မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများကြီးကြပ်မှု ကော်မတီ(ယ.က.က) သည်
၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း စည်းကြပ်မှုအောက်ရှိ ယာဉ်အသင်း ၁၄၆ သင်းကို ဧပြီ ၅ ရက်က
အပိုဆုကြေး (Bonus) ငွေကျပ်သိန်း ၄ဝဝ ကျော် ပေးအပ်ခဲ့သည်။
''မတ် ၃၁ ရက်မှာ စာရင်းချုပ်တယ်။ချုပ်ပြီးတာနဲ့ တစ်ပြိုင်နက် ၁ဝ ရက်အတွင်းမှာပေးတယ်။
တစ်နှစ်တာအတွင်းရရှိတဲ့ အဝေးပြေး ယ.က.ကရဲ့ ဝင်ငွေ ၁ဝ ရာခိုင်နှုန်းကို ယ.က.က ဥပဒေနဲ့
အညီ ယာဉ်အသင်းတွေကို ဆုအဖြစ် ခွဲဝေပေးတာပါ''ဟု ယာဉ်လိုင်းများကြီးကြပ်မှုကော်မတီ
(အဝေးပြေး)ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ဆိုသည်။
တစ်နှစ်တာကာလအတွင်း မိုင်၁ဝဝ နှင့်အထက် ပြေးဆွဲသော ယာဉ်အသင်းများ
စည်းကြပ်ခပေးဆောင်ငွေကျပ်ရှစ်သိန်း၊ ၅၁ မိုင်နှင့် မိုင် ၁ဝဝအတွင်း ပြေးဆွဲသော
ယာဉ်အသင်းများစည်းကြပ်ခပေးဆောင်ငွေ ကျပ် ခုနစ်သိန်း၊ မိုင် ၅ဝ အောက်ယာဉ်
အသင်းများ စည်းကြပ်ခပေးဆောင်ငွေ ကျပ်လေးသိန်းနှင့်အထက် ပေးသွင်းကြသော
ယာဉ်အသင်းများကိုဆုကြေးငွေပေးအပ်ခြင်းဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
''အရင်က အသင်းငယ်တွေမရဘူး။ သူတို့လည်း အဆင်ပြေအောင် သူတို့(စည်းကြပ်ခ)
သွင်းတဲ့ မိုင်နှုန်းအတိုင်း ပေးလိုက်တယ်''ဟု ၄င်းက ပြောသည်။
ယခင်နှစ်က ဆုကြေးငွေကို ကျပ်သိန်း ၃ဝဝ ကျော် ပေးအပ်ခဲ့သော်လည်းယခုနှစ်တွင်
ကျပ်သိန်း ၄ဝဝ ကျော်အထိပေးနိုင်ခဲ့ခြင်းဖြစ်သည်။















