ပုဂံနန်းမြင့်မျှော်စင်ပေါ်သို့ အခမဲ့တက်ရောက် ရှုခင်းကြည့်နိုင်

ပုဂံနန်းမြင့်မျှော်စင်ပေါ်သို့ အခမဲ့တက်ရောက် ရှုခင်းကြည့်နိုင်

 

ယခုနှစ် ဇွန် ၂၁ ရက်အထိ ပုဂံနန်းမြင့်မျှော်စင်ပေါ်သို့ တတိယထပ်ထိ အခမဲ့ တက်ရောက်နိုင်ပြီး
ရှုမျှော်ခင်းများ ကြည့်ရှုနိုင်ကြောင်း ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစိုးတင့်က ပြောသည်။

ပုဂံရှုမျှော်ခင်းများ ကြည့်ရှုရန် နေရာအသစ်များကို ဖော်ဆောင်နေစဉ် ကာလအတွင်း ထူးကုမ္ပဏီအုပ်စုပိုင်
နန်းမြင့်မျှော်စင်ပေါ်မှ ပြည်တွင်း၊ ပြည်ပခရီးသွားများကို ပုဂံရှုခင်းများ ကြည့်ရှုခွင့်ပေးရန် အကူအညီ
တောင်းခံရာတွင် ကုမ္ပဏီဘက်မှ အကူအညီပေးသောကြောင့် အခမဲ့ တက်ရောက်ခွင့် ပြုခြင်းဖြစ်ကြောင်း
၄င်းက ပြောသည်။

''အုပ်ချုပ်ရေးပိုင်းကနေ အကူအညီတောင်းတဲ့အခါမှာ သူတို့ဘက်ကနေ ကူညီပေးပါတယ်။ ဒါကြောင့်
ဇွန်လအထိ ပြည်တွင်း၊ ပြည်ပခရီးသွားတွေအနေနဲ့ တတိယထပ်ထိ တက်ရောက်ပြီး ရှုမျှာ်ခင်းများ
ကြည့်ရှုနိုင်ပါတယ်။ အခမဲ့ကတော့ အခု သတ်မှတ်ထားတာက သုံးလပါပဲ။ အချိန်ထပ်တိုးဖို့
အကူအညီတောင်းရင်လည်း ထပ်တိုးပေးဦးမှာပါ''ဟု ဦးစိုးတင့်က ပြောသည်။

အဆိုပါ နန်းမြင့်မျှော်စင်၏ တတိယထပ်မှ ပုဂံဒေသ၏ ရှုမျှော်ခင်း ကြည့်ရှုခြင်းများကို နေဝင်နေထွက်
ချိန်များတွင်သာ အခမဲ့ဖြင့်ခွင့်ပြုထားခြင်းဖြစ်ကြောင်းနှင့် အဆိုပါတတိယထပ်မှ နေပြီး လူဦးရေ ၅ဝဝ ထိ
တစ်ပြိုင်နက် ရှုမျှော်ခင်းများ ကြည့်ရှုနိုင်ကြောင်း ၄င်းက ပြောသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ရှုမျှော်ခင်းကြည့်ရှုနိုင်သည့်
ဘုရားများ ထိခိုက်မှု ရှိခဲ့သည့်အတွက် ဘုရားအချို့ပေါ်မှ ရှုမျှော်ခင်းကြည့်ရှုခွင့် ပိတ်ထားပြီး
ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ပုဂံဒေသ၏ နေဝင်နေထွက်ရှုမျှော်ခင်း ကြည့်ရှုနိုင်ရန်အတွက်
ရှုမျှော်ခင်းကြည့်နိုင်သည့် နေရာများကို ဖော်ဆောင်ရာတွင် ပထမဆုံး ပြီးစီးခဲ့သည့်
ကိုမောက်ကန် ရှုမျှော်ခင်းနေရာအသစ်မှရှုမျှော်ခင်း ကြည့်ရှုရန်နေရာအဖြစ် ဖေဖော်ဝါရီလ
အတွင်းက ခွင့်ပြုပေးခဲ့သည်။

လက်ရှိအချိန်တွင်လည်း ညောင်ဦးခရိုင်အုပ်ချုပ်ရေးပိုင်းမှ ပုဂံဒေသကိုလာရောက်သည့်
ပြည်တွင်း၊ ပြည်ပခရီးသွားများ ရှုမျှော်ခင်းများ ကြည့်ရှုနိုင်ရန်အတွက် စူဠာမဏိဘုရား၏
အရှေ့တောင်ဘက်တွင် ညောင်လက်တစ်ဖက်ကန် ရှုမျှော်ခင်းနေရာအသစ်ကို
ထပ်မံဖော်ဆောင်နေပြီး ပုဂံယဉ်ကျေးမှုဇုန်အတွင်း ရှုမျှော်ခင်းကြည့်ရှုရန်နေရာ စုစုပေါင်း
လေးခုအထိ ဖော်ဆောင်မည်ဖြစ်ကြောင်း ဦးစိုးတင့်က ပြောသည်။

ငလျင်မလှုပ်ခတ်မီက ပုဂံယဉ်ကျေးမှုဇုန်အတွင်းရှိ ရွှေဆံတော်၊ ပြာသာဒ်ကြီး၊ တောင်ဂူနီ၊
မြောက်ဂူနီ၊ ဗူးလည်သီး၊ သစ္စာဝတီနှင့်ပုဂံမျှော်ဘုရားများပေါ်မှ နေဝင်နေထွက်ချိန်
ရှုမျှော်ခင်းကြည့်ရှုခြင်းကို ခွင့်ပြုပေးထားခဲ့သော်လည်း၊ ငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ပိုင်းတွင်
ရှုမျှော်ခင်းကြည့်ရန် ခွင့်ပြုပေးထားသည့် ဘုရားခုနစ်ဆူထဲမှ တောင်ဂူနီ၊ ပြာသာဒ်ကြီးနှင့်
ရွှေဆံတော်ဘုရား သုံးဆူပေါ်မှသာ ရှုမျှော်ခင်း ကြည့်ရှုခွင့်ပေးထားခဲ့ပြီး ထပ်မံ
ဖော်ဆောင်မည့် ရှုမျှော်ခင်းကြည့်နေရာ လေးခု ပြီးစီးပါကဘုရားများပေါ်မှ ရှုမျှော်ခင်း
ကြည့်ရှုခွင့်ကိုပိတ်နိုင်ရန်ရှိကြောင်း ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး