မန္တလေးမြို့ရဲ့ အိမ်ခြံမြေစျေးကွက်မှာ အရောင်းအဝယ်ဟာ ပြီးခဲ့တဲ့နှစ်ထက်စာရင် လတ်တလော
အရောင်းအဝယ် အနည်းငယ်ဖြစ်လာပေမဲ့ အခွန်နှုန်းထား သတ်မှတ်ချက်ဟာ စျေးကွက်အပြည့်အဝ
လည်ပတ်နိုင်မှုအပေါ်မှာတော့ ကြီးမားတဲ့ အတားအဆီးအဖြစ် ဆက်ရှိနေဦးမယ်လို့
အတွေ့အကြံုရင့်ကြက်တဲ့အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။
အိမ်ခြံမြေစျေးကွက်ဟာ ပြီးခဲ့တဲ့ ၂ဝ၁၁ခုနှစ် ကုန်ပိုင်းလောက်က စတင်ပြီး အရောင်းအဝယ်
သိသိသာသာ အေးစက်နေခဲ့ပါတယ်။ အဲဒီအချိန်က အဓိကအားဖြင့် အိမ်ခြံမြေတန်ဖိုးတွေဟာ
လက်ရှိ ပေါက်စျေးတန်းတွေကနေ သိသာစွာ ခုန်တက် မြင့်မားသွားခဲ့တာကြောင့် စျေးကွက်
အရောင်းအဝယ် တန့်သွားခဲ့ရခြင်း ဖြစ်ပေမဲ့ လတ်တလောကာလမှာတော့ အဆိုပါစျေးနှုန်းမြင့်တဲ့
အကြောင်းအရာအပြင် ရာဖြတ်တန်ဖိုး သတ်မှတ်ချက်နဲ့ အခွန်နှုန်းထား သတ်မှတ်ချက်တွေကြောင့်
စျေးကွက်လည်ပတ်မှုဟာ ပိုနှေးကွေးရတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်အများစုကသုံးသပ်ကြပါတယ်။
''လက်ရှိအနေအထားမှာ အရောင်းဘက်က (စျေးနှုန်းကို) လိုက်လိုက်လျောလျောရောင်းပေးနေတာ
တွေ့ရပါတယ်။ အဲဒါကြောင့် အမှန်တကယ်လိုအပ်လို့ ဝယ်တဲ့သူနဲ့တွေ့ရင် အလုပ်ဖြစ်လာပါတယ်''
လို့ ဖိုးလမင်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဦးဝဏ္ဏစိုးက ဧပြီ ရ ရက်မှာ ပြောပါတယ်။
အရောင်းအဝယ်ဖြစ်ရာမှာ ဖောင်းပွတဲစျေးနှုန်း (ရှိသင့်တဲ့ စျေးတန်းထက် မြင့်မားတဲ့စျေးနှုန်း) မျိုး
မဟုတ်ပဲ ရောင်းသူဘက်က အဆင်ပြေအောင် ညှိနှိုင်းရောင်းချလာလို့အလုပ်ဖြစ်လာတာမျိုး ဖြစ်ကြောင်း
ဦးဝဏ္ဏစိုးက ပြောပါတယ်။
''ဝယ်ယူကြသူတွေရဲ့ အသိစိတ်တွေထဲမှာအခွန်ဆောင်ရမယ်။ နာမည်ပေါက်လုပ်ရမယ်ဆိုတဲ့
အသိမျိုးတွေ အရင်ကထက် ပိုရှိလာကြပါတယ်။ အရင်ကဆို အထူးကိုယ်စားလှယ် လွှဲစာမျိုးလုပ်ဖို့ပဲ
စဉ်းစားကြတာများပါတယ်။ ဒါပေမဲ့ အိမ်ခြံမြေအတွက် အခွန်နှုန်းကများနေတယ်လို့
သုံးသပ်ချင်ပါတယ်။ ဒီနှုန်းထားတွေကို ပြန်သုံးသပ်သင့်တယ်လို့ ထင်ပါတယ်''လို့ ပြောပါတယ်။
၂ဝ၁၆ ခုနှစ် အခွန်အကောက်ဥပဒေသစ်အရ ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိရင် အိမ်မြေတန်ဖိုး
ကျပ်သိန်း ၃ဝဝ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝဝ မှ ကျပ်သိန်း ၁,ဝဝဝ အထိ ၂ဝ
ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,ဝဝဝ အထက်ကို၃ဝ ရာခိုင်နှုန်းပေးဆောင်ဖို့ သတ်မှတ်ထားပါတယ်။
ဒီသတ်မှတ်ချက်အရ အိမ်မြေတန်ဖိုးမြင့်မားလေ၊ ပေးဆောင်ရမယ့် အခွန်နှုန်းမြင့်လေ ဖြစ်မှာပါ။
ဒီဥပဒေသစ်မတိုင်မီက အိမ်ခြံမြေတန်ဖိုးကျပ်သိန်း ၁,ဝဝဝ အထိကို သုံးရာခိုင်နှုန်း၊
ကျပ်သိန်း ၁,ဝဝဝ မှ ကျပ်သိန်း ၅,ဝဝဝ အထိကို ငါးရာခိုင်နှုန်း၊ ကျပ်သိန်း ၅,ဝဝဝ ကနေ
ကျပ်သိန်း ၁ဝ,ဝဝဝ အထိကို ၁ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁ဝ,ဝဝဝ ကနေ ကျပ်သိန်း ၁၅,ဝဝဝ
အထိကို ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၅,ဝဝဝအထက်ကို ၃ဝ ရာခိုင်နှုန်းပေးဆောင်ဖို့သတ်မှတ်
ထားပါတယ်။ ဒီသတ်မှတ်ချက်ဟာ လက်ရှိသတ်မှတ်ချက်နဲ့ နှိုင်းယှဉ်ရင် အိမ်မြေဝယ်ယူမယ့်သူတွေ
အတွက် အတော် အသက်ရှူချောင်တယ်လို့ ဆိုနိုင်ပါတယ်။
မန်းမြေရာဇာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ဝင်းက
အိမ်မြေအခွန်ရော၊ ရာဖြတ်တန်ဖိုးသတ်မှတ်ချက်ပါ များပြားနေတာထက် တစ်ခုခုကို
လျှော့ပေးသင့်ကြောင်း ပြောပါတယ်။
''တန်ဖိုးတစ်ခုကို နှိမ့်လိုက်ရင် (အများစုအခွန်ဆောင်ချင်လာတဲ့အခါ) တစ်ယောက်တည်းဆီက
အခွန်ရတာနဲ့ ၁ဝ ယောက်ဆီကရတာ မတူနိုင်ဘူးလား။ လူတိုင်းက အခွန်တာဝန်သိလာရင်
နိုင်ငံတော်လည်း အကျိုးရှိပါတယ်။ လက်ရှိက အိမ်မြေ အရောင်းအဝယ်နည်းနည်း ပြန်လိုက်လာတယ်။
ဒါကလည်းလက်ချိုးရေလို့ ရနေပါသေးတယ်။ မြေစျေးကကျတယ်ထင်ရပေမဲ့ ပိုက်ဆံရှိတဲ့သူရဲ့
လက်ထဲက မြေကတော့ စျေးမကျဘူး'' လို့ ဦးကျော်ဝင်းက ဧပြီ ၆ ရက်မှာ တယ်လီဖုန်းနဲ့
ဆက်သွယ်မေးမြန်းရာမှာ ပြောပါတယ်။
အခွန်နှုန်းသတ်မှတ်ချက် မြင့်မားရင် မြေကွက်လှောင်(ဝယ်ထား)ပြီး စျေးကစားတာတွေ
နည်းပါးပြီး အိမ်မြေစျေးနှုန်း ကြီးမြင့်မှုက ကျဆင်းလာနိုင်မယ်လို့ တွက်ဆတာအပြင်
တစ်ဖက်မှာ အခွန်ဆောင်လိုက်ရတာကြောင့် အဲဒီအခွန်နှုန်းပ ါထပ်ပေါင်းပြီး မကာမိရင်
မရောင်းတော့တာမျိုးလည်း ရှိနိုင်တယ်လို့ အိမ်မြေအကျိုးဆောင်တချို့က သုံးသပ်ပါတယ်။
အခွန်အတွက် မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းနဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းလို့ ခွဲခြားကြည့်ရင်
အိမ်မြေဟာ မရွှေ့ပြောင်းနိုင်တဲ့ အထဲမှာပါဝင်ပြီး မသမာတဲ့ နည်းလမ်းနဲ့ ပြင်ပကိုထွက်လို့
မရတာကြောင့် လက်ရှိ အိမ်မြေအခွန်သတ်မှတ်ချက်ကို ပြန်သုံးသပ်သင့်တယ်လို့လည်း
တချို့က ယူဆပါတယ်။ ယခုအခါ အရောင်းအဝယ် အနည်းငယ် ပြန်လိုက်လာတဲ့ အခါမှာ
အခွန်နှုန်းထားကလည်း လူးသာလွန့်သာ ပြောင်းလဲလာခဲ့ရင် စျေးကွက်လည်ပတ်မှုကို
ပိုအထောက်အပံ့ ဖြစ်လာမယ်လို့ ယုံကြည်ကြပါတယ်။
''လုပ်ငန်းလုပ်ဖို့ဖြစ်ဖြစ်၊ နေထိုင်ဖို့ဖြစ်ဖြစ်နေစရာဆိုတာက အမြဲလိုအပ်ချက်
ဖြစ်နေတာပါပဲ။ လုပ်ငန်းလုပ်ဖို့ဆိုရင် မဝယ်ရင် ငှားရမှာဖြစ်လို့ ရှာနေကြရမှာပဲ။
သင်္ကြန်အပြီးမှာ အခုထက်ပိုပြီး စျေးကွက်က တည်တည်ငြိမ်ငြိမ်နဲ့ကောင်းလာဖို့
မျှော်လင့်ပါတယ်'' လို့ ဦးဝဏ္ဏစိုးက ပြောပါတယ်။















