ပြိုင်ကားမောင်းခြင်းကို အားကစားတစ်ရပ်အဖြစ် ကျင်းပနိုင်အောင် ဆောင်ရွက်နေ

ပြိုင်ကားမောင်းခြင်းကို အားကစားတစ်ရပ်အဖြစ် ကျင်းပနိုင်အောင် ဆောင်ရွက်နေ

ပြိုင်ကားမောင်းပြိုင်ပွဲကို အားကစားတစ်ရပ်အဖြစ် ကျင်းပနိုင်စေရန် ကြိုးစားသွားမည်ဟု
ဧပြီလ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် MDC 2017 Myanmar ကားမောင်းပြိုင်ပွဲစီစဉ်သူ
MSAM Organize မှ ကိုမင်းသန့်ထက်ကပြောသည်။

"ပြိုင်ကားမောင်းပြိုင်ပွဲကို အားကစားတစ်ခုဖြစ်အောင် လုပ်ဆောင်နေပါတယ်။ လိုအပ်တဲ့
ပြင်ဆင်မှုတွေလည်း လုပ်နေပါတယ်။ တခြားနိုင်ငံတွေမှာလည်း အားကစားတစ်ခုအနေနဲ့
ယှဉ်ပြိုင်ပွဲတွေ ပြုလုပ်နေတာပါ" ဟု ၎င်းကပြောသည်။

ပြိုင်ကားမောင်း ပြိုင်ပွဲကျင်းပပြုလုပ်ရန်အတွက် အဓိကလိုအပ်ချက်သည် ပြိုင်ပွဲကွင်းဖြစ်ပြီး
ကွင်းအကျယ်အဝန်းအားဖြင့် ၅ ဧက နှင့်၁၀ ဧက ကြား လိုအပ်နေကြောင်း ကိုမင်းသန့်ထက်
ကပြောသည်။

"အဓိကလိုအပ်နေတာ ပြိုင်ပွဲကွင်းပေါ့။ အဲဒီအတွက်လည်း တိုင်းဒေသကြီးအစိုးရဆီကိုလည်း
တင်ပြ တောင်းဆိုထားပါတယ်။ ပြိုင်ကားမောင်းတဲ့သူတွေကတော့ အားကစားတစ်ရပ်အနေနဲ့
ထွက်ပေါ်လာစေချင်တာ ကြာနေပါပြီ" ဟု ၎င်းကပြောသည်။

ပြိုင်ကားမောင်းခြင်းကို အားကစားတစ်ရပ်အဖြစ် မြန်မာနိုင်ငံတွင်လည်း လုပ်ဆောင်နိုင်သည်ကို
သိရှိစေရန်နှင့် ပြိုင်ကားအားကစား ပိုမိုတိုးတက်စေရန်အတွက် ပြိုင်ပွဲများ ပြုလုပ်ကျင်းပလျှက်ရှိကြောင်း
ကိုမင်းသန့်ထက်ကပြောသည်။

"နောက်ပွဲပြိုင်ပွဲတွေမှာ အာဆီယံကို ဖိတ်ကြားပြီးတော့ ကျင်းပသွားမှာပါ ။ နိုင်ငံတကာနဲ့ ယှဉ်ရင်
ပြိုင်ကားအားကစားကို ရင်ပေါင်တန်းနိုင်အောင် လုပ်ဆောင်သွားမယ်။ ပြိုင်ပွဲတွေကိုလည်း တစ်နှစ်မှာ
သုံးကြိမ်လောက် ပြုလုပ်ပေးမှာပါ။ အခုဆိုရင် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေအတိုင်းဖြစ်အောင်
ဒိုင်တွေကိုလည်း နိုင်ငံခြားဒိုင်တွေထားပါတယ်" ဟု၎င်းကပြောသည်။

"ကျွန်တော်တို့ဆီမှာ အားကစားတစ်ခုအနေနဲ့ ကျင်းပပေးရင် ပိုပြီးကောင်းတာပေါ့။ ပြိုင်ပွဲဝင်ပြိုင်ရင်
ကုန်ကျစရိတ်တွေက အရမ်းများပါတယ်။ ၀ါသနာကြောင့်တာ ၀င်ပြိုင်နေတာပါ။ အနည်းဆုံး
ကုန်ကျစရိတ်အနေနဲ့ လေ့ကျင့်တဲ့အပေါ် မူတည်ပြီးတော့ တာယာဖိုးက ကျပ်၁၀ သိန်းကျော်
ကုန်ကျပါတယ်" ဟု MDC 2017 Myanmar ကားမောင်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သူခဲ့သူတစ်ဦးဖြစ်တဲ့
ကိုသားချစ်ကပြောသည်။

MDC 2017 Myanmar ကားမောင်းပြိုင်ပွဲကိုဧပြီလ ၈ ရက်နှင့် ၉ ရက်များတွင် မန္တလေးတိုင်းဒေသကြီး၊
ပြင်ဦးလွင်မြို့၊ ပြင်စာကျေးရွာအနီး ရတနာပုံဆိုက်ဘာစီးတီး၌ ကျင်းပ ပြုလုပ်သွားပြီး
၀င်ရောက်ယှဉ်ပြိုင်သူကားအစီးအရေပေါင်း ၄၂ စီးအထိရှိကြောင်း ၎င်းတို့ကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး