မီးလင်းရွှေ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံမည့်အစီအစဉ် ဆိုင်းငံ့ပေးရန် သဘောထားလက်မှတ်များ သက်ဆိုင်ရာသို့ ပေးပို့မည်ဟု ရွှေလုပ်ငန်းရှင်ဥက္ကဋ္ဌ ပြော

မီးလင်းရွှေ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံမည့်အစီအစဉ် ဆိုင်းငံ့ပေးရန် သဘောထားလက်မှတ်များ သက်ဆိုင်ရာသို့ ပေးပို့မည်ဟု ရွှေလုပ်ငန်းရှင်ဥက္ကဋ္ဌ ပြော

 

ရွှေလုပ်ငန်းရှင်များမှ ရွှေဆိုင်၊ ရွှေပန်းထိမ်၊ ရွှေဆိုင်း စသည့်လုပ်ငန်းရှင်များပါဝင်မည့်
အလုပ်ရုံဆွေးနွေးပွဲကို သင်္ကြန်အပြီးတွင် မန္တလေးနှင့် ရန်ကုန်မြို့၌ ကျင်းပပြီး
မီးလင်းရွှေအား ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကောက်ခံမည့် အစီအစဉ်ကို ၂ဝ၁၇
ခုနှစ်တွင် ဆိုင်းငံ့ပေးရန် သဘောထားလက်မှတ်များ ကောက်ခံကာ သက်ဆိုင်ရာသို့ ပေးပို့မည်ဟု
မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းက ဧပြီ ၁ဝ ရက်က ပြောသည်။

''သင်္ကြန်အတွင်း ခရီးထွက်ကြ၊ ပြုကြနဲ့မို့သင်္ကြန်အပြီးလောက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။
ရွှေမီးလင်းအပိုင်းကို ငါးရာခိုင်နှုန်း ကောက်ခံတာ ဆိုင်းငံ့ပေးဖို့ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ
ဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားကူးသန်း ဝန်ကြီးဌာနနှင့်
သတ္တုတွင်း ဝန်ကြီးဌာနများကို အချက် ငါးချက်တင်ပြ ဆောင်ရွက်သွားမှာဖြစ်ပါတယ်'' ဟု ၄င်းက
ပြောသည်။

မတ် ၁၅ ရက် နေပြည်တော်တွင် ရွှေလုပ်ငန်းရှင်များကို ခေါ်ယူတွေ့ဆုံကာ ရွှေအထည်အား
တစ်ရာခိုင်နှုန်း၊ ရွှေမီးလင်းအပိုင်းအား ငါးရာခိုင်နှုန်း အခွန်ကောက်ခံမည်ဖြစ်ကြောင်း
ခေါ်ယူ အသိပေးခဲ့ခြင်းအပေါ် ခေတ္တဆိုင်းငံ့ပေးရန် သဘောထားမှတ်ချက်ပေးပို့မည်ဖြစ်သည်။
ထိုသို့ ကောက်ခံပါကရွှေအရောင်းအဝယ်လုပ်သူများ အခွန်မဆောင်နိုင်သဖြင့် လုပ်ငန်းများ
ရပ်ဆိုင်းသွားနိုင်ကြောင်း၊ လုပ်ငန်း လုပ်ကိုင်လျှင်လည်းမှောင်ခိုအရောင်းအဝယ်အဖြစ်
ကူးပြောင်းသွားနိုင်ကြောင်း၊ မှောင်ခိုအဖြစ် ကူးပြောင်းခဲ့လျှင်လည်း
ထိုက်သင့်သောကုန်သွယ်ခွန်မရနိုင်ကြောင်း လုပ်ငန်းရှင်များက ထောက်ပြခဲ့သည်။

''ရွှေတူးတဲ့သူတွေက အခွန်ဆောင်ပြီးဖြစ်ပါတယ်။ ရွှေထွက်ထွက်၊ မထွက်ထွက်တစ်လကို
နှစ်ကျပ်သားပေးရတယ်။ ရွှေတူးတဲ့အခါမှာ အခွန်ကောက်ပြီး ဖြစ်တဲ့အတွက် ပြည်တွင်းရွှေများ
ဖြစ်တဲ့အတွက် အခွန်ကောက်စရာမလိုဘူးလို့ ယူဆရပါမယ်။ ကျွန်တော်တို့ လွှတ်တော်ပြန်စတဲ့
အချိန် တင်ပြသွားမှာ ဖြစ်ပါတယ်''ဟု ဦးတင်ထွန်းက ဆိုသည်။

''ရွှေဆိုင်ကြီးတွေက လက်ဝတ်ရတနာတွေကို ကုန်သွယ်ခွန် တစ်ရာခိုင်နှုန်း ကောက်ခံပြီး
လက်ဝတ်ရတနာ ထပ်လုပ်ဖို့အတွက် ရွှေမီးလင်းအပိုင်း ဝယ်တဲ့အခါ ငါးရာခိုင်နှုန်းပေးဆောင်ပြီး
ဝယ်ယူရမှာပါ။ ဒါဆိုရင်လေးရာခိုင်နှုန်းက အလိုလို ရှုံးပြီးဖြစ်ပါတယ်။ရွှေဆိုင်တွေက
မီးလင်းအပိုင်း ပြန်ဝယ်တဲ့အခါ ရွှေတစ်ကျပ်သား ကိုးသိန်းဝန်းကျင်တွက်ကြည့်တဲ့အခါ
ရွှေလက်ဝတ်ရတနာ တစ်ပိဿာ ရောင်းရလို့ ရွှေမီးလင်း တစ်ပိဿာ ပြန်ဝယ်ရရင် သိန်း ၄ဝ အရှုံးပေါ်မှာ
ဖြစ်ပါတယ်။ ပိဿာချီ ရောင်းရရင် တစ်လမှာ သိန်းပေါင်း ၁,၂ဝဝ ခန့် အရှုံးနဲ့ ရင်ဆိုင်ရမှာပါ။
အဲဒီလိုဆိုရင် ရွှေဆိုင်လုပ်ငန်းတွေ ရပ်ဆိုင်းရမယ့်အနေအထား ဖြစ်ပါတယ်။ အဲဒါကြောင့့်
ဧပြီလမှာ အရင်နှစ်က ဆောင်ရွက်သလိုမျိုးပဲ စုပေါင်းသဘောထား ကောက်ခံပြီး
ခေတ္တဆိုင်းငံ့ဖို့ တောင်းဆိုသွားမှာဖြစ်ပါတယ်'' ဟု ၄င်းက ဆိုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး