သွယ်ခွန် ကောက်ခံမှုနှင့် ပတ်သက်၍ မျှတသော အခွန်နှုန်းထား
ဖြစ်စေရေးအတွက် လှုပ်ရှားမှုတစ်ခု အနေဖြင့် ယမန်နှစ် ဩဂုတ်လတွင် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ
အသင်းချုပ်နှင့် မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းပြီး လုပ်ငနး်ရှင်များ၏
သဘောထားမှတ်ချက် တောင်းခံပေးအပ်သည့် အခမ်းအနားကို မန္တလေးမြို့ Wilson ဟိုတယ်မှာ
ကျင်းပခဲ့ကာ ထိုနေ့တွင်ပင် တိုင်းဒေသကြီးက တာဝန်ရှိသူတွေဖြစ်ကြသည့် တိုင်းဒေသကြီး
၀န်ကြီးချုပ်၊ မြို့တော်ဝန်အပါအဝင်ဆိုင်ရာ ငါးနေရာကို ပေးပို့ ဆောင်ရွက်ခြင်းဖြစ်ပြီး
မန္တလေးတိုင်းဒေသကြီးသာမကပဲ ရန်ကုန်မြို့ှနှင့် အခြားတိုင်းဒေသကြီးပြည်နယ်ဘက်က
လုပ်ငန်းရှင်များပါ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

"ကျွန်တော်တို့လို ရွှေလုပ်ငန်းက ကုန်သွယ်ခွန် ကောက်ဖို့ကို မလွယ်တာပါ။ နေပြည်တော်မှာ
ခေါ်ယူ အသိပေးတုန်းက ကျနော်တို့အနေနဲ့ တင်ပြခဲ့တာကတော့ မီးလင်းရွှေနဲ့ ပတ်သက်ပြီးတော့
ဖြစ်ပါတယ်။ ကျနော်တို့က ရွှေဆိုင်အပြင် ရွှေသန့်စင်လုပ်ငန်းနဲ့ တွဲလုပ်ရတာတွေ ဆိုတော့။
အခု ကျနော်တို့လည်း ဆိုင်ခန်းတွေနဲ့ လုပ်ငန်းလုပ်တယ်၊ တရားဝင်လည်း အခွန်ဆောင်တယ်၊
အလှူအတန်းတို့ဆိုရင် လုပ်ပေးတဲ့ သူတွေနဲ့ ဆိုင်ခန်းမထားပဲ မှောင်ခို မီးလင်းရောင်းဝယ်တဲ့
သူတွေနဲ့ကျတော့ အရမ်းကွာသွားပြီဆိုတဲ့ အကြောင်း ပြောပြခဲ့ပါတယ်။ ဥပမာ မီးလင်းရွှေ
တစ်ဆယ်သားဆိုရင် သိန်း ရှစ်ဆယ်ဝန်းကျင်၊ အဲဒါ အခွန်က လေးသိန်း ။ သူတို့က ပထမအကြိမ်
အခွန်မဆောင်တာတွေ့ရင်ဘယ်နှစ်ဆ၊ ဒုတိယတစ်ကြိမ် ဘယ်နှစ်ဆ၊ တတိယအကြိမ်ဆိုရင်
ထောင်ဒဏ်ဆိုပြီး ရှင်းပြတော့ ဒါက ကျနော်တို့လို နှစ်ပေါင်းများစွာ တရားဝင် အခွန်ဆောင်လာတဲ့
သူတွေကို ထောင်ချောက်ဆင်ထားသလိုပဲ" ဟု အောင်သမာဓိ ရွှေဆိုင်မှ ဦးအောင်ဆန်းဝင်းက
အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ မြန်မာတိုင်း(မ်)အား ဆိုခဲ့သည်။

အခွန်ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမင်းထွဋ်က ကုန်သွယ်လုပ်ငန်းခွန်သည် ၁၉၉၀ လောက်တွင်
ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောငး်၊ ထိုစဉ်ကတည်း မြင့်မားသော နှုန်းထားဖြစ်သည့် ၂၀ ရာခိုင်နှုန်းဖြင့်
ကောက်ခံခဲ့ခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ၅ ဖြင့် ကောက်ခံလာခဲ့ကြောင်း သို့သော်လည်း
ထိုအချိန်တွင်လည်း ပိုက်စိတ်တိုက် ကောက်ခံခြင်း မဆောင်ရွက်နိုင်ခဲ့ကြောင်ဆိုခဲ့သည်။

"ပြီးခဲ့တဲ့၂၀၁၇ အခွန်ကောက်ဥပဒေက ဘာတင်ထားသလဲဆိုတော့ စင်ကာပူက လုပ်ငန်းရှင်တွေက
လာတွေ့ပါတယ်။ မြန်မာနိုင်ငံ ရွှေဈေးကွက်တစ်ခုလုပ်ချင်တယ်။ အဲဒီတော့ အလုပ်အကိုင်
အခွင့်အလမ်း ရနိုင်တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာ Pure gold ကို hard currency အနေနဲ့
သုံးပါတယ်။ ကျနော်တို့ စတင်တုန်းကတော့ သုညနှုန်းထားနဲ့ တင်တာပေါ့။
လွှတ်တော်ကိုယ်စားလှယ်တွေ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးကျတော့ အဲဒီလို ဖြစ်သွားပေါ့။
သို့သော်လည်း ကျနော်ကတော့ နောက်နှစ် အခွန်ကောက်ဥပဒေမှာ ထပ်ပြီးတော့
ကြိုးစားကြည့်ပါဦးမယ်။ အဲဒီမှာ စိန်နှင့် မြ လည်း အဲဒီအတိုင်းပါပဲ။ အထူးကုန်စည်က
ဖယ်ထားပါတယ်။ ကျနော်တို့ မျှော်လင့်တာက အိန္ဒိယတို့လို ထိုင်းနိုင်ငံတို့မှာဆိုရင် စိန်ကြမ်း
သွင်းလာပြီး စိန်တွေ သွေးတယ်၊ အလုပ်အကိုင်အခွင့်အလမ်းရတယ်။ ဒီလိုမျိုး စိန်တွေသွေး၊
အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင် အဲဒီလို လုပ်ခဲ့ပါတယ်။ နောက်နှစ်မှာ ကျနော်ထပ်မံ
ကြိုးစားကြည့်ပါမယ်။ အခုတော့အတည်ဖြစ်သွားတဲ့အတွက် ဆောင်ကြရမှာ ဖြစ်ပါတယ်" ဟု
မန္တလေးတိုင်း စက်မှု လက်မှု ကုန်သည်အသင်းမှ ညီနောင်အသင်းများနှင့် တွေ့ဆုံပွဲတွင်
ရွှေလုပ်ငန်းရှင်တို့ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။

ရွှေလုပ်ငန်းရှင်တို့က ယခုကဲသို့ Pure gold မီးလင်းရွှေအား ငါးရာခိုင်နှုန်း ကောက်ခံရန်
အတည်ပြုခြင်းသည် ယခုနှစ် ခြောက်လပိုင်းတွင် နေပြည်တော်တွင် ဖွင့်လှစ်မည့်
Central gold market အတွက် ဆောင်ရွက်ခြင်း ဖြစ်နိုင်ကြောင်း ထင်ကြေးပေးခဲ့ကြသည်။

"ရန်ကုန်မှာလည်း မီးလင်းအရောင်းအဝယ်သမားတွေ ထောင်ချီရှိတယ်။ မန္တလေးမှာလည်း ရှိပါတယ်။
ဈေးကွက်ဆိုတာ အပြိုင်အဆိုင်ဖြစ်နေမှာသာ အဆင်ပြေတာပါ။ Central gold market အတွက်
မီးလင်း ၅ ရာခိုင်နှုန်း ကောက်တယ်လို့ ကောလဟာလတွေလည်း ထွက်ပေါ်နေပါတယ်။ အဲဒါက
သေချာသလောက် ဖြစ်နိုင်ပါတယ်။ ဗဟိုဘဏ်က နိုင်ငံခြားငွေ ရောင်းပြီး အခြားပုဂ္ဂလိကဘဏ်တွေက
နိုင်ငံခြားငွေ ရောင်းခွင့်ရှိသလိုပဲ ဈေးကွက်မှာ အပြိုင်အဆိုင်ပဲ ပုံဖော်သင့်ပါတယ်။ အခုလိုမျိုး
၅ ရာခိုင်နှုန်း ကောက်ခံလိုက်တာမျိုးကတော့ မဖြစ်သင့်ပါဘူး" ဟု ဆိုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး